【 နိုင်ငံတကာဆောင်းပါး 】 စစ်ဆောင်ပန္နားဒေသက တိုင်လူမျိုးတို့ရဲ့ ရေသဘင်ပွဲတော်

【 နိုင်ငံတကာဆောင်းပါး 】 စစ်ဆောင်ပန္နားဒေသက တိုင်လူမျိုးတို့ရဲ့ ရေသဘင်ပွဲတော်

မြန်မာနိုင်ငံရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ စစ်ဆောင်ပန္နား (Xishuangbanna) ဒေသဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲမှာရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်ပါတယ်။
 
ဒီဒေသမှာဆိုရင် တိုင် (Dai) လူမျိုး အများဆုံး နေထိုင်ကြတာဖြစ်ပါတယ်။
 
တိုင်တိုင်းရင်းသားလူမျိုးတွေကို မြန်မာတွေက လူးရှမ်းလို့ သိကြပြီး သူတို့မှာ ထူးခြားတဲ့အချက်က မြန်မာနဲ့ဆင်တူတဲ့ ရိုးရာပွဲတော်ရှိနေတာဖြစ်ပါတယ်။ဒီပွဲတော်ဟာဆိုရင် စစ်ဆောင်ပန္နားဒေသရဲ့ နှစ်သစ်ကူးပွဲတော်လို့လည်း လူသိများပါတယ်။
 
          ဘယ်လိုပွဲတော်မျိုးလဲ ?
 
နှစ်စဉ် ဂရီဂေါရီးယန်းပြက္ခဒိန်ရဲ့ ဧပြီလလယ်မှာ ကျရောက်လေ့ရှိတဲ့ ပွဲတော်ဖြစ်ပြီး တိုင်ပြက္ခဒိန်ရဲ့ ခြောက်လမြောက်လမှာ ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။တိုင်လူမျိုးတွေအတွက် အရေးအကြီးဆုံး ပွဲတော်အဖြစ်ရှိနေပြီး ရေသဘင် (သင်္ကြန်) ပွဲတော် “ဘုရားရေသပ္ပါယ်” တဲ့ ပွဲတော်အဖြစ်လည်း လူသိများပါတယ်။ဒါဟာ တိုင်ပြက္ခဒိန်ရဲ့ နှစ်သစ်ကူးပွဲတော်အတွင်း နှစ်စဉ် ရေသဘင်ပွဲတော်ကို ဆင်နွှဲကြလေ့ရှိတာဖြစ်ပြီး ပွဲတော်အနေနဲ့ မြန်မာနဲ့ ထိုင်းသင်္ကြန်တွေနဲ့ ဆင်တူပြီး စစ်ဆောင်ပန္နားဒေသရဲ့ သင်္ကြန်လို့လည်း လူသိများ နာမည်ကြီးလျက်ရှိပါတယ်။
 
တစ်ချိန်တည်းမှာပဲ ယူနန်ပြည်နယ်က လူနည်းစု တိုင်းရင်းသား ပွဲတော်တွေထဲမှာလည်း သြဇာအကြီးဆုံးနဲ့ လူဦးရေအများဆုံး ပါဝင်ဆင်နွှဲကြတဲ့ ပွဲတော်လည်းဖြစ်ပါတယ်။
 
          သမိုင်းနဲ့ ယဉ်ကျေးမှုနောက်ခံ
 
ရေသဘင်ပွဲတော် (သင်္ကြန်) ကို မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တိုင်းဒေသတွေမှာ ပုံစံခပ်ဆင်ဆင်နဲ့ ရက်သိပ်မကွာဘဲ တစ်ပြိုင်နက် ကျင်းပကြတာကို တွေ့ရမှာဖြစ်ပါတယ်။ဒီဓလေ့ကို လေ့လာမယ်ဆိုရင် သမိုင်းကြောင်းအရ တစ်ချိန်က အိန္ဒိယဗြဟ္မဏဘာသာရေးဆိုင်ရာ အခမ်းအနားတစ်ခုအဖြစ် ရှိခဲ့ပြီးနောက်ပိုင်း ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်ပေါင်းစပ်လာမှုနဲ့အတူ တိုင်ဒေသကို ကူးဆက်လာခဲ့ကာ အခုဆိုရင် နှစ်ပေါင်းခုနစ်ရာကျော် သမိုင်းကြောင်းရှိနေပြီလို့ ဖော်ပြကြပါတယ်။ဒါရဲ့နောက်ဆက်တွဲ အယူအဆတစ်ခုအနေနဲ့ ရေသဘင်ပွဲတော် ဆင်နွှဲတာက ကောင်းချီးမင်္ဂလာနဲ့ ကံဆိုးမှုတွေကိုဆေးကြောပေးတဲ့ ဓလေ့တစ်ခုအဖြစ်လည်းရှိနေပါတယ်။သတိထားကြည့်မယ်ဆိုရင် ဒါဟာ ဗုဒ္ဓဘာသာထွန်းကားရာအရပ်က တူညီတဲ့ ယူဆမှု တွေအဖြစ်လည်း တွေ့ရတာဖြစ်ပါတယ်။
 
ပွဲတော်ရဲ့ ရိုးရာဓလေ့ထုံးစံတွေနဲ့ လှုပ်ရှားမှုများ
မြန်မာသင်္ကြန်က ပုံမှန်လေးရက်ရှိပြီး တိုင်လူမျိုးတွေရဲ့ ရိုးရာ စစ်ဆောင်ပန္နားဒေသ သင်္ကြန်ကတော့ အနည်းဆုံးသုံးရက်ကနေ ခုနစ်ရက်အထိ ရှိလာပါတယ်။ပွဲတော်ကာလအတွင်း အိမ်တိုင်းရဲ့တံခါးတွေမှာဆိုရင် ရောင်စုံစက္ကူအပိုင်းအစတွေနဲ့ အလှဆင်ထားကြပါတယ်။
 
တိုင် တိုင်းရင်းသားတွေဟာ ပွဲတော်ကာလမှာ သူတို့ရဲ့ဝတ်စားဆင်ယင်မှုကို နောက်ဆုံးပေါ်နဲ့အကောင်းဆုံး၀တ်စား ပြင်ဆင်ထားကြပါတယ်။ပွဲတော်အတွက် သိုးသား၊ ကောက်ညှင်းမုန့်တွေ၊ ခေါက်ဆွဲ၊ ထမင်း၊ ဝိုင် စတဲ့ စားသောက်ဖွယ်တွေကို စုံလင်အောင် ပြင်ဆင်ပြုလုပ်ကြပါတယ်။
 
တေးဆို၊ ကခုန်တာ၊ မီးရှူးမီးပန်းလွှင့်ဖောက်တာ၊ နဂါးလှေပြိုင်ပွဲ ၊ Kongming (ဝေဟင်မှ) မီးပုံးများပြသတာ၊ ဘုရား ရေသပ္ပါယ်တာ၊ စီတန်းလှည့်လည်တာတွေအပါအဝင် ပျော်ပွဲရွှင်ပွဲ ဖျော်ဖြေရေးမျိုးစုံနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပကြတာဖြစ်ပါတယ်။အခုနောက်ပိုင်းနှစ်တွေမှာဆိုရင် ဒရုန်းတွေနဲ့ အလှပြသရုပ်ဖော်တာတွေကို စစ်ဆောင်ပန္နား ကောင်းကင်ယံမှာ မြင်တွေ့လာရပါတယ်။ဒါပေမဲ့ စစ်ဆောင်ပန္နား တိုင်ရေသဘင်ပွဲတော်အတွက် ရေပန်းအစားဆုံးကတော့ ရေပက်ကစားတာပဲဖြစ်ပါတယ်။
 
          ပွဲတော်လှုပ်ရှားမှုများ
 
ပွဲတော်အဖွင့် ပထမနှစ်ရက်တာ လှုပ်ရှားမှုတွေကိုတော့ လန်ချန်း (Lancang) မြစ်ကမ်းနားမှာ ပြုလုပ်ကြပါတယ်။ဖွင့်ပွဲအခမ်းအနား စတင်ပြီးရင် ကုန်ပစ္စည်းတွေ၊ အစားအသောက်တွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ စည်ကားတဲ့ ညစျေးပွဲတော်ရှိပါတယ်။နှစ်သစ်မှာ ဒေသခံတွေက ဈေးဝယ်ထွက်ကြတဲ့ဓလေ့နဲ့အတူ လာရောက်တဲ့ ဧည့်သည်တွေအတွက်လည်း ဒေသထွက်အစားအသောက်တွေ၊ အမှတ်တရပစ္စည်းတွေကို ဝယ်ယူမြည်းစမ်းဖို့ရာ နေရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
 
မြန်မာသင်္ကြန်ဆိုရင် မုန့်လုံးရေပေါ်၊ မုန့်လက် ဆောင်းနဲ့ မုန့်ကြာစိသာကူ ကျွေးမွေးကြသလို တိုင်သင်္ကြန်မှာတော့ ကောက်ညှင်းပေါင်း၊ မုန့်ညက်ပြားကို သင်္ကြန်စာအဖြစ် တွေ့ရမှာဖြစ်ပါတယ်။
 
နေ့လယ်ခင်းမှာတော့ လန်ချန်း (Lancang) မြစ်ပေါ်မှာ နဂါးလှေပြိုင်ပွဲကို စည်စည်ကားကားကျင်းပကြလေ့ရှိပြီး ညအချိန်အခါမှာတော့ မြစ် ကမ်းနားမှာ ရောင်စုံမီးတွေနဲ့ တောက်ပတဲ့ မီးပုံးမျှောပွဲနဲ့ မီးပုံးလွှတ်တင်တာတွေကို ပြုလုပ်ကြပါတယ်။ဒါဟာ ကံဆိုးခြင်းကနေ ကင်းဝေးစေပြီး ကံကောင်းခြင်းနဲ့အတူ လာမယ့်နှစ်အတွက် ဆုတောင်းကြတာလည်းဖြစ်ပါတယ်။
 
ပွဲတော်ကာလ တိုင်တိုင်းရင်းသားတွေဟာ ကောင်းမွန်သစ်လွင်တဲ့ အဝတ်အစားတွေကို ၀တ်ဆင်ကြပြီး သံဃာတော်တွေက ဗုဒ္ဓဘာသာ ကျမ်းဂန်တွေ ရွတ်ဆိုလို့ ဒေသရဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းမှာ စုဝေးကြပါတယ်။အဲဒီနောက် အထိမ်းအမှတ် ရေပက်ခြင်းကို အခမ်းအနားနဲ့ကျင်းပကြပြီး ဒီလိုကျင်းပရာမှာ ဗုဒ္ဓရုပ်ပွားတော်ကို ရှေးဦးစွာ ရေသပ္ပါယ်ကြတာဖြစ်ပါတယ်။ဒါဟာ တိုင်လူမျိုးတွေအတွက် လေးနက်တဲ့ဓလေ့ဖြစ်ပြီး ‘မြတ်စွာဘုရားအား ရေသပ္ပါယ်ခြင်း’ လို့ ခေါ်ကြပါတယ်။
 
ဘုရားရေသပ္ပါယ်အပြီးမှာတော့ တိုင်လူမျိုး ဓလေ့အရ လူအချင်းချင်းကြား အသက်အရွယ်၊ ကျား၊ မ မရွေး ကန့်သတ်ချက်မရှိဘဲ ရေကစားကြပါတယ်။ရေပက်ကစားခြင်းမှာတော့ ရေသေနတ်၊ ရေခွက်၊ ရေဖလား၊ ရေဘောလုံး စတဲ့ အမျိုးမျိုးအစုံစုံ နှစ်သက်ရာနဲ့ လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်တာဖြစ်ပါတယ်။
 
ဒီဓလေ့ဟာ တိုင်လူမျိုးတွေအတွက်လည်း ပျော်ပွဲရွှင်ပွဲအပြင် ဘာသာရေးဆိုင်ရာ အစိတ်အပိုင်းတစ်ခုအဖြစ်လည်း အလေးအနက်ရှိနေပြီး တိုင်ယဉ်ကျေးမှုအရ ရေဟာ မြင့်မြတ်တဲ့ ဒြပ်စင်ဖြစ်ကာ၊ စိတ်ပိုင်းဆိုင်ရာ သန့်စင်မှုနဲ့ အိမ်နီးချင်းတွေအကြား စေတနာကောင်း ဝေမျှခြင်းရဲ့ သင်္ကေတလည်းဖြစ်ပါတယ်။ဧည့်သည်တစ်ဦးကို ရေပက်ခြင်းဟာ တိုင်လူမျိုးတို့ရဲ့ စေတနာကောင်းနဲ့ ကံကောင်းခြင်းတွေကို လိုလားတဲ့ အမှတ်လက္ခဏာလည်းဖြစ်ပါတယ်။
 
တကယ်လို့ စစ်ဆောင်ပန္နားဒေသက တိုင်တိုင်းရင်းသားတွေနဲ့ ရင်းရင်းနှီးနှီးလွတ်လပ်ပျော်ရွှင်စွာ ရေကစားပွဲ ဆင်နွှဲလိုရင်တော့ နှစ်စဉ် ဧပြီလပွဲတော်ချိန်ခါအတွင်း သွားရောက်ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။
 
မိုးသား