【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာတစ်ဝန်းက တရုတ်တန်းများ (အပိုင်း - ၃)

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာတစ်ဝန်းက တရုတ်တန်းများ (အပိုင်း - ၃)

ကမ္ဘာတစ်ဝန်းက တရုတ်တန်းတွေအကြောင်း ဖော်ပြရာမှာ အခုအခါမှာတော့ အပိုင်း (၃) အထိရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
 
အခုအပိုင်းမှာတော့ အရှေ့အပိုင်းရဲ့ အဆက်ဖြစ်တဲ့ အာရှတိုက် တရုတ်တန်းတွေထဲက ကမ္ဘာ့ အကောင်းဆုံး တရုတ်တန်းတွေအဖြစ်ထဲ ထည့်သွင်းဖော်ပြခံရတဲ့ တရုတ်တန်းတွေအကြောင်းကို ဆက်လက်ဖော်ပြပေးလိုပါတယ်။
 
ကမ္ဘာမှာ တရုတ်တန်းအများစုက အာရှတိုက်‌မှာရှိနေတာကြောင့်လည်း မီဒီယာတွေကဖော်ပြတဲ့ အ ကောင်းဆုံး တရုတ်တန်းနေရာတွေထဲ အာရှကနိုင်ငံတွေက အများဆုံးပါဝင်နေလျက်ရှိပါတယ်။
 
ဒါကြောင့် နောက်ထပ်နာမည်ကြီးတဲ့ တရုတ်တန်းတစ်ခုကလည်း အာရှနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံက တရုတ်တန်းတစ်ခုဖြစ်ပါတယ်။
 
           ယိုကိုဟားမား တရုတ်တန်း (Yokohama Chinatown)
 
ဒီနေရာကတော့ ဂျပန်နိုင်ငံရဲ့အကြီးဆုံး တရုတ်တန်းဖြစ်ပြီး အစားအသောက်နှစ်သက်သူတွေအတွက်လည်း အကောင်းဆုံးနေရာထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။ဆိုင်ပေါင်းများစွာ စီတန်းရှိနေတဲ့ ဒီနေရာမှာ ခေါက်ဆွဲနဲ့ ဒင်ဆမ်း စတဲ့ တရုတ်အစားအသောက်နဲ့ မုန့်မျိုးစုံကို မြည်းစမ်းကြည့်နိုင်တဲ့ နေရာဖြစ်ပါတယ်။အခုလို နှစ်သစ်ကူး လမှာဆိုရင်တော့ ပွဲတော်အတွင်း ကြီးကျယ်ခမ်းနားတဲ့ တရုတ်ခြင်္သေ့အကကို ဒီနေရာမှာမြင်တွေ့ ရမှာလည်းဖြစ်ပါတယ်။ဒါ့အပြင် တိုင်းရင်းသား အဝတ်အစားတွေ၊ ဧကရာဇ်ဝတ်စုံတွေ၊ ခြင်္သေ့နဲ့ နဂါးအကတွေ ပါဝင်ပြသတဲ့ လှည့်လည်ချီတက် ဖျော်ဖြေပွဲတွေကိုလည်း ဒီနေရာမှာပြုလုပ်ကြလေ့ရှိပါတယ်။
 
           စင်ကာပူ တရုတ်တန်း (Singapore Chinatown)
 
စင်ကာပူတရုတ်တန်း (Singapore Chinatown) ကလည်း တရုတ်နှစ်သစ်ကူးကို ဖြတ်သန်းဖို့ ကမ္ဘာ့အကောင်းဆုံး နေရာတွေထဲက တစ်ခုလို့ ဖော်ပြကြပါတယ်။နှစ်သစ်ကူးလမှာဆိုရင် အနီရောင်အလှဆင် ပြင်ဆင်မှုတွေနဲ့ ကျက်သရေရှိနေပြီး ကြီးကျယ်ခန်းနားတဲ့ နှစ်သစ်ကြိုဆိုပွဲပါတီကိုလည်း ပြုလုပ်ကြလေ့ရှိပါတယ်။ဒါ့အပြင် တိုက်ရိုက်ဖျော်ဖြေပွဲတွေ၊ အံ့ဩပျော်ရွှင်ဖွယ် မီးရှူးမီးပန်းတွေနဲ့အတူ စည်ကားလှတဲ့ ပွဲစျေး တန်းကြီးလည်းရှိပါတယ်။
 
           မဲလ်ဘုန်းမြို့ တရုတ်တန်း ( Melbourne Chinatown)
 
ဩစတြေးလျနိုင်ငံ (Australia) နိုင်ငံရဲ့ ဒုတိယမြောက် လူဦးရေအများဆုံးဖြစ်တဲ့ မဲလ်ဘုန်းမြို့မှာရှိတဲ့ ဒီတရုတ်တန်းဟာဆိုရင်လည်း တရုတ်နှစ်သစ်ကူးပွဲတော်ကို ရာစုနှစ်နဲ့ချီပြီး ကျင်းပလာတဲ့ နေရာအဖြစ် လူသိများ ထင်ရှားပါတယ်။ဒီနေရာမှာဆိုရင် သမိုင်းဝင် တရုတ်ပြတိုက်လည်း တည်ရှိပြီး အခြားတစ်ဖက်မှာတော့ နာမည်ကြီးတဲ့ တရုတ်စားသောက်ဆိုင်တွေနဲ့လည်း ပြည့်နှက်တဲ့ နေရာဖြစ်ပါတယ်။ဒီနေရာကို ဩစတြေးလျနိုင်ငံရဲ့ ရင်ခုန်စရာ နေရာတစ်ခုအဖြစ် ညွှန်းဆိုကြပြီး အံ့ဩဖွယ်ရာတစ်ခုက ပြသဖို့ လူ ၂၀၀ သုံးရပြီး ကမ္ဘာ့အကြီးဆုံးထဲပါဝင်တဲ့ Dai Loong နဂါးကြီးရဲ့ နဂါးချီတက်ပွဲကလည်း ထင်ရှားပါတယ်။ဒါ့အပြင် မီးပုံးအလှဆင်မှုတွေ၊ ရွှေဆိုင်တွေ၊ မီးရှူးမီးပန်းတွေနဲ့အတူ မဲလ်ဘုန်း တရုတ်တန်း ညတွေကလည်း စိတ်လှုပ်ရှားဖွယ်ဖြစ်တယ်လို့ဖော်ပြကြပါတယ်။
 
           ပါရီ တရုတ်တန်း (Paris Chinatown)
 
အကောင်းဆုံး တရုတ်တန်းလို့ ဖော်ပြမှုတွေထဲ ထူးခြားတာက ဝေးလံတဲ့ အနောက်ဥရောပက ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာရှိတဲ့ တရုတ်တန်းလည်း ပါဝင်နေတာဖြစ်ပါတယ်။နာမည်ကြီးဆွဲဆောင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ပါရီမှာ တိုးတက်နေတဲ့တရုတ်တန်းနှစ်ခုရှိပြီး လူတိုင်းတော့ မသိကြဘူးလို့ ဆိုပါတယ်။နှစ်ခုစလုံးကို Quartier Chinois လို့ ခေါ်ကြပြီး ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဘုရားကျောင်းတွေရှိပြီး စည်ကားတဲ့ ရပ်ကွက် တွေဖြစ်ပါတယ်။ဒါ့အပြင် ပြင်သစ်နိုင်ငံမှာ နှစ်စဉ် တရုတ်နှစ်သစ်ကူးအတွက် ခမ်းနားထည်ဝါစွာ စီတန်းလှည့်လည်ပွဲတွေကိုလည်း ရင်သပ်ရှုမောဖွယ် တင်ဆက်မှုတွေနဲ့ ပြုလုပ်ကြလေ့ရှိပါတယ်။ဒါ့အပြင် မပါမဖြစ်ရှိကြတဲ့ ရိုးရာ နဂါးအက၊ ဂီတနဲ့ ကာယဗလ ဖျော်ဖြေပွဲတွေလည်းပါဝင်သလို အခြားပျော်ရွှင်စိတ်လှုပ်ရှားဖွယ် ဂီတနဲ့ ရုပ်ရှင် ပြပွဲတွေလည်း ထည့်သွင်းကြပါတယ်။
 
           လီဗာပူးလ် တရုတ်တန်း (Liverpool Chinatown)
 
တရုတ်နိုင်ငံပြင်ပမှာ ဘယ်လိုတရုတ်တန်းနှင့်မဆို ယှဉ်ပြိုင်နိုင်တဲ့ နောက်ထပ် တရုတ်တန်းတစ်ခုက ယူကေနိုင်ငံ လီဗာပူးလ်မှာ ရှိနေပါတယ်။မြို့လယ်ခေါင်ရဲ့ တောင်ဘက်မှာရှိနေပြီး ဥရောပရဲ့ ရှေးအကျဆုံး တရုတ်အသိုင်းအဝိုင်းတွေရဲ့ နေရာအဖြစ် ဖော်ပြကြပါတယ်။နှစ်သစ်ကူးမှာဆိုရင် ထောင်ပေါင်းများစွာရှိတဲ့ တရုတ်ရိုးရာ မီးပုံးတွေက မြို့တွင်း လမ်းတွေထဲမှာ ပြည့်နှက်နေပြီး တရုတ်တန်းအလှက အထူးသဖြင့် ရောင်စုံမီးတွေနဲ့ တောက်ပလျက်ရှိပါတယ်။ဒါနဲ့အတူ ပျော်ရွှင်စရာ ဖျော်ဖြေပွဲတွေ၊ မီးရှူးမီးပန်းတွေ၊ ဆွဲဆောင်မှုရှိတဲ့ ဈေးတွေ၊ နဂါးနဲ့ ခြင်္သေ့ ချီတက်ပွဲတွေကြောင့် လူစည်ကားတဲ့ ရပ်ကွက်က ပွဲတော်ရက်တွေမှာ တိုးမပေါက်ဖြစ်နေတတ်တယ်လို့ ဖော်ပြကြပါတယ်။
 
           ဆန်ဖရန်စစ္စကို တရုတ်တန်း (San Francisco Chinatown)
 
ဒီတရုတ်တန်းကတော့ အမေရိကန်နိုင်ငံရဲ့ ရှေးအကျဆုံး တရုတ်တန်းဖြစ်ပြီး ဆိုင်ခန်းတွေ၊ ပန်းချီပြခန်းတွေ၊ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင် ၃၀၀ ကျော်ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။အကောင်းမွန်ဆုံး ဒင်ဆမ်းတွေအပြင် ထူးခြားချက်အနေနဲ့ မြို့မှာ ဓာတ်ပုံအရိုက်ခံရဆုံး နေရာတစ်ခုလည်းရှိနေပါတယ်။ဒါကတော့ Bush Street ရှိ အထင်ကရ Dragon's Gate ဖြစ်ပြီး ဆန်ဖရန်စစ္စကို တရုတ်တန်းဟာ ကျော်ကြားတဲ့နေရာ ဖြစ်နေပါတယ်။
 
အထင်ကြီးဖွယ် ရှည်လျားတဲ့ နဂါးကြီးနဲ့အတူ The Grand Parade မှာလည်း တရုတ်နှစ်သစ်ကူးပွဲမှာ လှည့်လည်ဖျော်ဖြေပွဲတွေရှိပါတယ်။အကသမားတွေ၊ ဖျော်ဖြေတင်ဆက်သူတွေနဲ့ အတူ လူအုပ်ကြီးကြောင့် ဆန်ဖရန်စစ္စကို တရုတ်တန်းဟာလည်း စည်ကားတဲ့ နေရာတစ်ခုအဖြစ်ရှိနေတယ်ဆိုတာ တင်ပြရင်း ကမ္ဘာတစ်ဝန်းက အကောင်းဆုံး တရုတ်တန်းတွေအကြောင်းကို စုစည်းဖော်ပြပေးလိုက်ရပါတယ် ….။
 
မိုးသား