【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာတစ်ဝန်းက တရုတ်တန်းများ (အပိုင်း - ၁)

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာတစ်ဝန်းက တရုတ်တန်းများ (အပိုင်း - ၁)

တရုတ်နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲတွေ၊ တရုတ်ရိုးရာ အစားအသောက်တွေ၊ ဖျှော်ဖြေမှုတွေကို အများဆုံးပြုလုပ်လေ့ရှိတဲ့ နေရာတစ်ခုကို သတိပြုမိကြမယ်ထင်ပါတယ်။ဒါကို ကမ္ဘာ့နိုင်ငံအသီးသီးကတော့ (Chinatown တရုတ်တန်း) လို့ သိကြ ခေါ်ကြပါတယ်။အခုတစ်ခေါက်မှာတော့ ကမ္ဘာတစ်ဝန်းမှာ တရုတ်တန်း ဘယ်လောက်ရှိလဲဆိုတာ၊ ဘယ်နိုင်ငံတွေမှာရှိနေလဲဆိုတာနဲ့ အကောင်းဆုံး တရုတ်တန်းတွေအဖြစ် သတ်မှတ်ထားတဲ့ တရုတ်တန်းနေရာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

          တရုတ်တန်း ဘယ်လောက်ရှိလဲ .....?

တရုတ်တန်းတွေအကြောင်းဆိုရရင် ကမ္ဘာပေါ်က တရုတ်တန်းတွေကို စာရင်းပြု ဖော်ပြလေ့ရှိတဲ့ Chinatownology က နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ တရုတ်တန်း ၃၅ ခုထိရှိနေတယ်လို့ ဖော်ပြထားပါတယ်။ဒီတရုတ်တန်းတွေဟာဆိုရင် အာရှ၊ ဥရောပနဲ့ အမေရိကတို့မှာ ပျံ့နှံ့တည်ရှိနေတာလည်းဖြစ်ပါတယ်။အခုအချက်အလက်မှာ ရနိုင်သလောက် စုစည်းထားတဲ့ အချက်အလက်ဖြစ်လို့ အခုထက်ပိုပြီး တိုးလာတာလည်း ရှိနိုင်ပါတယ်။တစ်ချိန်တည်းမှာပဲ ကမ္ဘာပေါ်က တရုတ်တန်းစာရင်းကို ပြုစုတဲ့အခါ Chinatown အများစုမှာ အတွေ့များတဲ့ အရာတစ်ခုကိုလည်း ထည့်သွင်းဖော်ပြကြပါတယ်။

အဲတာကတော့ Chinatown Archways လို့ခေါ်ကြပြီး မြန်မာအသုံးအနေနဲ့ဆိုရင် မုဒ်ဦးလိုအရာမျိုးကို ဆိုလိုပါတယ်။

          Chinatown Archways တရုတ်တန်းမုဒ်ဦး

Chinatown Archways ဆိုတာက တရုတ်ရိုးရာပုံစံ အမိုးအကာပါရှိတဲ့ ဝင်ပေါက်လမ်းဖြစ်ပါတယ်။တရုတ်တန်းနေရာရဲ့ ရုပ်ပိုင်းဆိုင်ရာနေရာကို အမှတ်အသားပြုဖို့နဲ့ ဧည့်သည်တွေကို ကြိုဆိုဖို့ ရည်ရွယ်ထားရှိကြတာဖြစ်ပါတယ်။ဒီ Chinatown Archways တွေက အခြားတစ်ဖက်မှာလည်း ဒေသခံတရုတ်လူဦးရေနဲ့ ၎င်းတို့နေထိုင်ခဲ့တဲ့ လူ့အဖွဲ့အစည်းအကြောင်းရဲ့ ပြယုဂ်အဖြစ်လည်း ထင်ဟပ်ပါတယ်။ဒီလိုဝင်ပေါက်မုဒ်ဦးတွေထဲ ၂၀၀၉ ခုနှစ်မှာ အကျော်ကြားဆုံးကတော့ အမေရိကန်ပြည်ထောင်စုက ဝါရှင်တန် တရုတ်တန်းရှိ ဝင်ပေါက်မုဒ်ဦးဖြစ်တယ်လို့ ဖော်ပြကြပါတယ်။စုစောင်းဆဲ အချက်အလက်တွေအရ နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ Chinatown Archways ၁၈ ခုရှိတယ်လို့ ဆိုပါတယ်။

          နိုင်ငံအလိုက်တည်ရှိမှု ......

ကမ္ဘာပေါ်က နိုင်ငံတွေနဲ့ ဒေသတွေမှာ တရုတ်တန်းအများအပြား ရှိကြပါတယ်။ထိုင်းနိုင်ငံ ဘန်ကောက်မှာ (၁) နေရာ၊ ဂျပန်နိုင်ငံမှာ Kobe (၁) နေရာနဲ့ ယိုကိုဟားမားမှာ (၁) နေရာ၊ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမှာ (၁) နေရာ နဲ့ Malacca မှာ (၁) နေရာ၊ ယူကေမှာတော့ လန်ဒန် (၁) နေရာ၊ မန်ချက်စတာ (၁) နေရာနဲ့ လီဗာပူးလ်မှာ (၁) နေရာ ၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမှာ (၁) နေရာ၊ ကနေဒါ Montreal မှာ (၁) နေရာ၊ ယူအက်စ်မှာ ဆန်ဖရန်စစ္စကို (၁) နေရာနဲ့ ဝါရှင်တန် (၁) နေရာ၊ စင်ကာပူမှာ (၁) နေရာ၊ ဘယ်လ်ဂျီယံ Antwerp မှာ (၁) နေရာ၊ နယ်သာလန် Hague မှာ (၁) နေရာ၊ အာဂျင်တီးနား Buenos Aires မှာ (၁) နေရာ၊ အင်ဒိုနီးရှား ဂျာကာတာ မှာ (၁) နေရာ၊ သြစတြေးလျ Perth မှာ (၁) နေရာဆိုပြီး အသီးသီးရှိနေကြပါတယ်။

          အာရှတိုက်မှာအများဆုံး .....

ကိန်းဂဏန်းအချက်အလက်တွေကိုကြည့်ရင် ကမ္ဘာတစ်ဝန်း တရုတ်တန်း တည်ရှိမှုမှာ အများဆုံးက အာရှတိုက်ဖြစ်ပြီး  အာရှတိုက်မှာ ၁၆ နေရာအထိ ရှိနေပါတယ်လို့ လတ်တလောတွေ့ရှိ ဖော်ပြထားပါတယ်။ဥရောပတိုက်မှာတော့ ၁၂ ခုရှိနေပြီး အမေရိကမှာတော့ ၇ ခု နဲ့ စုစုပေါင်း ၃၅ ခုအထိရှိနေပါတယ်။လုပ်ဆောင်ဆဲ စာရင်းတွေကြောင့် အခုအချိန်မှာဆိုရင် တရုတ်တန်းအရေအတွက် တိုးလာနိုင်တာကိုလည်း ထည့်တွက်ရမှာဖြစ်ပါ တယ်။

          အာရှတိုက် ဘယ်နိုင်ငံတွေမှာ တရုတ်တန်းတွေရှိကြလဲ .....?

အာရှတိုက်မှတော့ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ တရုတ်တန်း ၁၆ နေရာရှိတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ဒီအထဲ မြန်မာ၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေမှာ တရုတ်တန်းတွေရှိနေကြတယ်လို့ ဆိုပါတယ်။ဒါ့အပြင် Chinatownology ရဲ့ ပြုစုဆဲ အချက်အလက်ဖြစ်တာကြောင့်လည်း တရုတ်တန်းရှိတဲ့ အခြားနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယလို ကျန်ရှိခဲ့တဲ့ နိုင်ငံတွေလည်း ရှိနေနိုင်ပါတယ်။

အာရှ တရုတ်တန်းတွေထဲ 2014 Chinatown archway poll မှာတော့ ဘန်ကောက် တရုတ်တန်းရဲ့ Chinatown archway ကို အာရှအလှဆုံးအဖြစ် Chinatownology မှာ မဲပေးရွေးချယ်ခဲ့ပါတယ်။

ဆက်လက်ဖော်ပြပေးသွားပါမည် .....။

မိုးသား