【 နိုင်ငံတကာဆောင်းပါး 】အပြည်အ၀ အသက်ဝင်လာတော့မည့် RCEP

【 နိုင်ငံတကာဆောင်းပါး 】အပြည်အ၀ အသက်ဝင်လာတော့မည့် RCEP

ဇွန် ၂ ရက်တွင် ဖိလစ်ပိုင်နိုင်ငံမှ တရားဝင် ဝင်ရောက်မှုဖြင့် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP)အဖွဲ့မှာ အပြည့်အ၀သက်ဝင်လာခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များတွင် အာဆီယံသည် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်တို့နှင့်အတူ RCEP ညှိနှိုင်းမှုကို ဦးဆောင်ခဲ့ပြီး ၂၀၁၉ နိုဝင်ဘာလတွင် အိန္ဒိယသည် နောက်ဆုံးအချိန်မှ နုတ်ထွက်ခဲ့သဖြင့် သဘောတူညီချက်မှာ နှောင့်နှေးခဲ့သည်။ထို့နောက် ကိုဗစ်ကြောင့်ပါ RCEP လုပ်ငန်းဆောင်တာများနှောင့်နှေးခဲ့ရသည်။

ထိုကိုဗစ်ကာလ ဖြစ်သည့် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁ ရက်စတင်ကာ အဖွဲ့၏အသက်ဝင်မှုမတိုင်မီ သဘောတူ ဝင်ရောက်ခဲ့ကြရာ ၂၀၂၁ ခုနှစ် ၉ နှင့် ၁၅ တွင် စင်ကာပူနှင့် တရုတ်၊ ဇွန် ၂၅ တွင် ဂျပန်၊ အောက်တိုဘာလတွင် ဘရူးနိုင်း၊ကမ္ဘောဒီးယား၊လာအို၊ထိုင်း၊ဗီယက်နမ်၊ နိုဝင်ဘာတွင် ဩစတြေးလျနှင့် နယူးဇီလန်၊ဒီဇင်ဘာတွင် တောင်ကိုရီးယား၊  ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် မလေးရှား၊ နိုဝင်ဘာတွင် အင်ဒိုနီးရှား၊ယခုနှစ် ဧပြီတွင် ဖိလစ်ပိုင်တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ယခုဇွန် ၂ ရက်တွင် တရားဝင် ဝင်ရောက်မှုစတင်ခဲ့ရာ မူလသဘောတူခဲ့သည့် နိုင်ငံ ၁၅ နိုင်ငံမှ မြန်မာနိုင်ငံမှလွဲပြီး နိုင်ငံအားလုံးဝင်ရောက်ခဲ့ပြီဖြစ်သဖြင့် မူလရည် မှန်းချက်ကို ပြည့်မြောက်ခဲ့ပြီဖြစ်သည်။  

RCEP သဘောတူညီချက်သည် အစုအဖွဲ့အတွင်း ကုန်သွယ်မှုပြုသည့် ကုန်ပစ္စည်း ၆၅ ရာခိုင်နှုန်းအပေါ် အခွန်အခများနှင့် ခွဲတမ်းများကို ချက်ချင်းဖယ်ရှားခြင်းဖြင့် အာရှကုန်သွယ်မှုဆက်ဆံရေး၏ ရှုပ်ထွေးမှုကို ဖြေရှင်းပေးမည်ဖြစ်ပြီး နောက်ဆုံးတွင် ကုန်သွယ်ခွန် ၉၀ ရာခိုင်နှုန်းထိ လျှော့ချရန် ရည်မှန်းထားသည်။ထိုသည်မှာ ဒေသတွင်း အဖွဲ့ဝင်နိုင်ငံအချင်းချင်းကုန်သွယ်ရေးသာမက ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုးတက်စေမည်ဖြစ်သည်။ လူဦးရေ ၂.၃ ဘီလီယံရှိသည့် စျေးကွက်တစ်ခုဖြစ်သော RCEP အဖွဲ့ဝင်နိုင်ငံများတွင် အကောက်ခွန်မပေးရသလောက် နည်းပါးသည့် ကုန်သွယ်ခွင့်က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားသည့် မက်လုံးဖြစ်သည်။

တရုတ်နှင့်ဒေသတွင်းစျေးကွက်များကို “ပေါင်းစပ်စျေးကွက်”အဖြစ် ရှုမြင်ကြသည့် RCEP ၏ ဒေသတွင်း စီးပွားရေးမှာ ပို၍ကျယ်ပြန့်လာခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ကုန်သွယ်ရေးကိုကြည့်လျှင် အဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှုမှာ ပို၍အားကောင်းအဆင်ပြေချောမွေ့လာမှုကိုတွေ့ရမည် ဖြစ်သည်။ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ စတင်အသက်ဝင်ခဲ့သည့် နှစ်ဝက်ကျော်အတွင်း အာဆီယံ နိုင်ငံ၏ သွင်းကုန်ပို့ကုန် ကုန်သွယ်မှုမှာ ယွမ် ၂.၉၅ ထရီလီယံဖြစ်ပြီး ယခင်ကာလတူထက် ၁၀.၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အာဆီယံနိုင်ငံများ၏ တင်ပို့မှုတွင် ထိုင်းနိုင်ငံမှ ဒူးရင်းသီး ၊ မင်းကွတ်သီး ၊ ဗီယက်နမ်မှ ကော်ဖီ၊ အင်ဒိုနီးရှားမှ ဝေဖာစသည်တို့ပင်ပါဝင်ကာ သစ်သီးဝလံ၊ အစားအစာ နှင့် လယ်ယာထွက်ကုန်စသည်တို့ကို တရုတ်နိုင်ငံဈေးကွက်သို့ မြန်ဆန်စွာ တင်ပို့ရောင်းချနိုင်ခဲ့သည်။

ထိုသည်မှာ ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သည့် RCEP ၏ အောင်မြင်သော အပြည့်အဝ အသက်ဝင်လာမှုကို ဆွဲဆောင်နေခြင်းဖြစ်သည်။ တခြားတစ်ဘက်မှကြည့်လျှင် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို သဟဇာတဖြစ်အောင် စီမံခန့်ခွဲသည့် နည်းလမ်း၏ ထိရောက်မှုကိုRCEP သက်ဝင်မှုက သက်သေပြနေသည်။

RCEP တင်းပြည့်ကျပ်ပြည့်အသက်ဝင်လာခြင်းက လွတ်လပ်သောကုန်သွယ်မှုနှင့် နိုင်ငံစုံကုန်သွယ်မှု စနစ်အား ခိုင်ခိုင်မာမာပံ့ပိုးပေးမည်ဖြစ်ပြီး ဒေသတွင်းစက်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်ကို တည် ငြိမ်စေမည်ဖြစ်သည်။ထို့ပြင် ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားကောင်းစေမည်ဖြစ်သည်။RCEP ၏ အပြည့်အဝလည်ပတ်မှုစွမ်းအားသည် အာရှ-ပစိဖိတ်ဈေးကွက်ရှိ ရုပ်ပိုင်းဆိုင်ရာကုန်သွယ်မှု တည်ဆောက်မှုများကိုလျင်မြန်စေပြီး ချက်ချင်းလက်ငင်းအကျိုးခံစားခွင့်များကို ယူဆောင်လာမည်ဖြစ်သည်။

RCEP ဒေသတွင်း လာရောက်ရင်းနှီးမြှုပ်နှံကာ အခြားRECP နိုင်ငံတစ်ခုသို့တင်ပို့လိုသူများအနေဖြင့် ယေဘုယျအားဖြင့် အကောက်ခွန်သတ်မှတ်ချက်များပြည့်မီရန် ၎င်းတို့၏နောက်ဆုံးကုန်စည်အတွက် အစု အဖွဲ့အတွင်းမှ အနည်းဆုံးသွင်းအားစု ၄၀ရာခိုင်နှုန်း အရင်းအမြစ်ကို အသုံးပြုရမည်ဖြစ်ရာ ထိုသည်ကလည်း ဒေသတွင်း ထုတ်ကုန်များအတွက် အာမခံချက်တစ်ခုဖြစ်သည်။ ယခုသဘောတူညီချက်က ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သည့်ကုန်သွယ်ခွင့်ကို အနှောင့်အယှက်ဖြစ်စေသည့် ပိတ်ဆို့အရေးယူမှုများ၊ ဆင့်ပွားသပိတ်မှောက်မှုများနှင့် ထုတ်လုပ်မှုဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို ကန့်သတ်ရန် ပြစ်ဒဏ်ခတ်သော နယ်မြေပိုလျှံမှုဆိုင်ရာ အစီအမံများကို အသုံးပြုလိုသော အင်အားစုများကို တန်ပြန်ချိန်ခွင်လျှာအဖြစ် ရပ်တည်သည်။

သဘောတူညီချက်များကို ပြန်ကြည့်ပါက RCEP တွင် ပါဝင်ခြင်းအတွက် နိုင်ငံရေး အတားအဆီးများ မရှိကြောင်းနှင့် ယင်းက ပိုမိုတင်းကျပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်များနှင့် မတူဘဲ အမှန်တကယ် လွတ်လပ်သော ကုန်သွယ်မှု၏ အနာဂတ်ဆီသို့ ညွှန်ပြနေသည်။ RCEP သဘောတူညီချက်အရ ပေါ်ပေါက်လာသော ဒေသဆိုင်ရာ စီးပွားရေးအခင်းအကျင်းတွင် အာဆီယံကို ဗဟိုချက်အဖြစ် အသိအမှတ်ပြုထားခြင်းကလည်း  ယခုသဘောတူညီချက်၏ အဓိကအားသာချက်ဖြစ်သည်။ ဒေသတွင်း၌ အာဆီယံကို အရေးပါသော ကုန်သွယ်မှု မိတ်ဖက်အဖြစ် လက်ခံခြင်းက အလျင်အမြန်ဖွံ့ဖြိုးလာနေသည့် အင်ဒိုချိုင်းနားဒေသ၏ စီးပွားရေးရုန်းအားကို အလေးထားနေကြောင်း ပြသနေသည်။

RCEP နှင့် ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ဆက်ဆံရေးအတွက် ဘက်စုံတိုးတက်ရေးသဘောတူညီချက် (CPTPP) အကြား အရေးကြီးသော ကွာခြားချက်မှာ RCEP သည် နိုင်ငံရေးအရ မည်သည့်နိုင်ငံကိုမျှ ချန်လှပ် ထားခြင်း မရှိသော ပွင့်လင်းသော သဘောတူညီချက်ဖြစ်ပြီး CPTPP မှာ တရုတ်နိုင်ငံကို ဖယ်ထုတ်ထားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ လူဦးရေ တစ်ဘီလျံခွဲနီးပါးရှိ သုံးစွဲမှုအားကောင်းသည့် စားသုံးသူစျေးကွက် ပါဝင်ခြင်းနှင့် မျက်ကွယ်ပြုခြင်းဖြစ်ရာ မည်မျှသက်ရောက်မည်ကို သိနိုင်မည်ဖြစ်သည်။

လင်းသစ်အောင်