【 နိုင်ငံတကာဆောင်းပါး 】အဆက်အသွယ် ဖြတ်တောက်ခြင်းက အမှားတစ်ခုလား

【 နိုင်ငံတကာဆောင်းပါး 】အဆက်အသွယ် ဖြတ်တောက်ခြင်းက အမှားတစ်ခုလား

မကြာသေးမီက  အမေရိကန်သို့တင်သွင်းသည့် ဆေးပြားဖိစက်နှင့် မိုများကို မူးယစ်ဆေးဝါးနှင့် ဆက်နွယ်ပြီး တရုတ်နိုင်ငံအခြေစိုက် အဖွဲ့အစည်း ၁၃ ခုနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ရာ နိုင်ငံတကာတွင် အမေရိကန်၏ တရုတ်အပေါ် ကန့်သတ်ပိတ်ဆို့မှုပိုမိုပြင်းထန်လာနေသည်ကို သတိပြုမိသည်အထိ ဖြစ်လာခဲ့သည်။ အထူးသဖြင့် တရုတ်ပါဝင်ခြင်းမရှိသည့် စီးပွားရေးနှင့် ကုန်စည်ကူးသန်းရေးအထိ အမေရိကန်အာဏာပိုင်များ စဉ်းစားနေပြီလားဆိုသည့်အချက်ဖြစ်သည်။

အမေရိကန်၏ တရုတ်နိုင်ငံနှင့်  ‘အဆက်အသွယ် ဖြတ်တောက်ခြင်း’သည် ယနေ့အချိန်အခါတွင် နိုင်ငံတကာ စီးပွားရေးပညာရှင်များနှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းကြား သုံးသပ်ရမည့် အဓိကအကြောင်းအရာဖြစ်နေသည်။ နိုင်ငံရေးအရ ဩဇာအာဏာကြီးမားလာသည့် တရုတ်ကို ကန့်သတ်ရန်အတွက် ကမ္ဘာ့နိုင်ငံများနှင့် စီးပွား ရေးမှ တရုတ်ကိုခွဲထုတ်ရန် အမေရိကန်နှင့် အနောက်နိုင်ငံများမှ နိုင်ငံရေးသမားများ၏ ကြိုးပမ်းမှုထင်ရှားလာချိန်တွင် ၎င်းလုပ်ရပ်များနှင့် ပြောင်းပြန်ဖြစ်နေသည်မှာ  အနောက်နိုင်ငံများ၏ အထင်ကရ စီးပွားရေးသမားများ၏ တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

တရုတ်နိုင်ငံရှိ အမေရိကန်လုပ်ငန်းရှင်များအဖွဲ့၏ အစီရင်ခံစာတွင် တရုတ်နိုင်ငံရှိ အမေရိကန်လုပ်ငန်း ကုမ္ပဏီ ၆၆ ရာခိုင်နှုန်းက လာမယ့်နှစ်နှစ်အတွင်း တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို ဆက်လက်ထိန်းသိမ်းထားရန် (သို့မဟုတ်) တိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်းဖော်ပြထားသည်။ တရုတ်နိုင်ငံရှိ ဥရောပသမဂ္ဂ လုပ်ငန်းရှင်များ အဖွဲ့မှ ထုတ်ပြန်တဲ့ အစီရင်ခံစာတွင်လည်း ဥရောပလုပ်ငန်းကုမ္ပဏီ ၆၀ ရာခိုင်နှုန်းခန့် လာမယ့် ငါးနှစ်အတွင်း တရုတ်နိုင်ငံမှာ ငွေရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်သွားမည်(သို့မဟုတ်) ထင်ရှားစွာ တိုးမြှင့်သွားမည်ဟု ဖေါ်ပြထားသည်။ တရုတ်နိုင်ငံရှိ သြစတြေးလျလုပ်ငန်းရှင်များအဖွဲ့မှ ထုတ်ပြန်တဲ့ အစီရင်ခံစာတွင်လည်း သြစတြေးလျ လုပ်ငန်း ကုမ္ပဏီ ၆၀ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဦးစားပေးသည့် ထိပ်တန်းသုံးနိုင်ငံ စာရင်းထဲ ထည့်ထားသည်။ အဆိုပါ အမေရိကန်၊ဥရောပနှင့် ဩစတြေးလျမှာ လတ်တလောတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာမှုရှိသည့် နိုင်ငံများပင်ဖြစ်သည်။

တရုတ်နိုင်ငံနှင့် စီးပွားရေးအဆက်ဆံဖြတ်ခြင်းက တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန်နှင့်  တရုတ်၏ကြီးထွားလာသည့် ဩဇာအာဏာကို ကန့်သတ်ရန်ဖြစ်သော်လည်း တခြားတစ်ဘက်တွင် ထိုသို့ပြုလုပ်ခြင်းကြောင့် ဆုံးရှုံးနိုင်ခြေက ပိုများနိုင်ခြေရှိနေသည်ကို ဖော်ပြထားသည်။  သြစတြီးယား တတ်သိပညာရှင် အဖွဲ့တစ်ခုမှ ကောက်ယူထားသည့် အစီရင်ခံစာတွင် တရုတ်နိုင်ငံနှင့် စီးပွားရေး ‘အဆက်အသွယ် ဖြတ်တောက်ခြင်း’ ပြုလုပ်ပါက ဂျာမနီနိုင်ငံတွင် GDP ၏  ၂ ရာခိုင်နှုန်း၊ ယူရိုငွေ ဘီလီယံ ၆၀ လောက် ဆုံးရှုံးသွားမယ်လို့ ဖေါ်ပြခဲ့သည်။ Nike ကုမ္ပဏီရဲ့ CEO John Donahoe ကလည်း တရုတ်နိုင်ငံနဲ့ ‘စီးပွားရေးအဆက်အသွယ် ဖြတ်တောက်ခြင်းက ’ ကမ္ဘာအတွက် ဘေးအန္တရာယ်များကျရောက်စေမည်ဟု ပွင့်ပွင့်လင်းလင်း ထောက်ပြခဲ့သည်။

ကမ္ဘာ့စီးပွားရေးကိုမောင်းနှင်နေသည့် ကမ္ဘာ့ကုမ္ပဏီကြီးများကမူ နိုင်ငံရေးနှင့် ကင်းကွာပြီး စီးပွားရေး သက်သက်စဉ်းစားကြသည်။ မကြာမီက ဖော်ပြခဲ့သည့် Bloomberg သတင်းတွင် ဂျာမနီ ထိပ်တန်းကုမ္ပဏီများသည် ဂျာမနီအစိုးရ၏ မူဝါဒကို လျစ်လျူပြုကာ တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုဖော်ပြချက်အရ ၂၀၂၂ ခုနှစ်တွင် ဂျာမနီသည် တရုတ်နိုင်ငံ၌ အမေရိကန်ဒေါ်လာ ၂.၅၇ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး ယမန်နှစ်ကာလတူထက် ၅၂.၈ ရာခိုင်နှုန်းတိုးလာကြောင်းဆိုသည်။ထို့ပြင် တရုတ်နိုင်ငံသည် ၁၇ နှစ်ဆက်တိုက် ဂျာမနီနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်လာခဲ့ပြီး ဂျာမနီသည်လည်း တရုတ်နိုင်ငံက ဥရောပတိုက်ဒေသတွင် အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်၊ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနိုင်ငံနှင့် အရေးပါဆုံးရင်းနှီးမြှုပ်နှံမှုဒေသ ဖြစ်လာနေသည်ဟုဆိုသည်။   

ဂျာမနီနိုင်ငံ စီးပွားရေးသုတေသနဌာန IW ၏ စစ်တမ်းအရ ဂျာမနီကုမ္ပဏီများက တရုတ်နိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှုသည် ယခင်မည်သည့်အချိန်ကထက်မဆိုယခုတွင် များနေကြောင်း ဖော်ပြခဲ့သည်။အမေရိကန်နှင့် ဥရောပ နိုင်ငံရေးသမားများက  တရုတ်နိုင်ငံနှင့် Decoupling လုပ်ရန် လှုံဆော်နေချိန်တွင် နိုင်ငံတကာမှ ဘီလီယံနာ စီးပွား ရေးသမားတွေ ၊နိုင်ငံတကာ ကော်ပိုရိတ်မှ စီအီးအိုတွေ တရုတ်နိုင်ငံသို့ ဆက်တိုက်သွားရောက်ခဲ့ကြသည်။ထိုထဲ တွင် Apple၊ Starbucks ၊ Samsung ၊ Aramco ၊ Volkswagen ၊ HSBC ၊ Standard Chartered ကုမ္ပဏီတွေ ပါဝင်သည်။ ၎င်းတို့လာရောက်ခြင်းမှာ ကိုဗစ်လွန်ကာလ တရုတ်ပြည်က လုပ်လက်စအလုပ်တွေဆက်လုပ်ရန် တရုတ်အာဏာပိုင်များနှင့် လာရောက်တွေ့ဆုံကြခြင်းဖြစ်သည်။

မကြာသေးမီက Tesla ကုမ္ပဏီ ပိုင်ရှင် အီလွန်မတ်စ် တရုတ်သို့သွားရောက်ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း၊ တရုတ်စက်မှုဝန်ကြီးတို့နှင့်တွေ့ဆုံခဲ့သည်။ အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေး တင်းမာချိန်တွင် တရုတ်သို့ သွားရောက်သည့် အီလွန်မတ်စ်၏ အမေရိကန်ခရီးစဉ်မှာ နိုင်ငံတကာအတွက် အာရုံ စိုက်စရာဖြစ်ခဲ့သည်။ ထိုတွေ့ဆုံမှုများတွင် အီလွန်မတ်စ်က ချိတ်ဆက်မှု ပြတ်တောက်ရန် ပြုလုပ်ခြင်းကို ဆန့်ကျင်ကြောင်း၊ အမေရိကန်-တရုတ် အကျိုးစီးပွားရောနှောပြီး တွဲဖက်အမွှာကဲ့သို့ ခွဲ၍ မရကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်က တရုတ်ကုန်သွယ်ရေးဝန်ကြီးသည် အမေရိကန်လုပ်ငန်း ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ရှန်ဟိုင်းတွင် နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ရာ တရုတ်ပြည်အနေနှင့် အဆင့်မြင့်မားသော တံခါးဖွင့်မှုကို ဦးလည်မသုန် တွန်းအားပေးပြီး တရုတ်ပြည်တွင် အမေရိကန်လုပ်ငန်း ကုမ္ပဏီများ၏ ဆက်လက် ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန် အကျိုးရှိစေရေးကို အကောင်အထည်ဖော်ဆောင်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ထိုနှီးနှောဖလှယ်ပွဲကို တက်ရောက်သည့် အမေရိကန် ကုမ္ပဏီများမှ ကိုယ်စားလှယ်များက မိမိတို့ ကုမ္ပဏီများသည် တရုတ်ဈေးကွက်၏ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာအပေါ် ဆက်တိုက်အကောင်းဘက်မှ မြင်ပြီး တရုတ်ဈေးကွက်တွင် လုပ်ငန်းများကို တစ်ဆင့်တိုးချဲ့လိုကြောင်း ပြောခဲ့သည်။

သုံးနှစ်ကြာ ကူးစက်မှုပြင်းထန်ခဲ့သည့် ကိုဗစ်ကပ်ရောဂါကြောင့် နာလံထူရန် ခက်ခဲနေသည့်  ကမ္ဘာ့စီးပွားရေးမှာ ယူကရိန်းအရေးကြောင့် ပိုမိုဆိုးရွားလာခဲ့ရာ ယခုအခါ စီးပွားရေးပိတ်ဆို့မှုများကြောင့် အဆိုးဆုံးအနေအထားသို့ ဦးတည်လာခဲ့သည်။ စာရင်းကောက်ယူမှုများအရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ အမေရိကန် သည် ပြည်ပနိုင်ငံများအား ဒဏ်ခတ်အရေးယူမှုသည် ၉၃၃ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့သည်။ ထရမ့်အစိုးရလေးနှစ်တာအတွင်း၌ပင် ဒဏ်ခတ်အရေးယူမှုပေါင်း ၃၉၀၀ ကျော် ချမှတ်ခဲ့သည်။ ၂၀၂၁ ဘဏ္ဍာနှစ်အထိ အမေရိကန်ကချမှတ်ပြီး စတင်အသက်ဝင်သည့် ဒဏ်ခတ်အရေးယူမှုသည် ၉၄၀၀ ကျော်ရှိနေပြီဖြစ်သည်။

အမေရိကန်စီးပွားရေးနှင့် မူဝါဒသုတေသနစင်တာက ထုတ်ပြန်သော “စီးပွားရေးဒဏ်ခတ်အရေးယူမှုကြောင့် လူသားအပေါ်အကျိုးသက်ရောက်မှု” အစီရင်ခံစာတွင် အမေရိကန်၏ဒဏ်ခတ်အရေးယူမှုသည် နိုင်ငံတစ်နိုင်ငံ၏ လူတစ်ဦးချင်းပျမ်းမျှဝင်ငွေကို ၂၆% လျော့နည်းသွားစေပြီး စီးပွားရေးပျက်ကပ်မှုကြီးတစ်ခု ဖြစ်လာစေခြင်းနှင့်တူညီသည်ဟု ဖော်ပြထားသည်။စိုးရိမ်ဖွယ်ကောင်းသည်မှာ နိုင်ငံများ၏ အတိုင်းအတာမတူသည့် ဒဏ်ခတ်အရေးယူခြင်းကို တစ်ကမ္ဘာလုံး၏ နိုင်ငံနှင့်ဒေသပေါင်း ၂၇ ရာခိုင်နှုန်းက ခံနေရသည်ဆိုရာ စီးပွားရေး ပိတ်ဆို့ခြင်း၊ စီးပွားရေးဖြတ်တောက်ခြင်းနည်းလမ်းက ကမ္ဘာ့တိုးတက်ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းရေးအတွက် အမှား တစ်ခုဖြစ်နေပြီလားဆိုခြင်းပင်ဖြစ်သည်။

လင်းသစ်အောင်