【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းကို ရုရှားကျူးကျော်မှု ဘာနဲ့အဆုံးသတ်ဖို့များလဲ ?

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းကို ရုရှားကျူးကျော်မှု ဘာနဲ့အဆုံးသတ်ဖို့များလဲ ?

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေမှာ စိတ်ဝင်စားစရာ သတင်းတွေများပါတယ်။

အမေရိကန်မှာဆိုရင် အစိုးရချေးငွေကို မြှင့်တင်ဖို့ ရီပတ်ဗလီကန်တွေနဲ့ ဒီမိုကရက်တစ်တွေ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီး ဒီနေ့မနက်မှ သဘောတူညီချက်ရကြောင်း ကြေညာတာကို တွေ့ရပါတယ်။ယူကရိန်းစစ်ပွဲကတော့ အားလုံးအာရုံစိုက်နေပြီး တန်ပြန်ထိုးစစ် ယူကရိန်းက ဘယ်အချိန်စမလဲဆိုတာကို နိုင်ငံတကာက စောင့်ကြည့်နေပါတယ်။

ဒီတစ်ပတ်မှာ ဒီသတင်းနှစ်ပုဒ်ကသာ နိုင်ငံတကာသတင်းပရိသတ်တွေကို အာရုံဖမ်းစားခဲ့တာ မဟုတ်ပါဘူး။မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းမှာ မမျှော်လင့်ဘဲ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ Move Forward ပါတီက အခြားပါတီ ၇ ခုနှင့် မဟာမိတ်ဖွဲ့ပြီး အစိုးရဖွဲ့ဖို့ ပြင်ဆင်နေတာ၊ တရုတ်က အစ္စရေးကို ပါလက်စတိုင်းမြေ မကျူးကျော်ဖို့ပြောခဲ့တာ၊ ဒုံးကျည်စမ်းသပ်ခဲ့တဲ့ အီရန်လုပ်ရပ်အတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း ပြင်သစ်ကပြောခဲ့တာ၊ အာဖဂန်နဲ့ အီရန် နယ်စပ်ပြဿနာကြောင့် နှစ်ဖက်တပ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာ၊ ၂၂ နှစ်ကြာ ထွက်ပြေးနေသည့် ရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှု တရားခံ တရားရုံးကို သမ္မာကျမ်းစာကိုင်ပြီး ရောက်ရှိလာခဲ့တာ၊ အိန္ဒိယက မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တစ်မျိုးကို ပြည်တွင်းဖြစ်ဒုံးကျည်တင်ဖျက်သင်္ဘောမှ အောင်မြင်စွာပစ်ခတ်ပြခဲ့တာ၊ အမေရိကန်နဲ့ ပါပူဝါနယူးဂီနီတို့ လုံခြုံရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့တာ၊ ဂျပန်က NATO အဖွဲ့မှာ ပူးပေါင်းပါဝင်ဖို့မရှိဘူးလို့ ပြောခဲ့တာ၊ တူရကီမှာ လက်ရှိသမ္မတ အာဒိုဂန်က ဆက်ရွေးကောက်ခံရတာ၊ ပိုလန်မှာ ဒုတိယကမ္ဘာစစ်လက်ကျန် မပေါက်ကွဲသေးသော ဗုံးကို ရှာတွေ့လို့ လူပေါင်း ၂,၅၀၀ ပြောင်းရွှေ့ခဲ့ရတာ၊ တောင်ကိုရီးယားမှာ လေယာဉ်ပျံသန်းနေစဉ်အတွင်း ခရီးသည်တစ်ဦးက အရေးပေါ်တံခါး မတော်တဆဖွင့်မိခဲ့လို့ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရခဲ့တာ စတဲ့ သတင်းအချို့လည်း ရှိခဲ့ပါတယ်။

ဒီထဲမှာ စိတ်ဝင်စားစရာကောင်းတာက ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဒီတစ်ပတ်မှာ ရုရှားဘက်ကနေ အပြင်းအထန်တိုက်ခိုက်လာသလို မီဒီယာတွေကနေ ခြိမ်းခြောက်မှုတွေ အများအပြားလုပ်လာတာကို သိသိသာသာ တွေ့လာနေရပါတယ်။ယူကရိန်းတန်ပြန်ထိုးစစ်က နာမည်ကြီးနေပေမယ့် ယူကရိန်းဘက်က ထုတ်ပြောမှုမရှိသေးတာကလည်း ထူးခြားမှုတစ်ခုပါပဲ။ယူကရိန်းစစ်ပွဲမှာ ရုရှားကျူးကျော်မှုကို အဆုံးသတ်မယ်ဆိုရင် ဘာတွေဖြစ်လာမယ်ဆိုပြီး ရုရှားဘက်ကပြောတာတွေကလည်း စိတ်ဝင်စားစရာဖြစ်နေတာမို့ ဒီတစ်ပတ်မှာ ယူကရိန်းစစ်အဆုံးသတ်ဖို့ ဘာတွေလုပ်နေကြလဲ၊ ဘာတွေဖြစ်လာမလဲ၊ ဘာအကျိုးဆက်တွေခံရမလဲဆိုတာကို တင်ပြဖို့ရှိပါတယ်။

          ပြင်းထန်လာနေတဲ့ ဒရုန်းစစ်ပွဲ

မေ ၂၈ ရက်က ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ဝန်က ရုရှားဒရုန်း အစင်း ၅၀ ကျော် ကိယက်ဗ်ကို ဦးတည်လာနေတာကို ဒရုန်းလှိုင်းသစ်တွေ လာနေပြီဆိုပြီး သူ့မြို့သားတွေကို သတိပေးခဲ့ပါတယ်။လက်ဝှေ့သမားဟောင်း ဗစ်တာလီ ကလစ်ရှ်ကိုအတွက် စစ်ပွဲအစောပိုင်းကတည်းက ကိယက်ဗ်ကနေ မခွာဘဲ ရုရှားတိုက်ခိုက်မှုကို ခုခံနေခဲ့တာဖြစ်ပါတယ်။မေ ၂၈ ရက်က အီရန်လုပ် ဒရုန်းတွေနဲ့ တိုက်ခိုက်မှုမှာ ယူကရိန်းဘက်က ဒရုန်းအစင်း ၅၀ ကျော် ပစ်ချနိုင်ခဲ့တယ်လို့ ကလစ်ရှ်ကိုက ပြောခဲ့ပါတယ်။ဒီလို ရုရှားဘက်က ဒရုန်းနဲ့ အလုံးအရင်းတိုက်ခိုက်မှုဟာ စစ်ပွဲစကတည်းကဆိုရင် အပြင်းထန်ဆုံးလို့ ယူကရိန်းဘက်က ပြောပါတယ်။

ဒါဟာ ယူကရိန်းဘက်က တန်ပြန်ထိုးစစ် စတင်ဖို့ အသံတွေထွက်လာချိန်မှာ ယူကရိန်းရဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေကို ဖျက်ဆီးဖို့ ရုရှားဘက်က အပြင်းအထန်လုပ်ဆောင်မှုအဖြစ် စစ်ရေးအကဲခတ်တွေ ရှုမြင်ကြပါတယ်။

ဒီတစ်ပတ်မှာ ရုရှားဘက်က ဝင်တိုက်ခိုက်ပေးနေတဲ့ ဝဂ္ဂနာကြေးစားစစ်တပ်ရဲ့ အကြီးအကဲ ပရီဂိုရှင်က ဘတ်ခ်မွတ်ကိုသိမ်းပြီး ရုရှားတပ်တွေလက်ထဲ လွှဲနေပြီလို့ ပြောခဲ့သလို မေ ၂၃ ရက်က စိန့်ပီတာစဘတ်မြို့ ဝဂ္ဂနာကုမ္ပဏီရုံးချုပ်တွင် ပြုလုပ်သည့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ပူတင်ရဲ့ အထူးစစ်ဆင်ရေး မအောင်မြင်ဘူးလို့ ပြောခဲ့ပါတယ်။ဒီတွေ့ဆုံမှုမှာ ပရီဂိုရှင်က “ရုရှားဟာ စစ်ပွဲကို အလေးအနက်မထားရင် ၁၉၁၇ ကလို တော်လှန်ရေးဖြစ်နိုင်ပြီး ယူကရိန်းမှာ စစ်ရှုံးနိုင်တယ်၊ ၂၀၁၄ မတိုင်ခင်က နယ်နိမိတ်ဆီ ရုရှားတပ်တွေကို ပြန်မောင်းထုတ်ဖို့ တန်ပြန်ထိုးစစ်ကို ယူကရိန်းက ပြင်နေတယ်၊ အရှေ့ဘက်မှာ အဓိကဖြစ်တဲ့ ဘက်ခ်မွတ်ကို ဝိုင်းထားပြီး ခရိုင်းမီးယားကို တိုက်လိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

ပရီဂိုရှင်က အနောက်နိုင်ငံတွေက စစ်ရေးအကူအညီပေးတာတွေ ရပ်ဆိုင်းသွားမယ်၊ တရုတ်က ငြိမ်းချမ်းရေးအတွက် ကူမယ်ဆိုတာတွေဟာ ပုံပြင်တွေပဲလို့ပြောခဲ့ပြီး ဝဂ္ဂနာဟာ စစ်ပွဲကာလမှာ အကျဉ်းသား ၅၀,၀၀၀ လောက် စုဆောင်းခဲ့တဲ့အထဲက ဘက်ခ်မွတ်မှာ ၁၀,၀၀၀ လောက် သေသွားတယ်၊ ကန်ထရိုက်စစ်သား ကျတာလည်း ၁၀,၀၀၀ ဝန်းကျင်လောက်ပဲလို့ ပြောခဲ့ပါတယ်။

ဘတ်ခ်မွတ်ကနေ ဆုတ်ပေးပြီး ရုရှားတပ်တွေဆီ လွှဲနေတာကိုလည်း ပရီဂိုရှင်က ရုရှားအမြဲတန်းတပ်က အခြေအနေကို မထိန်းနိုင်ရင်တော့ သူ့တပ်ဖွဲ့တွေ မြို့ကိုပြန်လာဖို့ အဆင်သင့်ပဲလို့လည်း ပြောခဲ့ပါတယ်။ဒီလိုအပြောတွေကြောင့် ရုရှားမှာ ဝဂ္ဂနာကြေးစားတပ်က ရုရှားစစ်တပ်ထက်ပိုပြီး ဩဇာအာဏာရှိနေတဲ့ပုံ ပေါက်နေပါတယ်။ပရီဂိုရှင် ပြောမှုကြောင့် ဂယက်တွေထခဲ့ပြီး ဆိုဗီယက်ခေတ် ရုရှားလေတပ် ဗိုလ်မှူးချုပ်ဟောင်း ဗစ်တာ အီမန်တိုဗစ်ချ်ကိုဆိုရင် ပရီဂိုရှင် အင်တာဗျူးအရ ဘတ်ခ်မွတ်မှာ ရုရှားတပ်ဖွဲ့တွေကျဆုံးမှုနဲ့ပတ်သက်ပြီး ဘက်ခ်မွတ်စစ်မြေပြင်မှာတင် ဝဂ္ဂနာတပ်ဖွဲ့က အမာခံ အချိန်ပြည့်တိုက်ခိုက်ရေး တပ်သားတစ်သောင်းနဲ့ အကျဉ်းသားတပ်သား တစ်သောင်း သေဆုံးရတယ်။ဒါက ဝဂ္ဂနာတပ်ဖွဲ့ရဲ့ အကျအဆုံးပဲရှိသေးတယ်။ ၁၉၇၉ ကနေ ၁၉၈၉ ခုနှစ်အထိ ၁၀ နှစ်ကြာ ဆင်နွှဲခဲ့ရတဲ့ အာဖဂန်စစ်ပွဲမှာ ဆိုဗီယက်တပ်သား ၁၅,၀၅၁ ယောက်ပဲ ကျဆုံးခဲ့တယ်။ဘယ်သူ့ကို ဘာပြောရမလဲ” လို့ လက်ရှိ ရုရှားစစ်တပ်ကို ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။

ရုရှားဘက်မှ ဘတ်ခ်မွတ်ကို သိမ်းနိုင်လို့ ဝဂ္ဂနာကြေးစားတပ်ခေါင်းဆောင် ပရီဂိုရှင်ကို ဩဇာတက်နေပြီး သူ့ကို အမျိုးသားခေါင်းဆောင်ကြီးအဖြစ် ထောက်ခံပွဲတွေလုပ်နေလို့ ပူတင်အတွက် ဒါဟာ ရှုပ်ထွေးမှုတစ်ခုပါပဲ။ဒီတစ်ပတ်ထဲမှာ ယူကရိန်းဘက်က ဘတ်ခ်မွတ်ကို ဆုံးရှုံးရတယ်ဆိုပေမယ့် သတင်းတွေအရဆိုရင် ထောင်းလမောင်းကြေနေတဲ့ မြို့ပျက်တစ်ခုသာဖြစ်ပြီး အလုံးစုံမသိမ်းယူနိုင်သေးပါဘူး။ဒါပေမဲ့ ရုရှားရဲ့ ဘီလ်ဂိုရော့ဒ်ဒေသကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုဖြစ်ခဲ့လို့ အခုထိ ရုရှားဘက်က မဖြေရှင်းနိုင်ခဲ့သေးပါဘူး။ဒါ့အပြင် မေ ၂၇ ရက် မနက်ပိုင်းကဆိုရင် ယူကရိန်းနယ်စပ်ကို စစ်ဆေးဖို့သွားတဲ့ ဘဲလ်ဂိုရော့ဒ်ပြည်နယ် အုပ်ချုပ်ရေးမှူးပါ ပစ်ခတ်မှုတွေကြောင့် ပြန်ထွက်ပြေးခဲ့ရပါတယ်။

ယူကရိန်းတန်ပြန်ထိုးစစ်က မစသေးဘူးဆိုပေမယ့် ရုရှားဘက်မှာ တိုက်ခိုက်ခံရမှုတွေ ဖြစ်စပြုလာနေပါပြီ။ဘီလာရုစ်နယ်စပ်နားက စကော့ဗ်ပြည်နယ် နီဗယ်စကီခရိုင် ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို ယူကရိန်းက ဒရုန်းနှစ်စင်းနဲ့ မေ ၂၇ မနက်အစောပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောခဲ့သလို မေ ၂၆ ရက်မှာ ဇာပိုရီရှားဒေသ အဇော့ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ဘယ်ဒီရန့်စ်မြို့မှာ အခြေစိုက်ထားတဲ့ ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ကို ယူကရိန်းက ဒုံးကျည်တွေနဲ့ပစ်ခတ်လို့ ထိမှန်ခဲ့တယ် ဆိုပါတယ်။အလားတူ မေ ၂၅ ရက် ညပိုင်းမှာပဲ ရုရှားနိုင်ငံ ရော့စ်တော့ဗ်ပြည်နယ်ထဲက ရုရှားလေတပ်အခြေစိုက် စခန်းကို ယူကရိန်းက ဒုံးကျည်တစ်စင်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။မေ ၂၅ ရက် မနက်အစောပိုင်းမှာ မော်စကိုမြို့တော်က ရုရှားကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်မှာ မီးလောင်တဲ့သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒီရက်ပိုင်းမှာ အမေရိကန်ဦးဆောင်တဲ့ NATO တပ်ဖွဲ့ဟာ အမေရိကန်လေယာဉ်တင်သင်္ဘော USS Gerald R. Ford ဦးဆောင်ပြီး နော်ဝေမှာ နှစ်နိုင်ငံရေကြောင်းပူးတွဲလေ့ကျင့်မှုတွေလုပ်ဖို ရောက်လာခဲ့ပါတယ်။ရေတပ်သင်္ဘောသား ၄,၅၀၀ နဲ့ တိုက်လေယာဉ်မျိုးစုံ အစီး ၉၀ လိုက်ပါလာတဲ့ ဒီလေယာဉ်တင်သင်္ဘောအုပ်စုဟာ နော်ဝေနိုင်ငံ အော်စလိုဆိပ်ကမ်းအနီးမှာ ယာယီရပ်နားထားမှာဖြစ်ပြီး စစ်ရေးလေ့ကျင့်မယ့်နေရာကို ဆက်လက်မောင်းနှင်မယ် ဆိုပါတယ်။ဒါ့အပြင် ဖင်လန်နိုင်ငံမှာ မေ ၂၉ ရက်စတင်မယ့် “အာတိတ်စိန်ခေါ်မှု” လေကြောင်းစစ်ရေးလေ့ကျင့်မှုအတွက် နေတိုးအဖွဲ့ဝင် နိုင်ငံတွေက တိုက်လေယာဉ်တွေနဲ့ ထောက်လှမ်းရေးလေယာဉ်တွေ ဖင်လန်ကို ရောက်ရှိလာပါတယ်။

ဒီလို ရုရှားရှိရာ ဒေသအတွင်း မဟာမိတ်တပ်တွေ စုစည်းလာမှုနဲအတူ ကာလအတန်ကြာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ယူကရိန်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗဲလ်လာရီ ဇလူရှနီဟာ “ငါတို့ အလှည့်ရောက်ပြီ” ဆိုတဲ့ စာသားနဲ့ စစ်ရေးအသင့်ပြင်ဆင်မှု ဗီဒီယိုကို မေ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပြန်ပါတယ်။ဒီလိုအခြေအနေကြောင့် ဗီယယ်နမ်နဲ့ လာအိုကို လာရောက်တဲ့ ခရီးစဉ်မှာ ရုရှားလုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ ဒီမီထရီ မက်ဗီဒက်က ယူကရိန်းကို နျူကလီးယားလက်နက်တွေပေးမယ်ဆိုရင်၊ ယူကရိန်းသာ နျူကလီးယားလက်နက် ပိုင်ဆိုင်ပြီဆိုရင်တော့ ရုရှားအနေနဲ့ နျူကလီးယားဒုံးကျည်နဲ့ မဖြစ်မနေ လက်ဦးမှုယူပြီး တိုက်ခိုက်လိမ့်မယ်ဆိုတာတော့ အနောက်နိုင်ငံတွေ သဘောပေါက်ထားရမယ်” ဆိုပြီး ပြောခဲ့ပါတယ်။ဒါဟာ ယူကရိန်းကို F-16 တိုက်လေယာဉ်တွေပေးဖို့ အနောက်အုပ်စုက ဟန်ပြင်နေချိန်မှာ ထွက်ပေါ်လာတာဖြစ်လို့ ဘာကိုရည်ရွယ်လဲဆိုတာ သိသာပါတယ်။

မေ ၂၇ ရက်မှာတော့ ယူကရိန်းသမ္မတ ဇီလင်စကီးက ငြိမ်းချမ်းရေးအမွေကို လက်ဆင့်ကမ်းနိုင်ဖို့ဆိုရင် စစ်ပွဲကို အောင်ပွဲနဲ့ အဆုံးသတ်နိုင်ရမယ်ဆိုပြီး ပြောခဲ့ပါတယ်။ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ဖို့ မသေမချာဖြစ်နေပြီး ယူကရိန်းကသာ ရုရှားတပ်တွေကို မောင်းထုတ်ပြီး ကရိုင်းမီးယားကို ပြန်သိမ်းဖို့ပါ ရည်မှန်းလာနေတာကို တွေ့ရပါတယ်။

မကြာခင်မှာ ဒီအဖြေကိုတွေ့ရဖို့ များနေသလို အနောက်အုပ်စုထောက်ပံ့မှုနဲ့ အားကောင်းနေတဲ့ ယူကရိန်းတန်ပြန်ထိုးစစ်ကိုသာ ရုရှားတောင့်မခံနိုင်ရင် ပူတင် ဘာလုပ်မလဲဆိုတာ စိုးရိမ်စရာပါပဲ။ဘာပဲဖြစ်ဖြစ် စစ်ဟာ ရှောင်လွှဲမရနိုင်အောင် ဆိုက်ရောက်လာပြီမို့ ရုရှားသမ္မတ ပူတင်ရဲ့နောက်ဆုံးရက်လား၊ ဇီလင်စကီးရဲ့ နောက်ဆုံးရက်တွေလားဆိုတာ မကြာခင်မြင်ရဖို့ရှိနေပြီ ထင်တဲ့အကြောင်း တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်တင်ပြတာကို ဒီမှာပဲရပ်လိုက်ချင်ပါတယ်။

မင်းထက်