【 ဆောင်းပါး 】 အောင်မြင်မှုအသေးလေးတွေနဲ့ စပါ

【 ဆောင်းပါး 】 အောင်မြင်မှုအသေးလေးတွေနဲ့ စပါ

အလုပ်အသစ်တစ်ခု စတဲ့အခါမှာဖြစ်ဖြစ်၊ လက်ရှိလုပ်ငန်းကို တိုးမြှင့်ချင်တဲ့အခါမှာဖြစ်ဖြစ် ရည်မှန်းချက်အကြီးကြီးထားပြီး ကြိုးကုတ်အားထုတ်ကြတဲ့အခါ၊ တခါတလေ ကိုယ်သွားရမယ့် ပန်းတိုင်က ဝေးလွန်းတယ် ကိုယ့်တိုးတက်မှု ခြေလှမ်းက လိပ်ခြေလှမ်းလိုပဲ နှေးကွေးလွန်းတယ်ဆိုတဲ့ ခံစားမှုဖြစ်လာတတ်ပြီး စိတ်ဓာတ်ကျလာတတ်တယ်။တစ်နည်းအားဖြင့် ခြေကုန်လက်ပမ်းကျလာတတ်တယ်။ငါ့ရည်မှန်းချက်ပန်းတိုင်က ရောက်မှရောက်နိုင်ပါတော့မလားဆိုတဲ့ လက်လျှော့ချင်တဲ့ စိတ်တွေ ဝင်လာတတ်ကြပါတယ်။

ဒီလိုအချိန်မှာ ပညာရှိ သတိဖြစ်ခဲဆိုသလို သတိတစ်ခုထားစေချင်တာက “လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်” “တစ်နေ့ တစ်လံ ပုဂံဘယ်ပြေးမလဲ” “ရောမမြို့ကို တစ်ရက်တည်း တည်ဆောက်လို့မရ” တို့ “ခုရေတွင်းတူး၊ ခုရေကြည်သောက်လို့မရဘူး” ဆိုတဲ့ စကားလေးတွေကို သတိရစေချင်ပါတယ်။နောက်တစ်ခုက “အကောင်းမြင်တဲ့ စိတ်ထားမရှိရင် ကောင်းတဲ့ရလဒ်တွေ မရနိုင်ဘူး” ဆိုတဲ့ အဆိုအမိန့်ကိုလည်း သတိရသင့်ပါတယ်။

ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ရောက်ချင်တဲ့ အဓိကပန်းတိုင်ကြီးဆီကို သွားမယ့်ခရီးကို ပန်းတိုင်အသေးလေးတွေ စိတ်မွှာချမှတ်ပြီး အကောင်းမြင်စိတ်ဓာတ်နဲ့ ဖြည်းဖြည်းမှန်မှန် ချီတက်တဲ့နည်းက အေးချမ်းသာယာစွာ အောင်မြင်မှုရစေတဲ့နည်းဖြစ်တယ်ဆိုတာကို တင်ပြပေးချင်တာပါ။

ရေစက်လေးတွေ တစ်စက်ချင်း ပေါင်းစည်းမှုက သမုဒ္ဒရာကြီးကိုဖြစ်စေတယ်ဆိုသလို အောင်မြင်မှုအသေးလေးတွေ ဆက်စပ်ပေါင်းစုခြင်းကနေ အောင်မြင်မှုကြီး ရစေနိုင်ပါတယ်။

နောက်တစ်ချက် - ခန္ဓာဗေဒတုံ့ပြန်မှုအရ အောင်မြင်မှုနဲ့ တွေ့ကြုံရရင် ကိုယ်ခန္ဓာကနေ ပျော်ရွှင်ခြင်း ဟိုမုန်းလို့ဆိုရမယ့် ဒိုပါမင်း Dopamine hormone (I Feel Good Hormone) လို့ ခေါ်တဲ့ ဓာတ်တစ်မျိုးကို ထုတ်လွှတ်တဲ့အတွက် လူမှာ ပျော်ရွှင်တက်ကြွ စိတ်ကျေနပ်တဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပြီး အောင်မြင်မှုကို ဆင့်ကာဆင့်ကာ ခံစားလိုတဲ့စိတ်၊ ပိုကြိုးစားချင်စိတ်၊ အတွေးဉာဏ် ကွန့်မြူးစိတ်တွေကို ဖြစ်စေတဲ့အတွက် ပိုအောင်မြင်အောင်၊ ပိုကြီးမားတဲ့ ပန်းတိုင်ကို အရောက်သွားအောင် လုပ်ကိုင်ချင်စိတ်နဲ့အတူ မိမိကိုယ်ကို ယုံကြည်စိတ်တွေ ပိုမိုတိုးမြင့်လာစေပါတယ်။

           ပန်းတိုင် အသေးလေးတွေ ချမှတ်ပါ

မိမိကိုယ်ကို မာရသွန်အပြေးသမားတစ်ယောက်ဖြစ်အောင် ကြိုးစားမယ် ဒါမှမဟုတ် ဝတ္တုရှည်တစ်ပုဒ် ကြိုးစားပြီးရေးမယ် စသဖြင့် စဉ်းစားကြည့်ပါ။လုပ်ရမယ့် ခရီးစဉ်၊ ပေါက်မြောက်ရမယ့် ပန်းတိုင်က အကြီးကြီးဖြစ်နေတယ်မလား။ဖြစ်မှ ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိတယ်မလား။မိုင်ထောင်ချီတဲ့ ခရီးကို တောင်မှ ခြေတစ်လှမ်းနဲ့ပဲ စတင်ရပါတယ်တဲ့။ခရီးဆုံးကို သတ်မှတ်ပြီးပြီဆိုရင် နေ့စဉ်သွားရမယ့် လုပ်ရမယ့် ခရီးစဉ် တစ်နည်း ခရီးပန်းတိုင်ငယ်လေးတွေ ချမှတ် ဆောင်ရွက်လိုက်ပါ။မာရသွန်က ၂၆.၂ မိုင် ပြေးရမယ်ဆိုတော့ ပထမအပတ်မှာ တစ်နေ့ ၄ မိုင်ရအောင် ပြေးမယ်၊ နောက်တစ်ပတ်ကျ တစ်နေ့ ၆ မိုင် ပြေးမယ်၊ စသဖြင့် တစ်ပတ်ချင်း တိုးမြှင့် အပြေးလေ့ကျင့်သွားမယ်ဆိုရင် ၁၂ ပတ်ကြာတဲ့အခါ ပန်းဝင်အောင် ပြေးနိုင်တဲ့သူ ဖြစ်သွားမယ်။ဒီနောက် ၂၆.၂ မိုင်ကို ၄ နာရီကြာအောင် ပြေးရတယ် ဆိုပါစို့။ကမ္ဘာ့စံချိန်ဖြစ်တဲ့ ၂ နာရီ တစ်မိနစ် ကိုးစက္ကန့် ဝင်အောင် တစ်မိုင်ကို ၄.၃၇ မိနစ်နဲ့ အရောက်ပြေးရမယ်၊ စသဖြင့် ပန်းတိုင်ငယ်လေးတွေ ချမှတ်ပြီး ကြိုးစားရင် အနည်းဆုံး ပန်းတိုင်ရောက်အောင်ပြေးနိုင်တဲ့ ပထမပန်းဝင်သူ အယောက် ၂၀၀ လောက်ထဲမှာတော့ ပါဝင်အောင်လုပ်နိုင်မှာဖြစ်ပါတယ်။

ထို့အတူပဲ စာမျက်နှာ ၂၆၀ လုံးချင်းဝတ္ထုတစ်အုပ်ရေးမယ်ဆိုရင်ပဲဖြစ်ဖြစ်၊ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုခု ထူထောင်မယ်ဆိုရင်ပဲဖြစ်ဖြစ် အဲလိုပန်းတိုင်ငယ်လေးတွေ စိတ်မွှာချမှတ်ပြီး လုပ်ဆောင်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။မာရသွန်က မိမိသိပ်လိုလားတဲ့ ကိစ္စမဟုတ်ဘူးဆိုရင်လည်း ပန်းတိုင်ထားပြီး ဝိတ်ချတာကို လုပ်ကြည့်ပါ။ကိုယ်က ပေါင် ၃၀ လောက် ပိုနေလို့ ချချင်တယ်ဆိုပါစို့။ကိုယ်သေချာပေါက်လုပ်နိုင်တဲ့ ပန်းတိုင် - ဥပမာ တစ်လ ၂ ပေါင်ချမယ်ကနေ စပြီး ကြိုးစားကြည့်ပါ။

အောင်မြင်မှုဆိုတာမျိုးက တစ်ခုရပြီးတာနဲ့ နောက်ထပ် ဆက်ကာဆက်ကာရချင်တဲ့ သဘောမို့ တစ်ဆင့်ပြီး တစ်ဆင့် ပိုမိုမြင့်မားတဲ့ အောင်မြင်မှုရအောင် လုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေ ရလာမှာဖြစ်ပါတယ်။နောက်ပြီး ရည်မှန်းချက်ပန်းတိုင် အကြီးကြီးချမှတ်ပြီး လုပ်ဆောင်တာထက် ပန်းတိုင်အသေးလေးတွေက ရောက်ရှိဖို့ ကိုင်တွယ်ဆောင်ရွက်ရတာ ပိုလွယ်တဲ့အတွက် အောင်မြင်နိုင်ခြေ ပိုများပြီး၊ အောင်မြင်မှုအခါခါရတဲ့အတွက် စိတ်ကျေနပ်ပျော်ရွှင်မှု၊ တက်ကြွပြီး ပိုမိုလုပ်ချင်ကိုင်ချင်စိတ်ရှိလာမှု၊ အောင်မြင်အောင် လုပ်ဆောင်ဖို့ လမ်းစ/နည်းလမ်းတွေ တွေ့ရှိလာနိုင်တဲ့ ဉာဏ်ကွန့်မြူးတာတွေ၊ ဉာဏ်ရွှင်တာတွေပါ အလိုအလျောက် ရရှိလာပါလိမ့်မယ်။အောင်မြင်မှုအသေးလေးတွေ ရလာတိုင်းလည်း အောင်မြင်မှုအရသာကို ခဏတာ နှစ်ခြိုက်ခံစားဖို့၊ မိမိကိုယ်ကို ချီးကျူးဂုဏ်ပြုဖို့နဲ့ အောင်ပွဲခံဖို့ မမေ့ပါနဲ့။

ဒါ့အပြင် အောင်မြင်မှုမှာ ယစ်မူးမနေဘဲ၊ နောက်ဆက်ရမယ့် ပန်းတိုင်တွေကို  ဇွဲလုံ့လဝိရိယရှိစွာနဲ့ တစိုက်မတ်မတ် ဆက်လုပ်ရမယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သင်ဟာ လူသားတစ်ဦးသာဖြစ်တဲ့အတွက် ပင်ပန်းနွမ်းနယ် လက်ပမ်းကျတာမျိုးနဲ့လည်း ကြုံလာနိုင်တာ သတိထားပါ။ပင်ပန်းတဲ့အခါမှာ အလုပ်မတွင်ဘဲ ဆုတ်ယုတ်တတ်တဲ့အတွက် ခဏလေး မိမိကိုယ်ကို စိတ်ရောကိုယ်ပါ အနားပေးပြီး အားပြန်ဖြည့်ဖို့လိုတယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ပြောင်းလွယ် ပြင်လွယ် စိတ်သဘောထားရှိဖို့လည်း လိုပါတယ်။

           အကောင်းမြင်တဲ့ စိတ်ထားမရှိရင် ကောင်းတဲ့ရလဒ်တွေ မရနိုင်ဘူး

စိတ်နေသဘောထားသည် အရာရာဆိုတဲ့ စကားကို မကြာခဏကြားဖူးပါလိမ့်မယ်။ဟုတ်ပါတယ်။အထက်ကဆိုခဲ့သလို ပန်းတိုင်အသေးလေးတွေ ချမှတ်ဆောင်ရွက်ပြီး ပိုမိုကြီးမားတဲ့ အောင်မြင်မှုကိုရအောင် လုပ်ဆောင်နိုင်တယ်လို့ဆိုပေမယ့်၊ “ငါလုပ်နိုင်တယ်” ၊ “ငါအောင်မြင်နိုင်တယ်” စတဲ့ အကောင်းမြင် စိတ်နေသဘောထား မထားရှိနိုင်ရင်လည်း ရေရှည်သွားရမယ့်ခရီးဖြစ်တဲ့အတွက် စိတ်လက်လျှော့ပြီး လမ်းခုလတ်က လှည့်ပြန်ချင်စိတ်လည်း ဖြစ်လာနိုင်ပါတယ်။သင်မရပ်နားလိုက်သရွေ့ သင်ဟာ အောင်မြင်မှုနဲ့ တစ်နေ့ တစ်လှမ်း နီးလာနေတယ်ဆိုတဲ့ စကားကို သတိရပါ။အကောင်းမြင်စိတ်က ကောင်းတဲ့ရလဒ်တွေ သယ်ဆောင်လာသလို မကောင်းမြင်စိတ် (အနုတ်လက္ခဏာဆောင်တဲ့ အဆိုးမြင်စိတ်) ကလည်း မကောင်းတဲ့ရလဒ်တွေကို ယူဆောင်လာမယ်ဆိုတာကို အမြဲသတိရှိနေဖို့ လိုပါတယ်။

အဆိုးမြင်စိတ်က ပြဿနာတွေကိုသာ မြင်တတ်ပြီး၊ အကောင်းမြင်စိတ်က အဖြေတွေ (ဖြေရှင်းနည်းတွေ) ကို မြင်လာစေပါတယ်။အထက်က ဖော်ပြတဲ့ အောင်မြင်မှုအသေးလေးတွေနဲ့ စတဲ့ နည်းမှာလည်း အလုံးစုံအောင် မြင်နိုင်မယ်လို့ မဆိုနိုင်ဘဲ အခက်အခဲ အကြပ်အတည်း အတားအဆီးတွေ တွေ့လာနိုင်တာပဲဖြစ်ပါတယ်။အဲလိုအခြေအနေမျိုးမှာ အကောင်းမြင်စိတ်ရှိတဲ့သူက ဒီအဖြစ်အပျက်ကနေ သင်ယူစရာ အသစ်တွေရဖို့ အခွင့်အရေးပဲ၊ ဘယ်လိုထိုးဖောက်ထွက်နိုင်မလဲ၊ ဖြေရှင်းလို့ရမယ့် နည်းလမ်းက ဘာလဲဆိုတာကို ရှာဖွေမှာဖြစ်ပေမယ့်၊ အဆိုးမြင်စိတ်ရှိတဲ့သူကတော့ ဘာကြောင့်ဖြစ်ရတာ ညာကြောင့်ဖြစ်ရတာ၊ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်၊ ဘာမှမရှိဘဲ ဖြစ်ပြီပေါ့ စသဖြင့် အပြစ်ဖို့စရာကိုသာရှာပြီး၊ နည်းလမ်းတစ်ခုခုရှာပြီး ဖြေရှင်းဖောက်ထွက်ဖို့ မစဉ်းစားဘဲ ပြဿနာထဲမှာ လုံးလည်ချာလည်လိုက်နေမှာဖြစ်ပါတယ်။

ဒါ့အပြင် အဆိုးမြင်သမားမှာ စိတ်ကျေနပ်ပျော်ရွှင်စရာ ဘယ်တော့မှ ရှာမတွေ့တတ်ဘဲ၊ ပြဿနာတွေနဲ့ပဲ ပျော်ပိုက်နေတတ်သူဖြစ်တဲ့အတွက် အဖြေကောင်း ရလဒ်ကောင်းတွေကိုလည်း မတွေ့ရဘဲ စိတ်ပျက်လက်ပျက် စိတလျှော့ စိတ်ဓာတ်ကျတာတွေနဲ့ပဲ ဆုံစည်းရပြီး ပန်းတိုင်ကိုမရောက်နိုင်ဘဲ ဘေးရောက်သွားတတ်တာကိုသာ တွေ့ရမှာဖြစ်ပါတယ်။

နောက်ထပ်ပြဿနာတစ်ခုက အောင်မြင်မှုဆိုတာ ကျွန်တော်တို့ရဲ့ အတွင်းအရည်အချင်းလို့ ဆိုအပ်တဲ့ အသိပညာ၊ ကြိုးစားအားထုတ်မှုတွေအပေါ်မှာသာ မူတည်နေတာမဟုတ်ဘဲ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးကူညီမှုတွေပေါ်မှာလည်း မူတည်တတ်ပါတယ်။အဆိုးမြင်သမားတွေဟာ ပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်တတ်သူတွေ မဟုတ်တဲ့အတွက် အပေါင်းအသင်း၊ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုတွေ မရတတ်ဘဲ၊ အဆိုးမြင်တတ်တဲ့စိတ်က သူတို့ရဲ့အောင်မြင်မှုအတွက် အဟန့်အတားတစ်ခု ဖြစ်ရပါတယ်။

ဒါ့အပြင် အဆိုးမြင်စိတ်ရဲ့ မကောင်းကျိုး နောက်တစ်ခုက စိတ်ပျက်အားလျော့လွယ်တဲ့အတွက် အောင်မြင်မှုဆီသွားတဲ့ လမ်းကြောင်းမှာ ကြုံရမြဲဖြစ်တဲ့ အခက်အခဲအတားအဆီးတွေ၊ စိန်ခေါ်မှုတွေ၊ အနိမ့်အမြင့် အတက်အကျတွေကို ခံနိုင်ရည်မရှိဘဲ၊ နည်းနည်းအဆင်မပြေတာနဲ့ အပျက်မြင်စိတ်ကြောင့် နောက်ဆုတ်သွားတတ်တာကြောင့် ရှုံးနိမ့်ခဲ့ရင်လည်း ထူထပြီး ထပ်ကြိုးစားဖို့ မလုပ်တော့ဘဲ အောင်မြင်မှုနဲ့ ပိုဝေးအောင် ဖန်တီးသလို ဖြစ်တတ်ပါသေးတယ်။

အကောင်းမြင်သမားတွေလို အရှုံးက သင်ခန်းစာယူပြီး အခက်အခဲကို အခွင့်အရေးအတွက် အသုံးချနိုင်တဲ့ သဘောထားမရှိဘဲ အရှုံးနဲ့ ရင်ဆိုင်ရတိုင်း နောက်ဆုတ်ထွက်ပြေးတတ်သူတွေဖြစ်တဲ့အတွက် အောင်မြင်မှုက အဆိုးမြင်သမားတွေအတွက် လက်တွေ့ဖြစ်လာနိုင်ခြေနည်းတဲ့ ကိစ္စတစ်ခုဖြစ်နေပါတယ်။

အဆိုးမြင်စိတ်ရှိတဲ့သူတွေက အမြဲဆင်ခြေပေးပြီး ရှောင်ပြေးတတ်သူတွေ၊ အပြစ်ရှာ အပြစ်ဖို့တတ်တဲ့သူတွေဖြစ်တဲ့အတွက် ထစ်ကနဲ ပြဿနာကိုပဲ အာရုံစိုက်တတ်ပြီး ဖြေရှင်းဖို့ နည်းလမ်းမရှာတတ်သူတွေဖြစ်လို့ သူတို့မှာ အလုပ်ဖြစ်အောင် လုပ်တတ်တဲ့စိတ်မရှိဘူး၊ သူတို့မှာ ကြိုးစားအားထုတ်ဖို့အတွက် တက်ကြွတဲ့ အချိန်ထက် စိတ်ပျက် စိတ်ညစ် စိတ်မကျေနပ်တဲ့အချိန်က ပိုများနေတတ်ပြီး ဒါကလည်း အောင်မြင်မှုနဲ့ ဝေးဖို့ ဖန်လာတဲ့ နောက်ထပ်အကြောင်းတစ်ခုဖြစ်ပါတယ်။သူတို့ရဲ့ အကောင်းမမြင်တတ်တဲ့ စိတ်ကြောင့်လည်း တစ်ခါတလေ အခွင့်အရေးကို မမြင်တတ်ဘဲ လက်လွှတ်လိုက်ရတာမျိုးလည်း ရှိတတ်ပါသေးတယ်။

ဒါပေမဲ့ သတင်းကောင်းတစ်ခုက မိမိစိတ်နေသဘောထားဆိုတာက မိမိကိုယ်တိုင် လိုသလိုထားရှိ၊ ပြုပြင်ပြောင်းလဲနိုင်တဲ့ အရာတစ်ခုသာဖြစ်ပြီး၊ မိမိကိုယ်ကို အဆိုးမြင်သမားအဖြစ်မရောက်ဘဲ အကောင်းမြင်သမားတစ်ယောက်ဖြစ်လာအောင် ကိုယ်တိုင်ထိန်းချုပ်ကွပ်ကဲလို့ရတယ် ဆိုတာပါပဲ။

အောင်မြင်မှုအတွက် ပန်းတိုင်အသေးလေးတွေ စိတ်မွှာချမှတ်ပြီး မြဲမြံပိုင်နိုင်တဲ့ ခြေလှမ်းတွေနဲ့ ချီတက်ဆွတ်ခူးဖို့နဲ့ အဲလိုချီတက်ရာမှာ အကောင်းမြင်စိတ်မွေးပြီး၊ မကောင်းမြင်စိတ်ကို ဖယ်ထားပစ်နိုင်မှ သေချာတဲ့ အောင်မြင်မှုရနိုင်ပြီး၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူကျေနပ် ပျော်ရွှင်နိုင်မှာဖြစ်တဲ့အတွက် ဒီနည်းလမ်းလေးတွေကို လက်တွေ့ကျင့်သုံးပြီး အလုပ်ကို ပိုင်နိုင် အောင်မြင်သူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

မေတ္တာဖြင့် .....

သက်ထွန်း (သျှမ်း)