【 ဆောင်းပါး 】 အရက်၊ ဘီယာ စွဲလန်းရင် ပြဿနာ

【 ဆောင်းပါး 】 အရက်၊ ဘီယာ စွဲလန်းရင် ပြဿနာ

ကျနော်တို့ လောကသားများမှာ အရက်နဲ့ မကင်းရုံတင်မက အရက်ပင်လယ်ထဲ ဘဝကြီးတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံတင်မက စောစောစီးစီး တိမ်းပါးသွားကြသူတွေ မနည်းလှ။ကျနော်တို့လောကသားတွေ ဘာ့ကြောင့်အရက်ကြိုက်သလဲဆိုတာ မပြောတတ်။သူငယ်ချင်း ကဗျာဆရာတစ်ယောက်ရဲ့ မှတ်ချက်က အရက်ကိုလည်းကြိုက်သလို အရက်သောက်ရင်း ပွားရတာကိုလည်း ကြိုက်ကြသတဲ့။ဆိုတော့ ၂ မျိုးစလုံးကို ကြိုက်ကြလို့ပဲ ဖြတ်ရခက်လေသလား။သောက်လိုက်ကြတာမှ အလဲအကွဲဆိုတာချည်း။

ပြီးတော့ ကျန်းမာရေးထိခိုက်မှု သက်သာနိုင်ခြေရှိတဲ့ အရက်ကောင်းတွေကို မသောက်နိုင်ကြရှာလေတော့ စောစောစီးစီး ယောင်ကိုင်းကြ၊ စောစောစီးစီး ဆေးရုံနဲ့ အိမ်သွားချည်လာချည်လုပ်ကြနဲ့ တော်တော့်ကို မလွယ်။ပြဿနာက အရက်ကို သတိကြီးကြီးထား မသောက်နိုင်ကြခြင်းများ။

အစ်ကို ကဗျာဆရာတစ်ယောက်ကတော့ အရက်နည်းနည်းသန့်တာသောက်နိုင်လို့လား၊ သူ့ဆေးနည်းကပဲ တကယ်စွမ်းတာလားမသိ။သူဆိုရင် အရက်ကို နေ့စဉ်သောက်လေ့ရှိသလို သောက်တိုင်းလည်း ခပ်များများသောက်နိုင်ရုံတင်မက ဘယ်သူနဲ့မဆို နောက်ဆုံးဝမ်နိမ်ခေါ်တဲ့ခွက်အထိ သောက်နိုင်တဲ့သူ။သူ့အလုပ်က ခန္ဓာကိုယ်ဘာချို့ယွင်းချင်နေသလဲလို့ နှစ်စဉ်ဆေးစစ်ပေးလေ့ရှိရာ နေ့စဉ်သောက် အရက်သမားလို့ဆိုနိုင်သူက ဘာဆိုဘာမှမဖြစ်။နေ့စဉ်နီးပါး ရေချိန်ခပ်လွန်လွန်သောက်တာကြာပြီဖြစ်တဲ့ သူ့ရဲ့အသည်း ဘာဆိုဘာမှမဖြစ်တာကို ဆရာဝန်က ဘယ်လိုမှလက်မခံနိုင်။အသည်းဆေးသောက်သလားဆိုတော့ နိုး။ဒါဆို ဘာသောက်သလဲဆိုတော့ အရက်ကလွဲလို့ ဘာမှမသောက်ပါတဲ့။ဆရာဝန်က မဖြစ်နိုင်ဘူးလို့ဆိုကာ ထပ်စဉ်းစားခိုင်းပြန်သတဲ့။

‘ကျနော် တော်တော်စဉ်းစားယူရတယ်။ဒီလောက်အရက်သောက်နေတာတောင် ၃-၄ နှစ် စစ်နေတာ ဘာမှမဖြစ်ဘူးဆိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်ယုံမလဲ။အဲဒါနဲ့ သေချာပြူးပြဲစဉ်းစားကြည့်တော့မှ ရေများများသောက်တာ သွားတွေ့ရတယ်။ကျနော်က အလကားနေရင်း ရေသောက်တာ ခပ်ငယ်ငယ်ကတည်းကဆိုတော့ အိမ်မှာဆို မြေအိုးအောက်မှာ အေးအောင် သဲခင်းထားပြီး တစွတ်စွတ်သောက်နေတော့တာ’ တဲ့။

သူက ရေမသောက်ရရင် မနေနိုင်၊ အလိုလို အာခြောက်နေသလို။အဲဒါကြောင့် သာမန်ပြည်သူ ရေသောက်နှုန်းရဲ့ သုံး၊ လေးဆမက။ဆရာဝန်က သူ့ရေသောက်နိုင်စွမ်းကြောင့် ခန္ဓာကိုယ်ထဲ အန္တရာယ်ဖြစ်စေမယ့် အရက်တွေကို ဆေးချလိုက်တာလို့ ကောက်ချက်ချတယ်။ဆရာဝန်ကောက်ချက်က ဘယ်လောက်ထိ မှန်၊ မမှန်တော့ မသိ။အစ်ကို ကဗျာဆရာက မျက်နှာက ဘယ်အချိန်ကြည့်ကြည့် မဖောမယောင်၊ အသားအရေမှိုင်းကျ မွဲပြာသွားတာမျိုးမရှိ။သူ့အသားအရေ ရေအသောက်များလို့ပဲ ကြည်လင်နေတာလား မပြောတတ်။ပြီးခဲ့တဲ့ ၃-၄ နှစ်လောက်ကစ အရင်လို နေ့စဉ်အရက်မသောက်တော့ဘဲ တစ်ပတ် တစ်ရက်၊ နှစ်ရက်လောက်သာ သောက်တော့တာကြောင့် သူ့အသားအရေ ပိုစိုပြေလာ။အခု ၅၅ ဆိုတဲ့ အသက်နဲ့မလိုက်ဖက်အောင် နုပျိုလို့။

‘ကျနော်က အရက်မသောက်သင့်တဲ့အထဲမှာ ပါတယ်’ တဲ့။ဘာလို့လဲလို့ မေးကြည့်တော့ အရမ်းသောက်နိုင်တဲ့အထဲမှာ ပါနေလို့တဲ့။အမှန်ပဲ တချို့ကမူးလာပြီဆို အင်မတန် ရေအဆင်းကောင်းတဲ့ ရေဒယောက်ပမာ အရက်ကိုရေလို သောက်နိုင်ကြတယ်။တချို့က သောက်လည်းသောက်နိုင်၊ အရက်ကို တစ်ဝိုင်းပြီး တစ်ဝိုင်း ပြောင်းသောက်ရတာကို ကြိုက်လှ။

ကျနော့်သူငယ်ချင်းတစ်ယောက်ရှိတယ်။သူ့အလုပ်က ရန်ကုန်မြို့ထဲ။ဝင်ငွေလေးကလည်း အထိုက်အလျောက်သောက်နိုင်တဲ့အဆင့်၊ အရက်ကိုလည်း ကြိုက်သမို့ တစ်ပတ်မှာ ၅ ရက် ညလုံးပေါက် အရက်သောက်တဲ့သူ။ပြီးတော့ တစ်ယောက်တည်းလည်း မသောက်တတ်သူဆိုတော့ ပိုဆိုး။သူက ညဦးပိုင်းမှာ ရန်ကုန်မြို့ထဲက တစ်နေရာရာမှာ ဘော်ဒါတွေနဲ့ သောက်လေ့ရှိတယ်။သောက်တာမှ ၁၀ နာရီကျော် တော်ရုံနဲ့ ဝိုင်းမသိမ်းချင်။ဝိုင်းသိမ်းပြီဆို အခု သီရိမင်္ဂလာဈေးဟောင်းအထိ ကားစီး။အဲဒီကာလက သီရိမင်္ဂလာဈေးသစ် မပေါ်သေးတာကြောင့် အလုံ ဆင်မင်းဈေးနားက သီရိမင်္ဂလာဈေးဟာ ညလုံးပေါက် လိုင်းကားတွေ ဈေးသည်တွေ ဈေးဝယ်တွေနဲ့ လူအုံးအုံးထနေတဲ့နေရာပေါ့။ကျနော့်မိတ်ဆွေက သီရိမင်္ဂလာဈေးရောက်ရင် တစ်ထောက်နားကာ ဖောက်သည်တောင်ဖြစ်နေတဲ့ ဘီအီးဆိုင်မှာ တစ်ပိုင်းလောက်ထပ်မှာပြီး ချတယ်။များသောအားဖြင့် သူ့ဘေးမှာ သူ့ဘော်ဒါတစ်ယောက်တော့ ပါလေ့ရှိသလို့ တော်ကီတွေလည်းပစ်လို့။မနက် ၁ နာရီလောက်ဆို စားပွဲပေါ်ခေါင်းစိုက်လို့ထိုင်လျက် တစ်ရေးအိပ်။ ၃ နာရီလောက်ဆို စားပွဲထိုးတွေက လာနှိုးကာ အိပ်ချင်ပြေ ဇက်ကြောပါဆွဲပေးလိုက်သေး။အဲဒါအခါကျမှထကာ သီရိမင်္ဂလာဈေးထဲ ဈေးသက်သာတဲ့ ဟင်းသီးဟင်းရွက်တစ်ခုခု တပွေ့ကြီးဝယ်ကာ ပြန်သွားလေရဲ့။အိမ်ပြန်ရောက်တော့ မနက် ၄ နာရီကျော်။နှစ်နဲ့ချီကြာလာတော့ သူ့မိသားစုဘဝပါ ထိခိုက်လာတယ်။နောက်ပိုင်း မိသားစုပြိုကွဲတဲ့အဆင့်ထိ ရောက်သွားခဲ့တယ်။အရက်ကပေးတဲ့ ဖရိုဖရဲဖြစ်စဉ်ထဲက တစ်ခု။

ကျနော်ဆိုရင်လည်း အရက်၊ ဘီယာ ကြိုက်တယ်ဆိုတဲ့အထဲက တစ်ယောက်။တခြားလူတွေလိုတော့  အများကြီးမသောက်နိုင်။ဒါပေမဲ့ ဘယ်အရာမဆို ပုံမှန်မှီဝဲရင် လစ်မစ်တက်လာတတ်ပေမယ့် သူများနဲ့ယှဉ်လိုက်ရင် နောက်ဆုံးကလိုက်တဲ့ အစားထဲက။ပြီးတော့ အရက်နဲ့ ဘီယာကို အမြည်းလေးဖွယ်ဖွယ်ရာရာလေးနဲ့မှ မြိုရတာအဆင်ပြေသူမို့ ကြုံသလိုသောက်တဲ့အထဲ မပါ။

အသက် ၄၀ ကျော်လာတော့ တစ်ခုခုရဲ့ လွှမ်းမိုးမှုကို မခံချင်တာရော၊ အလုပ်ပျက်မခံချင်တာရော မူးတဲ့အရသာကို ကြိုက်လာတာကြောင့်ပါ အရက်နဲ့ ဘီယာကို သေချာဆင်ခြင်၊ သေချာပြင်ဆင်ပြီး သောက်တတ်လာတယ်။သူငယ်ချင်းတွေနဲ့ သောက်လို့ တစ်ခါတရံ နည်းနည်းလွန်သွားတာမျိုးရှိတာကလွဲ ပုံမှန်အားဖြင့် မူးလာရင် တော်ပြီဆိုတာမျိုး။မူးလာရင် တော်မှပဲ အရက်မူးခြင်းရဲ့ အရသာကို ခံစားရတာမျိုးဆိုတော့ မူးတာကိုခံစားချင်ရင် ရပ်ရမယ့်အချိန်ကို သိမှ။

ကျနော်က အရက်လေးငုံလိုက်၊ အမြည်းလည်းတစ်ဖတ်စားလိုက် စာအုပ်လေးဖတ်လိုက်နဲ့ အဲဒီအရသာကိုလည်း သိပ်ကြိုက်တာဆိုတော့ တစ်ပတ် တစ်ရက်တော့ သောက်ဖြစ်တယ်။အရက်သောက်တယ်ဆိုတာ ကျနော့်အတွက် အနားယူခြင်းပါပဲ။

ငြိမ်းဆက်