【 ဆောင်းပါး 】 အပြုသဘောစိတ်

【 ဆောင်းပါး 】 အပြုသဘောစိတ်

ဘယ်နေရာမဆို အကောင်းမြင်စိတ်ရှိဖို့လိုသည်ဟု ငယ်စဉ် ကျောင်းသားဘ၀ကတည်းက ဆရာက ဆိုဆုံးမသည်ကို နာခံခဲ့ရသည်။ယခုအရွယ်ရောက်သည်အထိ ကြုံကြိုက်သည့်အခါ ဆရာသမားများက ဘဝကို အကောင်းမြင်ဖို့ဆိုသည်ကို ပြောလေ့ရှိသည်။အကောင်းမြင်ဖို့ဆိုသည်မှာ ပြောရတာလွယ်သော်လည်း တကယ်ကျင့်သုံးဖို့ရာမလွယ်။ပြောရလျှင် ဘုရားမှန်မှန်ရှိခိုးဖို့ဆိုတာ မလွယ်သလိုပင်။

ကျနော်အလုပ်လုပ်ခဲ့သည်က ပထမအစိုးရဝန်ထမ်း၊ နောက် အကြောင်းတစ်ခုကြောင့် နယ်ရွှေ့ခံရသည်အခါ အလုပ်ကနေ အပြီးထွက်ပြီး စာသင်ကြားသူအဖြစ် ဘဝကို ဖြတ်သန်းခဲ့သူဖြစ်သည်။စာသင်ကြားခြင်းဖြင့် ဘဝကို ပြီးခဲ့သည့် ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး ယခုအခါမှ စာသင်ကြားခြင်းကို ပြန်လုပ်ရန် ပြင်ဆင်နေသူဖြစ်သည်။ဒီကြားကာလထဲတွင် ရှာထားသမျှ ထိုင်စားရသလို ညီအစ်ကိုမောင်နှမ၊ တူ၊ တူမတွေ ထောက်ပံ့ထားတာနှင့် စားသောက်စရိတ်ကို ခြိုးခြံချွေတာပြီး နေထိုင်ခဲ့ရသည်။ထိုကာလတွင် အခက်အခဲတွေက အများကြီး။သို့သော် မငြီးငြူရဲ။ကိုယ့်ထက်ဆိုးသည့်ဘဝတွေက တစ်ပုံကြီးဖြစ်သလို မကြားဝံ့မနာသာ အခက်အခဲတွေကို ကိုယ်ပတ်ဝန်းကျင်မှာ မမြင်ရက်စရာတွေ့နေရသဖြင့် မငြီးငြူရဲတာလည်းပါသည်။

ဘယ်သူမဆို အခက်အခဲရှိချင်ကြမည် မဟုတ်။ပြေလည်စွာ နေလိုကြသည်။ ကိုယ်ကသာ ပေးကမ်းချင်ကြသည်ပဲဖြစ်သည်။သို့သော် ဘဝပေးကံတွေ မတူသည့်အခါ ဖြစ်ချင်သလို မဖြစ်ကြသလို လုပ်သလို ကြိုးစားသလို မဖြစ်တာတွေလည်းရှိသည်။ထို့အတွက် ထိုသို့မဖြစ်ဖို့ ‘ကံ’ ကိုပြင်ရန် အခြေခံစိတ်ကိုပြင်ဖို့ လူကြီးသူမတွေက ပြောကြဆိုကြခြင်းဖြစ်သည်။

အခြေခံစိတ်ကို ပြင်ဖို့အတွက် အဓိကမှာ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေသည့် အဖြစ်အပျက်တွေ ပြုသူတွေကို မြင်သည့်စိတ်ကို ပြင်ပေးရန်ဖြစ်သည်။ထိုသို့အမြင်ကို ပြင်ပေးပါက အနည်းဆုံးတော့ မိမိစိတ်မှာဖြစ်နေသည့် မကျေနပ်မှုနှင့် ဒေါသတွေ ချုပ်ငြိမ်းလေမည်ဖြစ်သည်။

ထို့အတွက် ငြင်းစရာတွေရှိမည်ဖြစ်သော်လည်း ကျနော်အတွေ့အကြုံတစ်ခုကို ဒီနေရာမှာ ပြောပြချင်ပါသည်။ထိုစဉ်က ကျနော် အင်းစိန်ဘက်မှာ စာသင်နေစဉ်ဖြစ်သည်။ သူငယ်ချင်းတစ်ယောက်၏ စာသင်ဝိုင်းတွင် ကိုယ်မကျွမ်းကျင်သည့် ဘာသာကို အစားဝင်သင်ပေးနေရချိန်ဖြစ်သည်။တစ်ရက် ကမ်းနားဘက်မှ လာတက်သော ကျောင်းသားမှာ စာသင်ချိန်တွင် အာရုံမစိုက်ဘဲ ဘေးနားက သူငယ်ချင်းနှင့် စကားပြောနေသည်။ကျနော်က စာသင်စင်ပေါ်မှကြည့်သဖြင့် အတိုင်းသားမြင်ရသည်။ထိုကျောင်းသားမှာ ကျနော်မျက်စိထဲ ထောင့်မကျိုး။ကျနော်လှမ်းကြည့်သည်ကိုမြင်သဖြင့် ရယ်ပြသည်ကို ကျနော့်အမြင်က မထီလေးစားလုပ်သည်ဟု မြင်မိသည်။ထိုမှစပြီး ထိုကျောင်းသားအပေါ် ကျနော်အမြင်မကြည်လင်။

ထိုကျောင်းသားမိဘတွေက ကမ်းနားဘက်မှ ပျံကျအလုပ်သမားတွေဟု သိရပြီး ရန်ခဏခဏဖြစ်တတ်သော အစ်ကိုတွေလည်းရှိသည်။ထို့ကြောင့် ထိုကျောင်းသားကို ကျူရှင်ကလူတွေက သိပ်ပြီးအပေါင်းအသင်းမလုပ်။ကျူရှင်လာတက်သော်လည်း အမြဲတမ်းချွေးတရွှဲရွှဲနှင့်။ဆယ်တန်း ပထမနှစ်ဝက်အပြီးထိ ထိုကျောင်းသားနှင့် ကျနော် သိပ်အဆင်မပြေ။ဒါက ကျနော့်ဘက်က ဖြစ်နေခြင်းဖြစ်သည်။ကျနော်က ထိုတုန်းက အင်းစိန်သို့လာလျှင် လှိုင်သာယာ ၅၉ ဒိုင်နာကို စီးသည်။သမိုင်းရောက်မှ ပေါက်တောဝ သွားသည့် လိုင်းကားကိုစီးသည်။တစ်ရက်တော့ စာသင်အပြီး မြို့ထဲသွားလိုသဖြင့် ၄၈ ကို ပေါက်တောဝကနေ စီးသည့်အခါ ထိုကားပေါ်တွင် ကျနော်အမြင်မကြည်သော ကျောင်းသားကို စပယ်ယာအဖြစ် မြင်ရသည်။

ထိုကျောင်းသားက ကျနော်မြင်သည့်အခါ ပျာပျာသလဲနှင့် “ဆရာ မြိုထဲသွားမလို့လား” ဆိုကာ ကားခပင်မယူ။ထိုစဉ်က ကားခမှ ၂၀ ကျပ်။ကျောင်းမတက်ဘဲ ကျူရှင်တက်ကာ ဆယ်တန်းကို အပြင်မှဖြေရန် ကြိုးစားနေသူဖြစ်ပြီး မိသားစုအခြေအနေကြောင့် စပယ်ယာလုပ်နေရသူဖြစ်ကြောင်း သိလာရသည်။ထိုနောက်ပိုင်း ကျူရှင်မှာ သူဘာကြောင့် ချွေးတွေရွှဲနေတာ၊ ဘေးလူနှင့်စကားပြောနေတာ စသဖြင့် အပြုအမှုတွေရဲ့ နောက်ခံကို သိလာရတော့ ကျနော့်အမြင်တွေပြောင်းသွားသည်။ထိုကျောင်းသား အခက်အခဲကိုကူဖို့ စိတ်ဖြစ်လာသည်။ထိုကျောင်းသားမှာ သူ့အတွက် ရင်ဖွင့်ရမည့်သူမှာ ကျနော်ဖြစ်လာသည်အထိ အပြောင်းအလဲဖြစ်လာခဲ့သည်။ယခု ထိုကျောင်းသားမှာ မလေးရှားတွင် သွားအလုပ်လုပ်နေသည်မှာ ကြာပြီ။

ဆိုလိုချင်သည်က စိတ်လေးတစ်ခု ပြောင်းလဲမြင်လိုက်သည်နှင့် တစ်ဘက်ဘက်တွင် ကြီးမားသည့် အပြောင်းအလဲများ ဖြစ်လာခြင်းပင်ဖြစ်သည်။အနည်းဆုံးတော့ စိတ်ချမ်းသာရခြင်းပင်ဖြစ်သည်။ထိုသို့သောစိတ်ထားခြင်းကို ကျနော်တို့လို သေဖို့စောင့်ရသည့် အရွယ်များတွင်ပင် အတော်ကိုလုပ်ယူရသည်ဖြစ်ရာ တခြားသူတွေကို ဒီလိုစိတ်ထားဖို့ ပြောရခြင်းမှာ လွယ်တော့မလွယ်။သို့သော် ကိုဗစ် ပထမ-ဒုတိယကာလမျိုးတွင် ထိုသို့သောအပြုစိတ်ကို လူတွေအတော်များများတွင် ဖြစ်တည်လာအောင် လုပ်ပေးနိုင်ခဲ့သူရှိခဲ့ရာ ထိုသို့လုပ်ပေးနိုင်ခဲ့ခြင်းကြောင့် တခြားသူပေါ် ကိုယ်ချင်းစာစိတ်၊ အပြုသဘောဖြင့် နားလည်စိတ်၊ ဖေးမကူစိတ်တွေ ဖြစ်ထွန်းလာသဖြင့် ကူသူကယ်သူမဲ့သည့် ကိုဗစ်တတိယကာလတွင် အချင်းချင်း အပြုသဘောဖြင့် ဖေးမကူကြခြင်းကြောင့် အဆိုးထဲမှ အကောင်းဆုံးဆိုသလို စိတ်ကိုဖြေနိုင်ခဲ့ကြသည်။

အပြုသဘောဖြင့် မြင်ခြင်းက တစ်နည်းအားဖြင့် ဖြည့်တွေးပေးခြင်းဖြစ်သည်။တခြားသူအခက်အခဲကို နားလည်ပေးခြင်းဖြစ်သည်။တခြားသူ စိတ်ခံစားချက်ကို ဖြည့်တွေးပေးပြီး နားလည်ပေးခြင်းလည်းဖြစ်သည်။ထိုသည်က ပြဿနာများနှင့် အခက်ခဲများကို ကြုံရသည်တွင် အနည်းဆုံးတော့ နည်းလမ်းကျကျဖြေရှင်းနိုင်ရန် အဖြေတစ်ခုထုတ်ဖို့ အခြေအနေကောင်းကို ဖန်တီးနိုင်မည်ဖြစ်သည်။

မဖြစ်လာသေးသည့် အခြေအနေကို စိတ်ပျက်နေမည်အစား ဖြစ်နိုင်သည်များကို ပိုင်ပိုင်နိုင်နိုင်လက်ခံပြီး နားလည်ပေးခြင်းမှာလည်း အကောင်းဘက်က ရှုမြင်ခြင်းဖြစ်သည်။နေရာတကာ အကောင်းမြင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သေးသလို ဖြစ်ရန်လည်း ခက်ခဲသည်ကို လက်ခံပါသည်။သို့သော် မိမိအိမ်တွင်းရှိ မိသားစုဝင်များ၏ အခက်အခဲများ၊ မိမိလုပ်ငန်းရှိ လုပ်ဖော်ကိုင်ဖက်များ၏ အခက်အခဲများ၊ မိမိပတ်ဝန်းကျင်နှင့် ထိစပ်နေသူများ၏ အခက်အခဲများကို နားလည်ပေးခြင်းက အနည်းဆုံးတော့ ပဋိပက္ခများနှင့် ပွန်းတိုက်မှုများကို ပြေလျော့စေမည် ထင်ပါသည်။ဘာမှမဖြစ်သေးသည့် ယခုလိုကာလတွင် အချင်းချင်း အပြုသဘောဖြင့် နားလည်ပေးခြင်းက အားလုံးအတွက် ကောင်းသောကံကို ဖြစ်စေမည်ဖြစ်သည်။

မောင်ဦးလွင်