【 ဆောင်းပါး 】 အငြင်းပွားစရာ သမိုင်းပြဿနာ - သမိန်ပရမ်းနှင့် ဂါမဏိ

【 ဆောင်းပါး 】 အငြင်းပွားစရာ သမိုင်းပြဿနာ - သမိန်ပရမ်းနှင့် ဂါမဏိ

ရှေးမြန်မာရာဇဝင်ကို ပေထက်အက္ခရာစတင်ခဲ့သည့် ပုဂံခေတ်ကစ၍ မြန်မာ - မွန်တို့၏ စစ်ပွဲမှတ်တမ်းများ ပူးတွဲပါဝင်ခဲ့သည်။

ပုဂံခေတ်တွင် မြန်မာဘုရင် အနော်ရထာ က သထုံဘုရင် မနူဟာ ကို စစ်ပြုခဲ့ကြောင်း၊ အနော်ရထာ စစ်နိုင်ခဲ့ကြောင်း၊ မြန်မာရာဇဝင်၊ မွန်ရာဇဝင် နှစ်မျိုးစလုံးတွင် တွေ့ရပါသည်။

မြန်မာရာဇဝင်တွင် မွန်သူရဲကောင်းတစ်ဦးအဖြစ် ထင်ရှားသူမှာ သမိန်ပရမ်း ဖြစ်ပါသည်။တွင်းသင်းရာဇဝင်နှင့် မှန်နန်းရာဇဝင်တွင် သမိန်ပရမ်းဟု ဖော်ပြပြီး၊ မွန်ရာဇဝင်တွင် သ္မိဗရမ်းဟု ဖော်ပြပါသည်။

သမိန်ပရမ်းဆိုသည်နှင့် တရုတ်သူရဲကောင်းနှင့် စီးချင်းထိုးပြီး၊ တရုတ်သူရဲကောင်းကို ခေါင်းဖြတ်ခဲ့သူဟု သိထားကြပေသည်။သို့သော် မှန်နန်းရာဇဝင် ပထမတွဲတစ်ခုတည်း၌ပင် တစ်နေရာတွင် မွန်သူရဲကောင်း သမိန်ပရမ်းနှင့် တရုတ်သူရဲကောင်း ဂါမဏိတို့ စီးချင်းတိုက်ကြသည်ဟု ဖော်ပြပြီး၊ တစ်နေရာတွင် မွန်သူရဲကောင်း သမိန်ပရမ်းနှင့် တရုတ် အမတ် စလုံကျော်ခေါင်တို့ စီးချင်းတိုက်ကြသည်ဟု ဖော်ပြချက်များအပေါ် သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်း က ထောက်ပြခဲ့ပါသည်။မွန်သူရဲကောင်း သမိန်ပရမ်း အမှန်ရှိခဲ့ပါသလားဟူသော မေးခွန်းကိုလည်း ဆရာကြီးက မေးမြန်းထားပါသည်။

ထိုသံသယကို “သမိန်ဗရမ်းဆိုတာ တကယ်လား” ခေါင်းစဉ်ဖြင့်၊ ၂၀၀၆ ခုနှစ် မေလထုတ် ဝေ့(ဖ်) မဂ္ဂဇင်း (Wave Magazine) တွင် ရေးသားခဲ့ပါသည်။

မှန်နန်းရာဇဝင် ပထမတွဲ (စာမျက်နှာ - ၂၂-၃၉) တွင်၊ အင်းဝဘုရင်၏ သားတော် မင်းရဲကျော်စွာ က မော်တုံ မော်ကယ်စား ညီနောင်ကို တိုက်သည်။မော်တုံမော်ကယ်တို့ စစ်ရှုံး၍ တရုတ်ပြည်သို့ ပြေးသည်။မင်းရဲကျော်စွာ က မော်တုံညီနော်၏ သားမယားတို့ကို အင်းဝသို့ယူသည်။

မော်တုံတို့က တရုတ်ဘုရင် ဥတည်ဘွားထံ အကူအညီတောင်းသည်။ဥတည်ဘွား က တရုတ်တပ်ကို အင်းဝသို့စေလွှတ်သည်။အင်းဝက ခံစစ်ဖြင့်နေသည်။တရုတ်က မြို့ပြင်မှဝိုင်းထားသည်။တစ်လခန့်ကြာသော် တရုတ်တို့ ရိက္ခာပြတ်သည်။တရုတ်က သူရဲကောင်းချင်းစီးချင်းထိုးရန် စေသည်။အင်းဝဘုရင်က လက်ခံသည်။

အင်းဝဘုရင်၏ သားတော်နှင့် စစ်သည်ရဲမက်များ ပဲခူးသို့ချီတက် စစ်ပြုနေသဖြင့် မြန်မာဘက်မှ စီးချင်းတိုက်ရန် လူမရှိ။ဤတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းထားသော ရာဇာဓိရာဇ်၏ သမက် သမိန်ပရမ်း ကို မြန်မာဘက်မှ သူရဲကောင်းအဖြစ် စီးချင်းထိုးစေသည်။တရုတ်သူရဲကောင်း ဂါမဏိ ကို သမိန်ပရမ်း အနိုင်ရသည်။ဂါမဏိ၏ ဦးခေါင်းကို ဖြတ်ယူခဲ့ပြီး၊ ဘုရင်မင်းခေါင် ကို ဆက်သည်။စီးချင်းမထိုးမီက သတ်မှတ်ထားသော သဘောတူညီမှုအရ၊ တရုတ်တပ်ပြန်ဆုတ်သည်။

မှန်နန်းရာဇဝင် ပထမတွဲ စာမျက်နှာ - ၁၀၈ တွင်လည်း၊ သမိန်ပရမ်းအကြောင်း တွေ့ရပြန်သည်။ဟံသာဝတီတွက် ဓမ္မစေတီ နန်းတက်လျှင် သူရဲကောင်း ငညီတုံး ကို သမိန်ပရမ်းအမည်ဖြင့် စစ်တောင်းမြို့ကို စားစေသည်။သမိန်ပရမ်း က ကျေးဇူးဆပ်သည့်အနေဖြင့် လက်စွဲတော်ဆင် နောင်ရင်းနှင့် သူရဲကောင်းလေးသောင်း တောင်းပြီး၊ တရုတ်လက်အောက်ခံ ခန္တီးသို့ချီလျက် နယ်ခြားသံတိုင်စိုက်မည်။ဥတည်ဘွား လာတိုက်လျှင်ပင် နိုင်အောင်တိုက်မည်ဟု ဓမ္မစေတီ ကို လျှောက်ပြီး သက္ကရာဇ် - ၈၃၉ ( ၁၄၇၇-၁၄၇၈) တွင် ချီတက်သည်။

သမိန်ပရမ်း နယ်ခြားသံတိုင် စိုက်သွားကြောင်း ဥတည်ဘွားကြားလျှင် တရုတ်တပ်ကိုစေလျက် ပြန်နှုတ်စေသည်။ပြန်လာသော သမိန်ပရမ်း ကို ဘုရင် မဟာသီဟသူရ၏ သားတော်လတ် သတိုးဓမ္မရာဇာနှင့် သားတော်ငယ် မင်းရဲကျော်စွာတို့က ဆီးကြိုတိုက်ခိုက်သည်။ခရီးပန်းလာသော သမိန်ပရမ်း၏ စစ်သည်များကားနာဖျားငတ်မွတ်နေသောကြောင့် ပြန်မတိုက်နိုင်။သမိန်ပရမ်း ကို လက်ရဖမ်းမိသော်လည်း၊ မဟာသီဟသူရ က သူကောင်းပြုထားသည်။

တရုတ် ဥတည်ဘွား၏ မြင်းစစ်သည်တစ်ထောင်ကို အမတ် စလုံကျော်ခေါင် ဦးဆောင်ကာ အင်းဝသို့ချီတက်လာသည်။တရုတ်တို့က စီးချင်းတိုက်ရန် တောင်းဆိုသည်။မြန်မာဘုရင်က သမိန်ပရမ်းနှင့် စီးချင်းတိုက်စေသည်။တရုတ်အမတ် စလုံကျော်ခေါင် ရှုံးသည်။စလုံကျော်ခေါင်၏ ဦးခေါင်းကို သမိန်ပရမ်း က ဖြတ်ယူခဲ့သည်။မူလကထားရှိသော ကတိအရ တရုတ်တို့ တပ်ဆုတ်သွားသည်။

မွန်ရာဇဝင်တွင် သက္ကရာဇ် - ၈၃၂ (၁၄၇၀) ၌ ဓမ္မစေတီမင်း နန်းတက်သည်။သူရဲကောင်း မင်းညီတုံး ကို သ္မိန်ဗရမ်းဟူသော အမည်ဖြင့် စစ်တောင်းကို စားစေသည်။ဓမ္မစေတီထံမှ ဆင်တော် ငချစ်တောင် ကို တောင်းယူပြီး၊ မြင်း ၅၀၀၊ ဗိုလ် ၁,၀၀၀ နှင့် တရုတ်နယ်စပ် ခန္တီးသို့ချီကာ၊ နယ်ခြားသံတိုင်စိုက်သည်။အပြန်တွင် အင်းဝဘုရင်က ဆီး၍ တိုက်ခိုက်သည်။သ္မိန်ဗရမ်း ကို မြန်မာဘုရင်က ကျွေးမွေးထားသည်။

တရုတ်တပ်ချီလာလျှင် တရုတ်အမတ် စလုံကျော်နှင့်စီးချင်းတိုက်ကြသည်။သ္မိန်ဗရမ်း က စလုံကျော် ကို ခေါင်းဖြတ်ယူခဲ့သည်။ကတိအတိုင်း တရုတ်တို့ ဆုတ်ခွာသွားသည်။

ဆရာကြီး ဒေါက်တာသန်းထွန်း က မှန်နန်းရာဇဝင် ပထမတွဲ တစ်ခုတည်း၌ ဆင်တူယိုးမှား ဇာတ်လမ်းဖြစ်နေသည်ကို ထောက်ပြသည်။

မင်းရဲကျော်စွာ က မော်တုံမော်ကယ်စား ညီနောင်ကို တိုက်သည်ဟု ဖော်ပြထားသော ခုနှစ် သက္ကရာဇ် - ၇၂၅ (၁၃၆၃) သည်၊ အမှန်က သက္ကရာဇ် - ၇၇၅ (၁၄၁၃) ဖြစ်မည်။အဘယ့်ကြောင့်ဆိုသော် သမိန်ပရမ်း ကို ဖမ်းလာသည်ဆိုသောနှစ်ကို သက္ကရာဇ် - ၇၇၆ (ခရစ်နှစ်- ၁၄၁၄) ဖြစ်သောကြောင့်ဟု ထောက်ပြသည်။

ရှေးရာဇဝင်များမှာ မူလ ပေပေါ်ရေးထားသည်များကို အဆင့်ဆင့်ကူးရေးပြီး နောက်ပိုင်းတွင် ပုံနှိပ်မူဖြစ်လာကြသည်။ထို့ကြောင့် ပေကို အဆင့်ဆင့်ကူးရာ၌ စာနှင့်ရေးထားသည့်နှစ်နှင့် ခုနှစ်၊ ဂဏန်းဖြင့်ရေးသော ၁၊ ဝ၊ ၈ တို့ လွဲတတ်ကြောင်း ထောက်ပြထားသည်။ထို့ပြင် သမိန်ပရမ်း နယ်ခြားသံတိုင်စိုက်ရန်သွားသည့် ခရီးစဉ်ကို လည်း၊ ခန္တီးမဖြစ်နိုင်ဘဲ ဗန်းမော်သာဖြစ်မည်ဟု ထောက်ပြပါသည်။မော်တုံမော်ကယ်စား ညီနောင်က ဥတည်ဘွားအား အင်းဝသို့ပါသွားသည့် သူတို့သားမယားများကို ပြန်ရလိုကြောင်း အကူအညီတောင်းရာ၌၊ တရုတ်က ဆင် - ၂၀၀၊ မြင်း - ၂,၀၀၀၊ လူ ၄၀,၀၀၀ စေလွှတ်ပေးသည်ဆိုသည်ကလည်း၊ ယုတ္တိမတန်ကြောင်း ထောက်ပြထား သည်။

မှန်နန်းရာဇဝင်တွင် ပထမဖော်ပြရာ၌ မွန်သူရဲကောင်း သမိန်ပရမ်းနှင့် တရုတ်သူရဲကောင်း ဂါမဏိဟု ဆိုသည်။

ဒုတိယဖော်ပြချက်တွင်မူ၊ မွန်သူရဲကောင်း သမိန်ပရမ်း နှင့် တရုတ်အမတ် စလုံကျော်ခေါင် ဟူ၏။သမိန်ပရမ်းနယ်ခြားသံတိုင်သွားစိုက်ရာ၌ စီးသောမြင်းကို မှန်နန်းတွင် ဆင်တော်ချစ် နောင်ရင်းဟု ဖော်ပြသည်။မွန် ရာဇဝင်တွင် ငချစ်တောင်ဆင်ဟု ဖော်ပြသည်။

မွန်ရာဇဝင်တွင် မင်းညီတုံးဘဝက၊ လူဝံနှင့်တိုက်လျှင်လည်း မင်းညီတုံး နိုင်သည်။သင်္ဘော ၇ စင်းနှင့် ရောက်လာသော ကုလားတို့သည် မင်းညီတုံး က လူဝံသေသည်ထိ တိုက်နိုင်သည်ကိုမြင်၍၊ သင်္ဘော ၄ စင်းကို မင်းညီတုံး အားပေးသည် စသဖြင့် လွန်ကြူးသော ရေးသားခြင်းများကို တွေ့ရပါသည်။

မှန်နန်းရာဇဝင်တွင် ဒုတိယဖော်ပြထားသော သမိန်ပရမ်း က နယ်ခြားသံတိုင်စိုက်၍ တရုတ်က အင်းဝကို စစ်ချီသည်ဟု ဖော်ပြခြင်းက ညောင်ဦးကမ်းပါးပြိုတာကြောင့် စန္ပါနဂိုရ်က နွားမပေါင်ကျိုး ဆိုသကဲ့သို့ ဆီဆိုင် ခြင်းမရှိဟု ထောက်ပြပါသည်။သမိန်ပရမ်း က ဟံသာဝတီမှ မွန်ဖြစ်ပြီး၊ တရုတ်တပ်ချီလာသည်က အင်းဝ မြန်မာဘုရင်ထံ ဖြစ်နေခြင်းကို ပြောလိုခြင်းဖြစ်ပါသည်။

မှန်နန်းရာဇဝင် ပထမဖော်ပြချက် သက္ကရာဇ် - ၇၂၅ (ခရစ်နှစ် - ၁၃၆၃)။

ဒုတိယဖော်ပြချက် သက္ကရာဇ် - ၈၃၉ (၁၄၇၇)။

မွန်ရာဇဝင်တွင်ဖော်ပြသော သက္ကရာဇ် - ၈၃၂ (၁၄၇၀) စသဖြင့် ကွဲပြားနေပါသည်။

မှန်နန်းတွင် ဒုတိယဖော်ပြချက်နှင့် မွန်ရာဇဝင်တွင် ဖော်ပြချက် နီးစပ်ပါသည်။မှန်နန်းတွင် တရုတ်အမတ် စလုံကျော်ခေါင်ဟု ဖော်ပြ၏။ မွန်ရာဇဝင်တွင်မူ တရုတ်အမတ် စလုံကျော်ဟု ဖော်ပြပါသည်။

မွန်ရာဇဝင်တွင် သ္မိန်ဗရမ်း က စိတ်ကြိုက်မြင်းရွေးရာ၌ မုဆိုးမတစ်ဦး၏ ကြမ်းကြုတ်သောမြင်းကို ရွေးသည်ဟုဆိုသည်။မှန်နန်းရာဇဝင်တွင် ဆင်တူရိုးမှား သမိန်ပရမ်း ဇာတ်လမ်းနှစ်မျိုးရှိခြင်းအပေါ် ဆရာကြီး ဒေါက်တာသန်းထွန်း က အမှန်တကယ်ပင် မွန်သူရဲကောင်း သမိန်ပရမ်း ရှိခဲ့လေသလား၊ သံသယဖြစ်ပါသည်။

သံသယကို အကြောင်းမဲ့ဖြစ်ခြင်းမဟုတ်။မှန်နန်းတွင် ဖော်ပြထားသည့် နယ်ခြားသံတိုင်စိုက်ရုံနှင့် ပြန်နှုတ်ရန် မြင်း ၂၀၀,၀၀၀၊ လူ ၁,၀၀၀,၀၀၀ သိန်း လွှတ်သည်ဟု ရေးသားထားခြင်းက ယုတ္တိမတန်။အင်းဝသို့ လူ ၁,၀၀၀ လွှတ်၍ ရွှေပေါင်းချောင်၊ ငွေပေါင်းချောင် ဘဏ္ဍာဆက်ရန်တောင်းသည်။ပေး၊ မပေး သူရဲကောင်းချင်း စီးချင်းထိုးကာ ဆုံးဖြတ်စေသည် ဆိုခြင်းကလည်း၊ စဉ်းစားစရာဟု ထောက်ပြသည်။

ရွှေပေါင်းချောင်းတောင်းသည်က လက်အောက်ခံနိုင်ငံအပေါ်  ပြုမူသည့် အပြုအမူဖြစ်သည်။စီးချင်းရှုံးရုံမျှဖြင့်၊ လက်အောက်ခံ နိုင်ငံတစ်ခုကို အသာတကြည် တပ်ပြန်ဆုတ်သည် ဆိုခြင်းကလည်း ယုတ္တိမတန်ဟု ဆရာကြီးက ထောက်ပြပါသည်။

ဤကား ရာဇဝင်အစကတည်းက စစ်ခင်းလာကြသော မွန် - မြန်မာ တို့၏ ချစ်ကြည်ရေး ထိုးဇာတ်လည်း ဖြစ်နိုင်ပါသည်။

မွန်သူရဲကောင်း၏ စွမ်းပကားများက လူထက် သာလွန်နေသည်။လက်ရှိ မြန်မာမြေပုံအရလည်း ခန္တီးသည် ပူတာအိုခရိုင်တွင်ရှိပြီး အတွင်းပိုင်းကျသည်။ဗန်းမော်သာလျှင် တရုတ် - မြန်မာ နယ်စပ်ဖြစ်ပေသည်။

ရှေးမင်းများ မွန်ဘုရင်ဖြစ်စေ၊ မြန်မာဘုရင်ဖြစ်စေ သူရဲကောင်းရှိသည်ဆိုပါက၊ ယနေ့ခေတ် အနုမြူလက်နက် ပိုင်ဆိုင်ထားသောနိုင်ငံမှ အစိုးရကဲ့သို့ နောက်ကျောလုံဟန်ရှိပါသည်။မွန် - မြန်မာ ချစ်ကြည်ရေးအတွက် တီထွင်ဉာဏ်ကောင်းသူ လူကြီးသူမများက ပုံပြင်၊ ဒဏ္ဍာရီအဖြစ် ပြောကောင်းပြောခဲ့မည့် မွန်သူရဲကောင်း သမိန်ပရမ်းသည် အင်းဝဘုရင်နှင့် အင်းဝပြည်သူတို့၏ ကယ်တင်ရှင်အဖြစ် မြန်မာရာဇဝင်တွင် နေရာယူနိုင်ခဲ့ပေသည်။

(၂၀၁၉ စိတ်ကူးချိုချိုက ပုံနှိပ်ခဲ့သည့် အငြင်းပွားစရာသမိုင်းပြဿနာများစာအုပ်ပါ ဆောင်းပါးကို စာရေးသူခွင့်ပြုချက်အရ ပြန်လည်ဖော်ပြပါသည်။)

ခင်နှင်းဦး
မတ် - ၆