【 ဆောင်းပါး 】 မလှူတတ်ရင် ငရဲရမယ်

【 ဆောင်းပါး 】 မလှူတတ်ရင် ငရဲရမယ်

ကျနော်က ဟိုး .. ငယ်စဉ်ကတည်းက ဘကြီးရဲ့ အများနဲ့မတူတဲ့ အမူအကျင့်တွေကို သဘောကျမိတယ်။

ကျနော်အရွယ်ရောက်လာ စာတွေပေတွေ ဖတ်မှတ်ရုံတင်မက ကိုယ့်ဘာသာ အနုပညာဖန်တီးသူတစ်ယောက် ဖြစ်လာရုံတင်မက စာပေနဲ့ အသက်မွေးဝမ်းကျောင်းတဲ့ လူတစ်ယောက်ဖြစ်လာတဲ့ အခုအချိန်ထိ ဘကြီးရဲ့ အမူအကျင့်တွေကို သဘောကျမြဲ။

ဥပမာ - အရက်ကို တစ်ပတ် တစ်ရက်၊ နှစ်ရက်ထက် ပိုမသောက်တာ၊ ဝါတွင်းဆို အရက်ရှောင်တာ၊ အင်မတန်အချိန်တိတိကျကျ စနစ်ဇယားနဲ့ နေတတ်တာ၊ပိုက်ဆံကိုမဖြုန်း သုံးတတ် လှူတတ်တာ၊ စာအစုံမဖတ်ပေမယ့် စာကို အရသာခံ ဖတ်တတ်တာ။ပြီးတော့ တီထွင်ဆန်းသစ်တတ်တာတွေက ကျနော်တို့တောမှာ ပြောစမှတ်တွင်လောက်အောင် စံပြ။

ဘကြီးရဲ့ အဲဒီလိုအများနဲ့မတူတဲ့ အမူအကျင့်တွေကြောင့်ပဲ ကျနော်တို့တောမှာ လယ်ပိုင်ရှင်သူဌေး ဖြစ်လာတယ်။ဘကြီးရဲ့ မိဘလက်ထက်ကတည်းက ခပ်များများပိုင်တဲ့ လယ်ဧက ဘကြီးလက်ထက်မှာ ပိုပိုင်လာသလို စပါးအထွက်နှုန်းတွေလည်း ကောင်းလိုက်မယ်ဆိုတာချည်း။စပါးအထွက်ကောင်းတာလည်းမပြောနဲ့၊ မြေသြဇာထည့်တာကအစ သူများနဲ့မတူ မိရိုးဖလာအတိုင်း လျှောက်မလုပ်။သူဖတ်ထားမှတ်ထားတဲ့ စိုက်ပျိုးရေးနည်းစဉ်တွေနဲ့ မိရိုးဖလာကို ပေါင်းစပ်ထားတဲ့ စိုက်ပျိုးရေးနည်းစနစ်။

ပြီးတော့ စပါးသိမ်းပြီးနောက် လယ်မြေတွေကို အလဟဿ ဒီအတိုင်း ပစ်မထား။ဟင်းသီးဟင်းရွက်တွေစိုက်၊ တခြားသီးနှံအမျိုးမျိုးစိုက်။ဘာလို့ မနားမနေစိုက်နေရတာလဲဆိုတော့ ငွေလိုချင်လွန်းလို့ ဇွတ်ငွေရှာနေတာမျိုးမဟုတ်။စိုက်နေရရင်ကိုပျော်လို့စိုက်တဲ့သဘော။

“ဘကြီးက တစ်ခုခုစိုက်နေရရင်ကို ပျော်တာ။ကိုယ့်လယ်ထဲ ပြန်တဲ့အချိန် စပါးခင်းတွေမြင်နေရရင်၊ ဟင်းသီးဟင်းရွက်တွေ စိမ်းစိုနေရင် စိတ်ကအလိုလိုပျော်နေတော့တာ” တဲ့။

အဲဒါကြောင့်လည်း ဘကြီးမိန်းမ ကြီးတော်ကြီးက “နင်တို့ဘကြီးက မိန်းမထက် သူ့အပင်တွေကို ပိုချစ်တာ” လို့ ခပ်ငေါ့ငေါ့ဆိုတတ်ရဲ့။ဒါပေမဲ့ ကြီးတော်ကလည်း သူ့ယောကျာ်း ဘာလုပ်လုပ် ကန့်ကွက်မှုမရှိ၊ ငြူစူခြင်းမရှိ။သူတတ်နိုင်တာ အကုန်ဖြည့်ဆည်းပေးနေသူ။ပြီးတော့ ဘကြီးရဲ့ပေးထွက် လှူထွက်တဲ့ လက်ကိုလည်း ဘယ်တုန်းကမှ မဟန့်။ဘကြီးကိုယ်တိုင်ကလည်း ဒီနှစ်မှာ စပါးဘယ်နှစ်စည်းထွက်တယ်ဆိုတာသာသိပြီး ငွေဘယ်လောက်ဝင်သလဲဆိုတာကို မသိ။မသိဘူးဆိုတာက စိတ်မဝင်စားလို့ မသိတဲ့ မသိမျိုး။ကိန်းဂဏန်းတွေကို ဘကြီးက စိတ်မဝင်စား။အမြဲမပြတ်လည်နေရတဲ့ ဘကြီးတို့ရဲ့ ဆန်စက်က ကိုယ့်ဘာသာ စပါးဝယ် ကြိတ်ခွဲ ရောင်းချနေတာကြောင့် အမြတ်တွေများမှန်းသိပေမယ့် ဘယ်လောက်မြတ်သလဲ ဘကြီးမသိ။ကြီးတော်ကြီး စိတ်ကြိုက် လုပ်ချင်ရာလုပ်။ဘကြီးသိတာက သူလိုတဲ့အချိန် ငွေထုတ်ပေးရင်ပြီးရော။ဘကြီးတို့လင်မယားက မဖြုန်းတတ်ရုံတင်မက သားသမီးလည်း မရှိတာကြောင့် နှစ်စဉ်စုမိဆောင်းမိက ဘယ်နည်းလိမ့်မလဲ။

ဒါပေမဲ့ တောသူဌေးတွေရဲ့အထာ ဂုဏ်ဆာတဲ့ အလှူမျိုးကိုတော့ ဘကြီးက ဘယ်တော့မှမလုပ်ဘူး။ရပ်ထဲရွာထဲ လမ်းပြင်မယ်၊ မြောင်းဖော်မယ်၊ ဇရပ်ပြင်မယ်၊ မရှိဆင်းရဲသားတွေကို လှူမယ်ဆို လာထား။ဘကြီးက ရက်ရက်ရောရော လှူဒါန်းရုံတင်မက လုပ်အားဒါနလည်း ပါလိုက်သေး။ရပ်ရေးရွာရေး ရွာသားတွေစုပေါင်းလုပ်ကြတဲ့အချိန်မျိုးဆို ဘကြီးတို့ ကျွေးလိုက်တာမှ ရှယ်ဆိုတာချည်း။

ဘကြီးရဲ့ လယ်ဌားလုပ်သူတွေရဲ့ မိသားစုတွေ၊ ဆန်စက်လုပ်သား မိသားစုတွေဆိုရင်လည်း ကျောင်းဖွင့်တဲ့အချိန်ဆို ကလေးကျောင်းစရိတ် ပူစရာမလို။တစ်နှစ်စာ ကျောင်းဝတ်စုံတွေတင်မက ကျောင်းအပ်စရိတ်နဲ့ စာအုပ်ဖိုးအကုန် ဘကြီးတို့ရဲ့တာဝန်။ပြီးတော့ ကျန်းမာရေးကိစ္စဖြစ်လာတယ်ဆိုရင်လည်း လက်မနှေး။

ပြီးတော့ ဘကြီးလယ်မှာက နှစ်စဉ် ကောက်ညှင်းဆန် နည်းနည်းထည့်စိုက်လေ့ရှိတယ်။အဲဒီကောက်ညှင်းက ဆွေမျိုးတွေ မိတ်ဆွေတွေနဲ့ အလုပ်သမားမိသားစုတွေကို ပေးဖို့ကမ်းဖို့နဲ့ လှူဖို့အတွက်။ဘကြီးတို့ ရပ်ရွာမှာက အစဉ်အလာကိုးကွယ်မှု တစ်နှစ်ကို ၂ ခါ ဦးရှင်ကြီး တင်လေ့ရှိ။ဦးရှင်ကြီးတင်တဲ့အခါ ကောက်ညှင်းနဲ့ မုန့်ဆန်း တည်ခင်းလေ့ရှိတာမို့ သူ့အလုပ်သမားမိသားစုတွေ ဦးရှင်ကြီးတင်တိုင်း ဘကြီးက ကောက်ညှင်း အလျှံပယ်ပေးမြဲ။

ပြီးတော့ စပါးသိမ်းပြီးနောက် စိုက်တဲ့ ဟင်းသီးဟင်းရွက်ဆိုရင်လည်း စိုက်တဲ့ လယ်ဌားတွေကို အမြတ်အစွန်းတစ်ဝက်ပေးသလို လယ်ဌားတွေရဲ့ မိန်းမတွေကို ဈေးထဲ ပြန်ရောင်းခိုင်းတဲ့နည်းနဲ့ ဝင်ငွေပိုရအောင် လုပ်ပေးရုံတင်မက ဈေးရောင်းရဲ ဈေးရောင်းတတ်အောင် ပံ့ပိုးပေးလိုက်သေးတယ်။အဲဒီလို ဟင်းရွက်ရောင်းရင်းနဲ့ ဈေးသည်လုပ်ချင်တယ်ဆို ရင်းနှီးငွေချေးပေး၊ မရှုံးအောင် လမ်းညွှန်ပေးရင်းနဲ့ ဈေးသည်ဖြစ်သွားသူလည်း ၁၀ ယောက်မက။တချို့ဆို ဟင်းရွက်ရောင်းဘဝကနေ ကုန်ခြောက်ဆိုင်ဖြစ်တဲ့အထိ ကြီးပွားသွားကြ။

“ကိုယ့်ကူညီမှုနဲ့ လူတစ်ယောက်ယောက် အဆင်ပြေသွားတာ ဝမ်းသာရတာပေါ့” လို့ ဘကြီးကဆိုတယ်။

အဲဒီလို ရက်ရောတတ်တဲ့ ဘကြီးက ဘာသာရေးနဲ့ဆိုင်တဲ့ အလှူမျိုးကျတော့ ကပ်စီးနည်းလေ့ရှိလို့ ဘုန်းကြီးတချို့ပင် မကြည်လင်။တချို့လူတွေက ကွယ်ရာမှာ ဒိဌိလို့ ပြစ်တင်။ဘကြီးကတော့ ဘယ်သူဘာပြောပြော သိပ်ဂရုမစိုက်တတ်တော့ သက်သောင့်သက်သာပါပဲ။

ကျနော် လူငယ်ဘဝ တောကို ပြန်ရောက်ခိုက် ဘကြီးနဲ့ရင်းတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းက ဘုန်းကြီးနေဖို့ တိုက်အဆောင်တစ်ဆောင် ဆောက်ချင်လို့ ဒါကာရင်းတစ်ဦးက အလှူငွေလာကောက်တော့ ဘကြီးက မေးခွန်းထုတ်တော့တယ်။  

“အခုကျောင်းဆောင်မှာနေ-နေတာ အဆင်ပြေနေရဲ့သားနဲ့ ဘာလို့ဆောက်မှာလဲ”

“တခြားကျောင်းတွေလည်း တိုက်တွေဘာတွေ ဆောက်နေကြတော့ ကိုယ့်ဘုန်းကြီး မျက်နှာမငယ်အောင်ပေါ့။ပြီးတော့ ဘုန်းကြီးလည်း ပိုပြီးသက်သောင့်သက်သာနေ-နေအောင်ပါ”

“ဘုန်းကြီးတွေဆိုတာ ပကာသနတွေ ဂုဏ်မပြိုင်ကောင်းဘူး။တခြားကျောင်းက တိုက်ဆောက်လို့ ကိုယ်က လိုက်ဆောက်တယ်ဆိုတာ ဘုန်းကြီးအလုပ်မဟုတ်ဘူး။ပြီးတော့ ဘုန်းကြီးဆိုတာ ခြိုးခြံချွေတာရတယ်။ဇိမ်မခံရဘူး” လို့ ဘကြီးကဆိုလိုက်တော့ အဲဒီပုဂ္ဂိုလ်က မကြည်။ဘုန်းကြီးကလည်း သူ့အကြံ လက်မခံရကောင်းလားဆိုပြီး မကြည်မလင်။

ဒါပေမဲ့၊ ပြီးခဲ့တဲ့ ၆ လလောက်က ဘုန်းကြီးကျောင်း မီးဖိုဆောင် ယိုင်နဲ့နဲ့ဖြစ်နေပြီမို့ အဲဒီသစ်သားအဆောင်ကို အကုန်ဖြိုဖျက်ပြီး တိုက်မီးဖိုဆောင်အဖြစ် ဘကြီးတစ်ဦးတည်း အကုန်ကျခံ လှူဒါန်းခဲ့သေးတာဆိုတော့ မပြောသာ။

ဘာဖြစ်လို့ မီးဖိုဆောင်ကျ လှူဒါန်းရတာလဲဆိုတော့ ဒီမီးဖိုဆောင်ဟာ ကျောင်းမှာလုပ်တဲ့ အလှူမှန်သမျှ သုံးကိုသုံးရတဲ့နေရာ။ဝါတွင်းကာလ ဥပုသ်သည်တွေလည်း ဒီမီးဖိုဆောင်ကိုပဲ အသုံးပြုရ။ဘုန်းကြီးကျောင်းရှိနေသရွေ့ မီးဖိုဆောင်ဆိုတာလည်း မရှိလို့မရ။

“ငါ့တူကြီး၊ လှူတယ်ဆိုတာ လှူတတ်မှ အကျိုးရှိတာ။မလှူတတ်ရင် ဘာကြီးလှူလှူ ဘုရားဟောနဲ့ မညီရင် ငရဲတောင်ရဦးမယ်” တဲ့။

တောသား ဘကြီးက အဲဒီလိုခေတ်မီတာမို့ ကျနော် ကြွေခဲ့ရ။

ငြိမ်းဆက်