【 ဆောင်းပါး 】 နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း (၅)

【 ဆောင်းပါး 】 နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း (၅)

သခင်မြသန်း၏ ဆေးရုံအော်ဒလီ သက်တမ်းမှာ သုံးလေးလသာ ကြာမြင့်ပါသည်။
 
တစ်နေ့တွင် ထောင်ဝါဒါချုပ်ကို ကုလားထိုင်နှင့်ပေါက်လိုက်သဖြင့် ထောင်ရုံးတင်ခြင်းခံရကာ အော်ဒလီအလုပ် ပြုတ်သွားသည်။
 
ကြိုးစားထားသော နှစ်လနီးပါး ထောင်လျှော့ရက်တွေလည်း မရတော့ချေ။သခင်နုက ရန်ဖြစ်သံကြားလျှင် “သခင်မြသန်း ဘယ်မလဲ” ဟု မေးတတ်ပါသည်။
 
“ကျနော် ဒီမှာပါ” ဟု သိရမှ “ဪ” ဟူ၍ စိတ်အေးသွားတတ်သည်။
 
နိုင်ငံရေးသင်တန်းကာလ လေးငါးခြောက်လရှိသောအခါ အစိုးရက နှောင့်ယှက်လာသည်။တစ်နေ့တွင် ၃၀ ထက်မနည်းသော စုံထောက်နှင့် ထောင်အာဏာပိုင်များ ရောက်လာပြီး စာအုပ်စာတမ်းများ သိမ်းဆည်းသွား၍ အားလုံးကို ထောင်အသီးသီးသို့ လူစုခွဲရန်လည်း ဆောင်ရွက်လာလေသည်။
 
ထိုအချိန်က သခင်မြသန်းသည် “အသွင်မတူ” ဟူသော ဝတ္ထုကိုရေး၍ သခင်နုကိုပြသည်။ သခင်နုမှာ “နဂါးနီစာအုပ်အသင်း” လူကြီးဖြစ်၍ ၎င်းစာအုပ်ကို ထုတ်ဝေရန် တိုက်တွန်းပေးသည်။
 
သခင်မြသန်းမှာ အားတက်လျက် စာမူခဖြစ်စေ စာအုပ်ဖြစ်စေ မျှော်မိလေသည်။မျှော်လင့်သည်ကား ရောက်မလာ၊ ရောက်လာသည်ကား စာအုပ်ထုတ်ဝေပေးမည့် နဂါးနီဦးထွန်းရွှေ ထောင်ထဲရောက်လာခြင်းဖြစ်၏။နောင်တွင် ၎င်းကို စစ်ပြေးအင်္ဂလိပ်အစိုးရက စစ်တွေ ထောင်၊ ထိုမှ ကလကတ္တားအထိခေါ်သွားရာ ထိုမှာပင်ကွယ်လွန်ကြောင်း သိရ၏။
 
“အသွင်မတူ” စာမူလည်း အစပျောက်သွားတော့သည်။
 
ဒုတိယကမ္ဘာစစ် အရိပ်အငွေ့တွေ တွေ့လာရသည်။သခင်စိုးနှင့် သခင်သန်းထွန်းသည် ကမ္ဘာစစ်ကြီး၏ အခြေအနေကို သုံးသပ်၍ “အင်းစိန်စစ်တမ်း” ကို ရေးကြ၏။
 
အင်္ဂလိပ်အစိုးရလည်း ထားခဲ့၍မရသော နိုင်ငံ ရေးသမားတို့ကို လူစုခွဲလေတော့သည်။သခင်တင်မြအပါ ခြောက်လ တစ်နှစ် နှစ်နည်းသောသူတို့ကား လွတ်သွားကြသည်။သခင်သန်းထွန်းကို လွတ်ရက်စေ့ပါလျက် ကာကွယ်ရေးပုဒ်မ (၂၆) ဖြင့် ဆက်ဖမ်းထားသည်။
 
ထောင်အသီးသီးသို့ ပြောင်းရွှေ့ခံရသူတို့မှာ - သခင်နု၊ သခင်မြသွင် - မန္တလေးထောင်၊ သခင်စိုးနှင့် ဘုန်းတော်ကြီးတစ်ပါး - မြင်းခြံ‌ထောင်၊ သခင်ဗစိန် သခင်တင်ဖေနှင့် ဘုန်းတော်ကြီးတစ်ပါး - ပုသိမ်ထောင်၊ သခင်ရွှေအုပ်ကြီး - တောင်ငူထောင်၊ သခင်ဖေဌေး၊ သခင်ခကြီး၊ ဗန္ဓုလဦးစိန်တို့ - မော်လမြိုင်ထောင်၊ ဝါးခယ်မသခင်သန်းလေး - မြိတ်ထောင်၊ သခင်မြသန်း၊ သခင်ကျော်စိန် သခင်ချမ်းသိမ်းတို့အား - သရက်ထောင်သို့ အသီးသီးပြောင်းရွှေ့ ပို့ဆောင်လေတော့သည်။
 
မည်သူကို မည်သည့်ထောင်သို့ ပို့ဆောင်ခြင်းအား အထူးလျှို့ဝှက်ထားသဖြင့် ရထားသင်္ဘောနေရာရောက်မှသာ ခန့်မှန်းကြည့်ရ၏။
 
သခင်မြသန်းသည်ကား ထောင်ဝန်ထမ်းကောင်လေးကို “ဘယ်သွားရမှာလဲ” ဟုရုတ်တရက်မေးလိုက်ရာ “သရက်ထောင်” ဟုပြန်ဖြေသဖြင့် သိရလေသည်။
 
သခင်သန်းထွန်း၊ သခင်လေးမောင်၊ သခင်လှဘော်ကြီး၊ သခင်ခင်အောင်တို့အပါအဝင် ပုဒ်မ (၂၆) သမားတို့အား မုံရွာထောင်သို့ ပို့လိုက်သည်။
 
နဂါးနီဦးထွန်းရွှေနှင့် မရှေးမနှောင်း ထောင်ကျသော သခင်ဗဟိန်းကိုမူ အင်းစိန်တွင် ခေတ္တသာထား၍ သာယာဝတီသို့ ပို့လေသည်။
 
ပြည်မြို့သို့ နံနက်စောစောရောက်သွား၍ သင်္ဘောတစ်ဆင့် ထပ်စီးရလေသည်၊ ဒုတိယတန်းက စီးခွင့်ရပါသည်။ပြင်ပလောကနှင့် မထိတွေ့ရသည်မှာကြာပြီဖြစ်၍ ယခုလို သာမန်ခရီးသွားများနှင့်အတူ လွတ်လပ်စွာနေခွင့်ရလေရာ လွန်စွာကြည်နူးရလေသည်။သို့သော် ဤသို့ကြည်နူးရသည်မှာ ဘာမျှမကြာလိုက်ပါ။ပြည်ကနေ နံနက် (၆) နာရီ သင်္ဘောထွက်၍ နေ့လယ် (၁) နာရီတွင် သရက်ဆိပ်ကမ်းသို့ကပ်ရန် ဥဩရှည်ကြီး ဆွဲ လိုက်သည်။ပြင်ပကမ္ဘာနှင့် ခြားနားသော နေရာတစ်ခုတွင် နေထိုင်ရပေဦးတော့မည်ဟု သခင်မြသန်း တွေးတောမိလေသည်။
 
သခင်မြသန်း သရက်ထောင်ရောက်ပြီး နှစ်လမျှအကြာတွင် အရှေ့အာရှစစ်ကြီး ဖြစ်ပွားလာတော့ သည်။စစ်ကြေညာသည်နှင့်တစ်ပြိုင်နက် တစ်နိုင်ငံလုံးမှ နိုင်ငံရေးသမားအများအပြားကို ပုဒ်မ (၂၆) အရ လိုက်လံဖမ်းဆီးကြတော့သည်။
 
သခင်မြသန်း၏ ထောင်ကျရက်မှာ လျှော့ရက်အတန်အသင့်ရလျှင် လွတ်ဖို့ရှိနေလေသည်။ဖမ်းလက်စ ထောင်ကျသူတွေအတွက် ထောင်သို့ အထက်အမိန့် မလာသေးလျှင် လွတ်စရာရှိသည်။အချိန်ကဖြင့် နီးကပ်နေလေပြီ။သို့ဖြင့် ထောင်ပိုင်ဘသန်းချိန်အား အင်းစိန်စစ်တမ်းအကြောင်းပြောကာ လုပ်စရာတွေရှိ၍ လွှတ်ပေးရန် ပြောရသည်။ထောင်ပိုင်အာဏာအတွင်းကပေး၍ရသော “ဆု” ချသော ရက်များနှင့်တွက်ကာ “ပြန်မမိစေနဲ့  ဂရုစိုက်ပေါ့ကွာ” ဟု မှာကြားကာ လွှတ်ပေးလိုက်သည်။
 
သခင်မြသန်းမှာ အိမ်သို့ တိုက်ရိုက်မပြန်သေးဘဲ နိုင်ငံရေးကိစ္စများအတွက် တောင်တွင်းကြီးသို့ သွားရသည်။ထိုမှ ဟင်္သာတသို့ရောက်သောအခါ “ဂိုရှယ်” အား ထောင်ဝင်စာတွေ့ကာ သခင်ကျော်စိန် မှာတာတွေ ပြောပြရ ဆွေးနွေးရ၏။ဓနုဖြူသို့ ဆက်ထွက်ပြီး ဘို့စ်နှင့် သခင်အေးငြိမ်းကို တွေ့ရသည်။ရန်ကုန်ဌာနချုပ်သို့ မဆင်းမီ လုပ်စရာတွေ ချိတ်ဆက်တွေရှိသည်။ဇလွန်မှ ရဲဘော်များနှင့် တွေ့သည်။ဇလွန်နှင့် ဓနုဖြူမှာ မိုင် (၂၀) ခန့်ဝေးရာ သခင်မြသန်းသည် ဟင်္သာတသခင်သိန်းနှင့်အတူ ရေကာတာကြီးအတိုင်း လျှောက်လာကြ၏။ဆောင်းတွင်းကြီး ဒီဇင်ဘာ ၂၃ တွင် ရန်ကုန်ကို ဗုံးကြဲကြောင်း သိနေရသည့်တိုင် အင်္ဂလိပ်အုပ်ချုပ်ရေးက ယခင်ထက်ပိုကျပ်လာသည်။အအေးဒဏ်မခံနိုင်၍ သတင်းစာများ မီးရှို့ကာ မီးလှုံရသည်။လမ်းခုလတ် “ကျုံရှ” ရွာသို့ ခဏဝင်ရသည်။နံနက် ၄ နာရီခန့်တွင် ဓနုဖြူသို့ဝင်လာသည်။ဗိုက်ဆာကြသဖြင့် လက်ဘက်ရည်သောက်နေဆဲတွင် ညပတ္တရောင်များကိုစစ်ဆေးသော ကရင်အမျိုးသားဌာနာအုပ် ဝါရှင်တန်နှင့် တိုက်တိုက်ဆိုင်ဆိုင် တိုးမိသည်။
 
မျက်နှာစိမ်းဖြစ်သော သူတို့ကို ပုလိပ်မျက်စိဖြင့် ကြည့်ပြီးနောက် ……..
 
“ဘယ်ကလာကြသလဲ” ဟု မေးတော့သည်။
 
“အကျော်က လာပါတယ်၊ မနက်စောစောထွက်တဲ့ ညောင်တုန်း သင်္ဘောစီးဖို့ပါ”
 
“အကျော် သူကြီး နာမည်ဘယ်သူလဲ”
 
အကျော်သူကြီးနာမည် သခင်မြသန်းတို့ မသိချေ။
 
ပုလိပ်တို့ တာဝန်ထမ်းဆောင်ပုံကား အံဩရသည်။တိုင်းပြည်လည်း ပျက်စပြုနေပြီ၊ မသိဟန်ဆောင်ခြင်းဖြင့်လည်း ဌာနာအုပ်မှာ ဘာမျှမဖြစ်။ယခုပင် တခြားမြို့ကို သွားတော့မည့်သူလည်းဖြစ်သည်။သခင်မြသန်းတို့ကို ကာကွယ်ရေးပုဒ်မ (၂၆) ဖြင့် ဖမ်းဆီး၍ မအူပင်ထောင်သို့ ပြန်ရောက်လာသည်။မအူပင်သခင် ညောင်တုန်းသခင်များလည်းရောက်လာပြန်သည်။အသေအ ချာတွေးလျှင် ထပ်မံအဖမ်းခံဖို့ရာ မိုင် (၂၀) ခရီးကိုတပင်တပမ်း လမ်းလျှောက်လာသူဖြစ်နေလေသည်။ပြန်အဖမ်းခံရသည့်သတင်းကား သတင်းစာ၌ပါလာသည်။ပြန်မမိစေနှင့်ဟု မှာလိုက်သော သရက်ထောင်ပိုင်ကြီးဘသန်းချိန်က အသေအချာမှာလိုက်ပါလျက် ယခုကဲ့သို့ ပြန်ဖမ်းမိသည်ကို အပြစ်ဆိုကြောင်း သခင်ကျော်စိန် ပြန် ပြော၍ သိရလေသည်။သို့ဖြစ်ရကား သခင်မြသန်းသည် ထောင်က (၁၂) ရက်လွတ်၍ ထောင်သို့ပြန်ဝင်ခဲ့ရလေသည်။
 
မအူပင်ထောင်၌ ဝါလားထောင်ဟုခေါ်သည့် သီသန့်အဆောင်တွင် နေရာချထား၍ ကုတင် မွေ့ယာ စောင်ခြင်ထောင်နှင့် စားပွဲကုလားထိုင်များ ချက်ချင်းစီစဉ်ပေးလေသည်။အထူးတန်းတွင် တစ်နေ့ တစ်ကျပ်ဖြင့် ငါးယောက်အတွက် ငါးကျပ်ရသည်။ပုလိပ်ဝါဒါ ပြာတာတို့မှာ တစ်လလျှင် (၁၆) ကျပ်သာရပေရာ သခင်မြသန်းတို့ရသော (၅) ကျပ်မှာ မကုန်နိုင်။ထောင်သားများသို့ ဆေးလိပ်ကအစ ဝယ်ပေးနိုင်သည်။နေရတာ အဆင် ပြေသော်လည်း နှစ်လကြာလျှင် ပြောင်းရပြန်သည်။
 
သင်္ဘောတို့မှာ အောက်ပြည်မှ အထက်သို့သာ ဆန်တက်နေသည်။အင်္ဂလိပ်တို့ အထက်မြန်မာပြည်သို့ ဆုတ်ခွာလာသည်။ဟင်္သာတထောင်သို့ရောက်လျှင် ဂိုရှယ်၊ ဘနာဂျီတိုအပြင် သခင် (၃၀) ခန့် ပါလာသည်။လွတ်ပြီးသူများ ပြန်ဖမ်းထားသည်လည်း ပါသေးသည်။သင်္ဘောလည်း ပြောင်းစီးနေရသည်။သင်္ဘောမှာ သောင်တင်လိုက် ရပ်လိုက်၊ သားငါးဆင်းဝယ်လိုက်ဖြင့် ရောက်ကာမှရောက်စေတော့။အေးအေးလူလူဖြစ်နေကြသည်။အရင်ကမသောက်ဖူးကြသော် အခုအချိန်တွင် အရက်ကို စမ်းသောက်ကြလေသေးသည်။သင်္ဘောမှ ထွက်ပြေးရန် အကြံလည်း ဖြစ်ပေါ်သေး၏။အလွယ်ပင်ဖြစ်နိုင်သော်လည်း ဂိုရှယ်နှင့် ဘနာဂျီတို့ကို တိုင်ပင်သောအခါ အင်းစိန်စစ်တမ်းကို လက်ခံကြဖို့ရာ လူစုံစေရန် စောင့် ဆိုင်းဖို့ လိုနေသည်။အထက်ဗမာပြည်ရောက်လျှင် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ကျော်စိန်၊ သခင်ဗဟိန်းတို့နှင့် တိုင်ပင်၍ အစီအစဉ်များလည်း ချမှတ်ရမည်ဖြစ်သည်။
 
သခင်မြသန်းသည် ခရိုင်ရာဇဝတ်ဝန် ဇေ‌ဗီးယားနှင့် ရေစက်မကုန်။သခင်အောင်ဆန်းနှင့် သူ့ကိုတွဲ ကာ ဟင်္သာတတွင် တရားစွဲဆိုသူဖြစ်၏။ဇေဗီးယားသည်လည်း ဆုတ်ခွာလာသူပင်ဖြစ်၏။ထောင်ပြောင်းလာသူတစ်စုမှာ စားရိတ်ပြတ်၍ ပေးစာကမ်းစာ စားနေရသည်။ထိုသူတို့က ရာဇဝတ်ဝန် ဇေဗီးယားကို တွေ့ သည့်အခိုက် စားရိတ်ငွေတောင်းကြလေသည်။ဇေဗီးယားသည် သခင်မြသန်းကို တွေ့သောအခါ …… “ငါလည်း ဥပဒေအတိုင်း လုပ်ရတာပဲ။မင်းလည်း မင်းယုံကြည်ချက်နဲ့ ထောင်အကျခံသွားတာပဲ။ဒူးမ ထောက်ဘဲ အနစ်နာခံရဲတဲ့စိတ်ဓာတ် ငါလေးစားတယ်။ဒီနေ့မှာတော့ တွက်စရာမလိုပါဘူး၊ ငွေ (၁၀၀) ယူသွား” ဇေဗီးယားသည် အစိုးရငွေသေတ္တာမှ ထုတ်ပေးလိုက်ပါသည်။ဇေဗီးယားထံ ထောင်အထူးတန်း တောင်းသူကိုလည်း ခွင့်ပြုပေးလိုက်ပါသည်။သူတို့အစိုးရကိစ္စကို ဇေဗီးယားတို့ ပိုသိလေသည်။
 
ယခုအချိန်မှာ သူတို့သည် ဟန်ကိုယ်ဖို့ လုပ်နေရသည့်တိုင် ဂျပန်တို့လက်မှလွတ်ရန် အိန္ဒိယဘက်သို့ စစ်ပြေးလာကြခြင်းပင်ဖြစ်ပါသည်။နိုင်ငံရေးသမားတို့မှာ ဇေဗီးယားကို မုန်းကြပါသည်။ရာဇဝတ်ဝန်အနေဖြင့်လည်း အာဏာကို အပြည့်သုံးခဲ့သည်သာဖြစ်သည်။သခင်အောင်ဆန်းကို ဖမ်းပေးနိုင်သူအား ဆုငွေ (၅) ကျပ်ပေးမည်ဟု ကြေညာသူမှာ ဇေဗီးယားဖြစ်သည်။
 
ယခုတွေ့ရသော ဇေဗီးယားသည်ကား အံ့ဩစရာ ဇေဗီးယား ဖြစ်နေလေတော့သည်။အခြေအနေ အချိန်အခါကို ပါးနပ်စွာသုံးတတ်သူဟုဆိုလျှင် မှားလေမလား မှန်လေမလား …….။

(ဆက်လက်ဖော်ပြပါမည်။)
 
လင်းထင်