【 ဆောင်းပါး 】 နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း (၂)

【 ဆောင်းပါး 】 နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း (၂)

နိုင်ငံရေးအရ အခွင့်အရေးရှာပြီး ချမ်းသာကြွယ်ဝနေသည်ထက် သတင်းစာဆရာ စာရေးဆရာတစ်ယောက်အနေနှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်လျက်  ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမည်ဟု သခင်မြသန်း အားခဲထားသည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ပြည်သူ့တရုတ်ပြည်မဂ္ဂဇင်းတွင်ပါသည့် “အမျိုးသားရေးဝါဒနှင့် လူမျိုးစုံသွေးစည်းရေးဝါဒ” ဆောင်းပါးကို ဘာသာပြန်ပြီး “ဂုဏ်ရောင်ဂျာနယ်” သို့ ပေးပို့ရာ ကိုယ့်စာမူကို ပုံနှိပ်စာလုံးဖြင့် မြင်ရ၍ ဝမ်းမြောက်ရသည်။ဘာသာပြန်များ ကြိုကြားရေးဖြစ်သည်။

ပြည်သူ့စာပေကော်မတီ အတွင်းရေးမှူး သခင်ကျော်စိန်က “မော်စီတုန်း” ၏ စာပေအနုပညာနှင့်ပတ်သက်သည့် “ယင်အန်မိန့်ခွန်း” စာအုပ်ကို စမ်းသပ်ပြန်ဆိုရန် ပေးသဖြင့် ဘာသာပြန်သည်။မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးသောအခါ ကျေနပ်မှုရသည်။သခင်ကျော်စိန်က “ခင်ဗျားအောင်မြင်ပြီ” ဟု အားပေးသည်။အားတက်လျက် ဘာသာပြန်ဆောင်းပါးများ ရေးဖြစ်သည်။

သည်အချိန်ဝယ် သခင်မြသန်း၏ ဇနီးမှာ ပထမကလေး နို့စို့ကလေးငယ်နှင့် ဖြစ်နေသည်။သူလည်း ငွေရှာရတာ ပင်ပန်းနေသည်။မိတ်ဆွေများထံမှာ တစ်ကျပ်၊ နှစ်ကျပ်၊ ငါးကျပ်၊ တစ်ဆယ် ချေးငှားတောင်းယူနေရသည်။ “ပြည်သူ့စာပေကော်မတီ” က စာမူကို လက်ခံလိုက်၍ ဝမ်းမြောက် ရသည်။ဝမ်းမြောက်ရသော်လည်း စာအုပ်ထုတ်ဝေရေး မတွင်ကျယ်သေး၍ ငွေသား ၂၅ိ/ နှင့် စာအုပ် ၇၅ိ/ ဖိုး ယူပါဟု ဆိုသည်။မည်သို့ဆိုစေ ကျေးဇူးတင်ရသည်။မြန်မာ့အလင်းသတင်းစာ၊ ရှေ့ဆောင်ဂျာနယ် စသည့် နေရာတို့တွင် သူသိနားလည်သော တောင်သူလယ်သမားအကြောင်း လယ်ယာမြေအကြောင်း ဆောင်းပါးအတိုအထွာများရေး၍ စားရိတ်ရှာရသည်၊ လက်ဘက်ရည်သောက် မုန့်စားဖြင့် ဂျာနယ်ဖောင်ဖြည့်ရေးရသည်လည်းရှိသည်

ဤသို့ ခက်ခဲနေသည့် အချိန်အခါဝယ် ဝန်ကြီးချုပ်သခင်နုနှင့် တွေ့ရခြင်းဖြစ်၏၊ တစ်နေ့ မြို့ထဲတွင် ဘယ်သူနှင့်များတွေ့ရလေမလဲဟု ရှာဖွေရင်း မြို့တော်ခန်းမရှေ့သို့ ရောက်သွားသည်၊ မြို့တော်ခန်းမတွင် ပြဇာတ်ကနေသည်ကို အမှတ်ရကာ ဝင်သွားခဲ့၏။သူသည် အပြင်ထွက်လာသော သခင်နုနှင့် တွေ့ဆုံရသည်။သခင်နုက “မင်းဘာလုပ်နေသလဲ လာခဲ့ဦး” ဟု ပြောသွားသည်ကို အမှတ်ရ၏၊ သို့ဖြင့် ဝန်ကြီးချုပ်အိမ်သို့ ရောက်သွား၏၊ ဝန်ကြီးချုပ်က …
“နေထိုင်စားသောက်ရေး ဘယ်လိုနေသလဲ၊ ပိုက်ဆံကြေးငွေကော ရှိရဲ့လား” ဟု မေးသည်။

သူက “မခက်ခဲပါဘူး၊ ပိုက်ဆံလည်းရှိပါတယ်” ဟူသော အဖြေကို ပေးလိုက်သည်။

“ဘာလုပ်ချင်လဲ” မေးသောအခါ

“စာပေလုပ်ငန်းပဲ လုပ်မလို့” ဟူ၍သာ ပြောပြီး ပြန်လာခဲ့ပါသည်။သခင်မြသန်းသည် ဤသို့သောသူဖြစ်ပါသည်။

သခင်ကျော်စိန်က သခင်မြသန်း ပြောပုံကို နားထောင်ပြီးသောအခါ
“ခင်ဗျား အတော်ကို ခွကျတဲ့သူ၊ သူက ပိုက်ဆံလေးဘာလေး ပေးမလို့ စကားစလာတာဗျ၊ ကိုယ့်ကိုယ်ကိုယ် ဆင်းရဲကျပ်တည်းကြောင်းမပြောဘဲ ဟန်ဆောင်တာဟာ ဓနရှင်ပေါက်စ မာန်မာနပဲ၊ ငတ်တာ ကောင်းတယ်” ဟု ပြောပါလေ‌တော့သည်။
           ===================
သခင်မြသန်းသည် တစ်ခါတုန်းက ထောင်အတွင်းဝယ် ဝန်ကြီးချုပ် သခင်နုနှင့် ဆုံတွေ့ခဲ့ကြပုံကို အမှတ်ရနေမိလေသည်။ဖြစ်စဉ်က အင်္ဂလိပ်အစိုးရသည် ဒုတိယကမ္ဘာစစ်တွင် ပါဝင်တိုက်ခိုက်နေရသဖြင့် သူ့ကိုလိုနီဖြစ်သော မြန်မာနိုင်ငံသည် သူ့ဘက်က ပါဝင်တိုက်ခိုက်ပေးစေလိုသည်။သို့သော် “တို့ဗမာအစည်းအရုံး” က ဝင်တိုက်မပေးနိုင် “အင်္ဂလိပ်အခက် ဗမာ့အချက်” ဟုဆိုကာ လွတ်လပ်ရေးရဖို့သာ ဦးတည်ရန် ညီလာခံအသီးသီး ကျင်းပလျက် အာခံနေသောအချိန်အခါဖြစ်သည်။သတိရစရာရှိနေသေးသည် “ဇလွန် ညီလာခံကြီး” တွင် “သခင်အောင်ဆန်း” သည် နှစ်နာရီကြာမျှ အားရပါးရ တရားဟောပြီးလျှင် အာဏာပိုင်တို့လက်က လွတ်အောင် ရှောင်တိမ်းသွားသည်။

ဇလွန်ညီလာခံမတိုင်မီ သာယာဝတီညီလာခံမှာ “အင်္ဂလိပ်ကို စစ်မကူရေး” ဆုံးဖြတ်ထားသည်။၎င်းဆုံးဖြတ်ချက်ကို ဇလွန်ညီလာခံတွင် သခင်မြသန်းက ထောက်ခံကြောင်း အဆိုတင်သွင်းခဲ့သည်။သခင်မြသန်းကို ကာကွယ်ရေးပုဒ်မ ၃၈ အရ ဖမ်းဆီးကာ ဟင်္သာတထောင်တွင် ချုပ်နှောင်ထားသည်။သာယာဝတီညီလာခံ၌ စစ်မကူရေးအဆိုတင်သွင်းသော သခင်နုကို ဖမ်းဆီးထား၏။

ဟင်္သာတခရိုင် ရာဇဝတ်ဝန် ဇေဘီးယားက သခင်အောင်ဆန်းကိုရလျှင် ဆုငွေ ၅ိ/ ပေးမည်ဟု အမိန့်ထုတ်ထားသည်။ဆုငွေ၏သဘောမှာ သခင်အောင် ဆန်းမှာ ၅ိ/မျှသာ တန်သည်ဟု ချိုးနှိမ်ခြင်းဖြစ်သည်။

ဇလွန်ညီလာခံအမှုဖြစ်သည့်အတွက် သခင်မြသန်းသည် သခင်အောင်ဆန်းနှင့် အမှုတွဲဖြစ်နေသဖြင့် ချုပ်ရက်ကြာရှည်ဖို့ ဖြစ်နေသည်၊ သခင်အောင်ဆန်းကို မမိမချင်း အမှုစစ်မရဖြစ်နေသည်၊ ထို့ကြောင့် ခွဲ၍ စစ်နိုင်ရန် စီစဉ်သည်။ထောင်ဒဏ် (၁) နှစ် ချလိုက်သည်၊ နိုင်ငံရေးသမား (ဘီ) အတန်း မရသဖြင့် ထောင်ထဲရောက်သည်နှင့် သခင်မြသန်းက အစာငတ်ခံသည်၊ ရက်ပေါင်းငါးဆယ်အရတွင် သာယာဝတီအမတ် သခင်မြ (အမျိုး သားခေါင်းဆောင်ကြီး) က ဥပဒေပြုလွှတ်တော်တွင် တင်ပြသဖြင့် (ဘီ) အတန်း ရလာသည်။အစာငတ်ခံနေတုန်း ဟင်္သာတ ရွှေပြောင်ဘုရားအတွင်း၌ တရားဟောခြင်းအတွက် ကာကွယ်ရေးဥပဒေပုဒ်မ ၃၈ (က) နှင့်ပင် တရားစွဲကာ နောက်ထပ် ထောင် ၆ လ ထပ်ချလိုက်သည်။

သခင်မြသန်းတို့ (ဘီ) ကလပ်ရ၍ အင်းစိန်ထောင်သို့ ပြောင်းပေးရာတွင် မီးရထားကို ဒုတိယအတန်း က စီးခွင့်ရသည့်အပြင် လက်ထိပ်မခတ်ပဲ သွားခွင့်ရသည်၊ အင်းစိန်ထောင်တွင် သခင်စိုး၊ သခင်သန်းထွန်းတို့နှင့် သခင်များစွာရှိနေသည်။သခင်နုလည်း ရန်ကုန်ထောင်မှ အင်းစိန်ထောင်သို့ရောက်လာ၍ နောက်ထပ်လည်း သခင်တွေ ထပ်ရောက်ပြန်သည်။ “ဆင်းရဲသားဝံသာနုအဖွဲ့”မှ ဦးဘုံစွမ်၊ ဗန္ဓုလဦးစိန်၊ ဓားမဦးဘသိန်းတို့လို လူကြီးတွေလည်းပါသည်။

ပုဒ်မ ၃၈ (က) ထက် ပို၍ သက်သာသော ပုဒ်မရှိသေးသည်။ကာကွယ်ရေးပုဒ်မ (၂၆) ဖြစ်၏။ထောင်ကျမဟုတ်၊ ရုံးတင်ခြင်းလည်းမလုပ်နိုင်၊ ရက်အကန့်အသတ်မရှိ ချုပ်နှောင်ခံရသည့် ကာကွယ်ရေးအကျဉ်းသားဖြစ်ပါသည်။သခင်လေးမောင်၊ သာယာဝတီသခင်ခင်အောင်၊ နဂါးနီထွန်းရွှေ၊ ဂိုရှယ်၊ မူကာဂျီ၊ ဒေါက်တာနတ်တို့လည်းပါသည်၊ အင်းစိန်မှထုတ်ခါ နယ်အသီးသီးသို့ ပြောင်းပေးသည်၊ စည်ပင်နယ်နိမိတ်အပြင်သို့ မထွက်ရဘဲ ဂါတ်တဲတွင် လက်မှတ်ထိုးရသည်၊ စားစရိတ် တစ်နေ့ တစ်ကျပ်ပေးသည်၊ သားမယားအတွက် တစ်လလျှင် လေးဆယ်၊ လေးဆယ့်ငါးကျပ် ပေးသေးသည်။

သခင်မြသန်းတို့ (ဘီ) ကလပ်မှာ နိုင်ငံရေးသမားတို့ အတူနေကြ၏၊ ည ၆ နာရီတွင် အ‌ဆောင်တံခါးပိတ်သည်။အုတ်နံရံတို့မှာ ဖြူဖွေးသန့်ရှင်းနေသည်၊ တစ်ယောက်လျှင် စားပွဲကလေးတစ်လုံးနှင့် ကုလားထိုင်တစ်ခုစီရပြီး အများသုံးအတွက် စားပွဲရှည်နှင့် ခုံများရှိသည်။အောက်လင်းဓာတ်မီးလည်း ရသေးသည်။

ည ၇ နာရီထိုးလျှင် စုဝေးကာ “တို့ဗမာ” သီချင်းကို ဆိုကြသည်၊ ကြွေးကြော်သံများ တိုင်ကြသည်။

(မီးဒုတ် မီးဒုတ် ရှို့ ရှို့)
(နယ်ချဲ့စနစ် တိုက်ဖျက်ပစ်)
(သခင်မျိုးဟေ့ တို့ဗမာ)
(အရေးတော်ပုံ အောင်ပါစေ)

ကြွေးကြော်သံများကား ထောင်နံရံများ တုန်ဟီးသွားသလား ထင်ရသည်။သခင်စိုးနှင့် သခင်သန်းထွန်းတို့ နှစ်ယောက်သည်ကား သူတို့ခုတင်များကို ဓာတ်မီးနှင့် အနီးဆုံးမှာထား၍ ညစဉ် တစ်နာရီ နှစ်နာရီ သုံးနာရီထိ စာဖတ်ကြ၏။သူတို့စာဖတ်သည်ကို အားကျသော်လည်း သူတို့လောက် ဇွဲမရှိ မဖတ်နိုင်ပေ။သခင်မြသန်းကား ထိုအချိန်က လူငယ်ကလေးဖြစ်၍ (၁၉) နှစ်သာရှိသေးသည်၊ အများက အရေးပေးကြသည်။

မှတ်မိနေသေးသည်။ထိုစဉ်က ပုံစံသမား ထောင်မှူး ဦးပန်းမောင်ကို ပြောင်းရွှေ့သွားစေလို၍ ထောင်ပိုင်ကြီးလှည့်သော နေ့တွင် ဂျော်နီဝါးကားဝီစကီပုလင်းပြကာ ဦးပန်းမောင် သွင်းလာသည်ဟု တိုင်သည်။တိုင်သူမှာ ဦးဘုံစွမ်ဖြစ်၍ သက်သေမှာ သခင်စိုးနှင့် သခင်သန်းထွန်းဖြစ်သည်။သို့သော် ထောင်ပိုင်ကြီးက သူ့လူဘက်ကရပ်၍ သူတို့သုံးယောက်ကို တစ်ယောက် တစ်ခန်းစီ တိုက်ပိတ်လိုက်သည်။သခင်မြသန်းတို့က လဘက်ရည်၊ ထမင်းတို့ကို ပို့ပေးရသည်။

အချိန်ကာလသည်ကား ၁၉၄၀ ကျော်ခန့်ဖြစ်၍ အနောက်တိုင်းတွင် ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်၊ ဗမာနိုင်ငံရေးသမား ကျောင်းသား ပြည်သူလူထုတို့က လွတ်လပ်ရေးရရန် ဤအချိန်တွင် အားထုတ်ရမည်ဟု နားလည်ထားကြ၍ အင်္ဂလိပ်အစိုးရကတော့ အပြင်မှာထား၍မရသော နိုင်ငံရေးသမားတို့ကို ဖမ်းဆီးထားလိုက်ပြီး တစ်ချိန်တွင် အိန္ဒိယနိုင်ငံဘက်သို့ ပြောင်းရွှေ့ရမည်။စစ်ပြေးအစိုးရအဖြစ် သုံးနှစ်လောက်ကြာမည်။ဂျပန်တို့ ဝင်လာလိမ့်မည်ဟူ၍ ခန့်မှန်းတွက်ချက်ထားပြီးသော အချိန်ကာလဖြစ်ပါသည်။

(ဆက်ပါဦးမည် ....။)

လင်းထင်