【 ဆောင်းပါး 】 ထောင်ထဲမှာ အပေါဆုံးဆိုတာ အချိန်

【 ဆောင်းပါး 】 ထောင်ထဲမှာ အပေါဆုံးဆိုတာ အချိန်

ထောင်ထဲမှာ လိုင်းကြေးပေးနေနိုင်သူနဲ့ ဆရာကောင်တွေအတွက် အပေါဆုံးအရာမှာ အချိန်တွေပါပဲ။
 
ထောင်အာဏာပိုင်တွေကို လိုင်းကြေးပေးထားသူတွေက ထောင်ထဲမှာ ဘာအလုပ်မှ လုပ်စရာမလို။မနက်ခင်း အခန်းတံခါးဖွင့်ပြီဆိုတာနဲ့ ဘာအလုပ်မှမရှိ အားယားနေလိုက်တာ ည အိပ်ရာဝင်တဲ့အထိဆိုတော့ အချိန်တွေ ဘယ်လောက်တောင်ပေါနေသလဲ စဉ်းစားသာကြည့်တော့။
 
ထောင်ထဲက ဆရာကောင်တွေဆိုတာက ထောင်တွင်းအုပ်ချုပ်ရေးတာဝန်ရထားကြတဲ့ အကျဉ်းသားတွေနဲ့ ဘယ်သူမှမထိရဲတဲ့ ဖိုက်တာတွေ။ထောင်တွင်းအုပ်ချုပ်ရေးဆိုတာက မန္တလေးထောင်အခေါ်ဆို တန်းစီးတွေ၊ အခန်းစာရေးတွေ၊ စကထလို့ အတိုကောက်ခေါ်တဲ့ စည်းကမ်းထိန်းသိမ်းရေးတွေနဲ့ ဘာယာတွေ။ပြီးတော့ ရေကန်ဘုတ်ကိုင်၊ ကြမ်းတိုက်ဘုတ်ကိုင်၊ တောင်ယာဘုတ်ကိုင်၊ မိလ္လာဘုတ်ကိုင်၊ ဘာဘုတ်ကိုင် ညာဘုတ်ကိုင်တို့လည်း ရှိသေး။
 
ဘုတ်ကိုင်ဆိုတာက အကြီးအမှူး၊ လူကြီးကို ခေါ်တာ။ကြမ်းတိုက်ဘုတ်ကိုင်ဆိုရင် အကျဉ်းသားတွေကို ကြမ်းတိုက်ခိုင်းရတဲ့သူ။ရေကန်ဘုတ်ကိုင်ဆို အကျဉ်းသားတွေ စနစ်တကျရေချိုးဖို့ စီမံခန့်ခွဲရတဲ့သူ။ထောင်ထဲမှာ ရေဆိုတာ ခွက်ချင်နဲ့ ရေနည်းနည်းပဲ ချိုးခွင့်ရတာမို့ ရေစိတ်ကြိုက်ချိုးချင်ရင် ရေကန်ဘုတ်ကိုင်ဆီ လိုင်းဝင်။ဒါ့ကြောင့် ရေကန်ဘုတ်ကိုင်ဆိုတာ ထောင်ထဲ ဝင်ငွေကောင်းတဲ့ ရာထူးတစ်ခု။
 
တောင်ယာဘုတ်ကိုင်ဆိုတာကလည်း ထောင်ထဲ သူလုပ်ပိုင်ခွင့်ရထားတဲ့ စိုက်ခင်းထဲ ကိုယ်စိုက်ချင်တဲ့ ဟင်းသီးဟင်းရွက် စိတ်ကြိုက်စိုက်။ထွက်လာသမျှ အသီးအနှံ ကိုယ့်ဘာသာရောင်း။ဘယ်သူ့ကိုရောင်းလို့ ရသလဲဆိုတော့ အကျဉ်းသားတွေကိုပဲ။ထောင်ထဲမှာ ကျွေးတဲ့ဟင်းဆိုတာက မျိုရခက်လှတယ်မဟုတ်လား။အပတ်စဉ် ထောင်ဝင်စာလာသူတွေတောင် ဟင်းအစိုပါလွန်းလို့ တစ်ရက်တာစာ။များသောအားဖြင့် ရေရှည် ခံမယ့် အခြောက်အခြမ်းတွေပဲဆိုတော့ ဟင်းသီးဟင်းရွက် ဆီပြန်လေးတော့ တပ်မက်ကြတာချည်း။ဒါ့ကြောင့် တတ်နိုင်သူတွေက စိုက်ခင်းထဲက ဟင်းသီးဟင်းရွက်ဝယ်၊ စားဖိုဆောင်က အကျဉ်းသားတစ်ယောက်ကို ပိုက်ဆံ (သို့မဟုတ်) ဆေးလိပ်ပေးပြီး ဆီပြန်လေးချက်ခိုင်း။
 
ထောင်ထဲ ဟင်းရောင်းစားသူတချို့ကလည်း တောင်ယာဘုတ်ကိုင်ဆီက အသီးအရွက်ဝယ်ပြီး စားဖိုမှာ ချက်ခိုင်း။ညနေကျရင် ပြန်ရောင်း။ခရမ်းသီးဆီပြန်ဟင်းတို့၊ ကန်စွန်းရွက်ကြော်တို့ ထောင်ထဲမှာ လတ်လတ်ဆတ်ဆတ်စားရဖို့ဆိုတာ ပိုက်ဆံရှိမှ။
 
အဲဒီဘုတ်ကိုင်တွေက ကိုယ့်ဘာသာ စိုက်ရပျိုးရတယ်မထင်နဲ့။ကိုယ့်ဘာသာ မနေနိုင်လို့ လုပ်ချင်သပဆိုရင်တော့ လုပ်။ဘာမှမလုပ်ချင်ဘူးဆိုလည်း လက်ကြောတစ်ချက်တင်းဖို့မလို။လျှာကြောလေးတင်းတတ်ရင် အိုကေ။
မနက်ခင်းတိုင်းမှာ ကိုယ့်တောင်ယာထဲ ခိုင်းချင်ရာခိုင်းဖို့ လွှတ်လိုက်မယ့် အကျဉ်းသားအသစ်တွေက ရှိပြီးသား။ကိုယ့်တောင်ယာအလုပ်လာလုပ်လို့ တစ်ပြားမှ ပေးစရာမလို။ဆေးလိပ်တစ်ဖွာလောက် ကိုယ့်ဘာသာ သဒ္ဓါလို့ တိုက်ရင်တိုက်။အဲဒီလို တစ်ပြားမှ ပေးစရာမလိုဘဲ ခိုင်းလို့ရတဲ့သူ ပြည့်နေသလို လက်ကြောမ တင်းလို့ဆိုပြီး ရိုက်နှက်ချင်လည်း မကျိုးမကန်းရင်ပြီးရော ရိုက်လို့ရသေး။အဲဒီလို လက်ညှိုးထိုးခိုင်းရုံနဲ့ အလုပ်ဖြစ်နေတော့ တောင်ယာဘုတ်ကိုင်ဆိုတာကလည်း အချိန်တွေအများကြီး ပိုတာပဲ။
 
မိလ္လာဘုတ်ကိုင်ဆိုတာက နေ့ခင်းဘက် အကျဉ်းသားတွေ အိမ်သာတက်ချင်ရင် လာတက်လို့ရတဲ့ မိလ္လာအဆောင်ကို ကြီးကြပ်ရတဲ့သူ။ထောင်တွင်းအိမ်သာဆိုတာက ဘေးနှစ်ဖက်သာ အုတ်အကာရှိပြီး ရှေ့မျက်နှာစာ အကာလုံးဝမရှိ။ဘာလို့အကာမရှိတာလဲဆိုတော့ အိမ်သာထဲ မူးယစ်ဆေးထိုးနေတာမျိုး။ဒါမှမ ဟုတ် အကွယ်မှာ အိမ်သာတက်နေတုန်း တစ်ဦးဦးက လာလုပ်ကြံမှာ စိုးတာကြောင့်တဲ့။
 
ကိုယ့်ဖင်အောက်မှာ ပလတ်စတစ်ခွက် ၂ ခွက်ခံထားတယ်။တစ်ခွက်က အီးပါ၊ နောက်တစ်ခွက်က သေးပေါက်ချ။ကိစ္စပြီးလို့ ကိုယ့်အီးခွက်ကိုယ် မသွန်ချင်ဘူးဆိုရင် ဆေးလိပ်တစ်လိပ်ပေးရတယ်။မိလ္လာခန်းထဲ ခိုင်းဖို့ ခေါ်ထားတဲ့ အကျဉ်းသားတစ်ယောက်က သွန်ပေးပြီး မိလ္လာဘုတ်ကိုင်က ဆေးလိပ်ရတယ်။ဆိုတော့ နေ့စဉ် မိလ္လာဘုတ်ကိုင်ရတဲ့ ဆေးပေါ့လိပ်က ဘယ်နည်းလိမ့်မလဲ။မိလ္လာဘုတ်မှာတော့ ဘုတ်ကိုင်ခိုင်းချင်ရာခိုင်းဖို့ အမြဲတမ်းဝန်ထမ်း အကျဉ်းသားတွေကလည်း ဆေးလိပ်လေးဘာလေးတော့ ရကြတယ်။
 
ညဘက် အခန်းတိုင်းမှာ ရှိတဲ့ မိလ္လာအိုးကြီးတွေ သယ်ထုတ်တာတို့၊ မိလ္လာအိုးထဲက မိလ္လာတွေကို သွားသွန်တာတို့ကျတော့ မနက်ခင်းတိုင်း မိလ္လာအလုပ် လုပ်ဖို့ လွှတ်လိုက်တဲ့ မျက်နှာမွဲအကျဉ်းသားသစ်တွေက အကုန်လုပ်ရတယ်။
ဆိုတော့ မိလ္လာဘုတ်ကိုင်ဆိုတာက နာမည်သာဆိုးပေမဲ့ သူသည်လည်း ငထော။နေ့စဉ်ရနေတဲ့ ဆေးလိပ်က မနည်းတော့ အိမ်က ထောင်ဝင်စာလာရင် စားစရာတွေ ယူလာစရာမလို။ထောင်ထဲမှာ ဆီပြန်ဟင်းနဲ့ စီးကရက်နဲ့ လက်ဖက်ရည်နဲ့ စတိုင်ကျလို့။
 
ကျနော်မြင်ဖူးတဲ့ မိလ္လာဘုတ်ကိုင်တစ်ဦးဆို ညနေခင်း တန်းပိတ်တဲ့အချိန် သနပ်ခါးအဖွေးသားနဲ့ ပေါင်ဒါနံ့တွေနဲ့ မွှေးကြိုင်လို့။သူ့ကို မိလ္လာဘုတ်ကိုင်ဆိုပြီး အနံ့ နံမယ်တို့ ဘာတို့ သူများအထင်မခံချင်တဲ့ပုံ။
 
မိလ္လာတွေကို ဘယ်မှာ သွားသွန်တာလဲဆိုတော့ ထောင်ထဲက အဆောင်တွေနဲ့ ဝေးတဲ့နေရာမှာ ကျင်းကျယ်ကျယ် နက်နက်တူးပြီး အဲဒီထဲ သွန်ချတယ်။တချို့တစ်ဝက်ကျတော့ ထောင်ပြင်ပ ထောင်ဝင်းထဲမှာ စိုက်ထားတဲ့ စိုက်ခင်းတွေထဲ မြေဩဇာအဖြစ် သွားသွန်တာလည်းရှိတယ်။
 
မှတ်မှတ်ရရ၊ မန္တလေးနန်းတွင်းထောင်ထဲ ၁၉၉၁ ခုနှစ်တုန်းကအဖြစ်အပျက်။၁၉၉၁ ခုနှစ်ရဲ့ အစ်နေ့ မှာ ထောင်ထဲက အစ္စလာမ်ဘာသာဝင်တွေကို လွတ်လွတ်လပ်လပ် နေခွင့်ပြုတယ်။လွတ်လွတ်လပ်လပ်ဆိုတာက နေ့ခင်းဘက် အိပ်ချိန်မှာ အခန်းတွင်းဝင်စရာမလိုဘဲ ထောင်ထဲမှာပဲ လွတ်လပ်စွာနေ။အဲမှာ ကျနော့်မိတ်ဆွေ အစ္စလာမ်ဘာသာဝင်တစ်ဦး ဘယ်လိုစိတ်ကူးနဲ့ မိလ္လာကန်နားသွားသလဲမသိ။ပြီးတော့ အဲဒီကန်ထဲ ဘယ်လိုဖြစ်ပြီး ခြေချော်ကျသွားသလဲမသိ။သူ့စိတ်ကလည်း ထောင်တွင်းဖိအားတွေကြောင့် တစ်ခါတရံ နည်းနည်းလွတ်တတ်တာကြောင့်လည်းပါမယ် ထင်ရဲ့။
 
“အမလေးဗျာ၊ ကယ်ကြပါဦး” ဆိုတဲ့ အသံဆိုးကြီးကြားလို့ ထောင်အာဏာပိုင်တွေက ရောက်သွားတဲ့အချိန် ကိုယ့်ဆရာက ချေးကန်ကြီးထဲ ယက်ကန်ယက်ကန်နဲ့။သူ့ကို လုံချည်တစ်ထည် ကမ်းပေးပြီး ဆွဲတင်။မန္တလေးထောင်ထဲရှိ ရေတွင်းနဲ့  ခပ်လှမ်းလှမ်းမှာ ကိုယ်တုံးလုံးချွတ်ကာ ရေလောင်းပေးရ။တိုက်လိုက်ရတဲ့ဆပ်ပြာမွှေးက တစ်ဝက်ကိုကျိုးရော။
 
“ကျနော့်မှာဗျာ ကြောက်အားလန့်အားနဲ့ အော်လိုက်မိတာ ချေးတွေလည်း ပါးစပ်ထဲ ဝင်ကုန်ရော” လို့ ဆိုတော့ ကျနော်တို့ ရယ်မောခဲ့ရ။ထားတော့။
 
ထောင်ထဲမှာ အကောင်တွေက ဘာအလုပ်မှ သိပ်မရှိ အချိန်တွေ ပေါလွန်းတော့လည်း အချိန်တွေ မကုန် ကုန်အောင် ကြိတ်မှိတ် ဖြတ်ရတယ်။အလုပ်မရှိတော့ အမြဲလိုလို စကားဝိုင်းဖွဲ့ကြတယ်။သူ့အကြောင်း ကိုယ့်အကြောင်း ပြောပြလိုက်ကြတာမှ ထပ်တစ်ရာတွေဖြစ်လို့။
ထောင်ဆိုတာ ပစ္စပ္ပုန်ဆိုတာလည်းမရှိ၊ အနာဂတ်ဆိုတာ ဝေလာဝေးမို့ ထောင်ထဲရောက်သူတိုင်းမှာ အတိတ်ဆိုတာပဲရှိတော့တယ်။
 
အားနေတဲ့အချိန်မှာ အတိတ်ဆီပြန်သွားကာ အတိတ်မှာပဲ ဝဲ၊ အတိတ်မှာပဲ ပျော်အောင်နေလို့ပေါ့။
 
ကိုဆက်