【 ဆောင်းပါး 】 စျေးသည် ကိုယ်နှင့်မဆိုင်သောအရပ် ဖြစ်လာသည့်အခါ

【 ဆောင်းပါး 】 စျေးသည် ကိုယ်နှင့်မဆိုင်သောအရပ် ဖြစ်လာသည့်အခါ

မနက်ဆို ဈေးသွားရတာ ကျနော့်တာဝန်တစ်ခုဖြစ်သည်။
 
အသက် ၈၀ ကျော် ၉၀ နီးပါး အမေ၊ အသက် ၆၀ ဝန်းကျင် ကျနော်တို့လင်မယား၊ အသက် ၄၀ အရွယ် တူမတစ်ယောက်၊ ပေါင်း လူလေးယောက် သာရှိသော မိသားစုတွင် မနက်ဘက် ဈေးဝယ်ဖို့က အလုပ်မသွားခင် လဘက်ရည်ဆိုင်ထိုင်လေ့ရှိသော ကျနော့်အပေါ် များစွာကျရောက်တတ်သည်။
 
အစောပိုင်းကတော့ ကိုဗစ်နှင့် မတည်ငြိမ်သော ရပ်ကွက်အခြေအနေကြောင့် ထိုတာဝန်ကိုလိုလိုချင်ချင် ယူခဲ့သော်လည်း ကြာလာသောအခါ နေ့တိုင်း မမီနိုင်သော ရထားကိုလိုက်ရသလို ပုံစံမျိုးစုံဖြင့်တက်နေသော ဈေးနှုန်းကြောင့် ဈေးဝယ်ရတာကို ကြောက်လန့်စိုးရွံ့လာခဲ့သည်။
 
ဈေးမသွားမီ ဘာဝယ်မည် ဘာဝယ်မည်ဆိုပြီး တွေးထားသမျှ ဈေးထဲရောက်တော့ ပါတဲ့ ပိုက်ဆံနှင့် မလောက်လို့ အဆင်ပြေတာ ဝယ်လာရသည်က အခါခါမို့ နောက်တော့ ဈေးဝယ်ပြီဆို ဈေးထဲရောက်မှ “မိန်းမရေ …. ဘယ်ဟာက … ဘယ်စျေး၊ အမေ .. ဘာစားမလဲ မေးကြည့် ဈေးထဲ ဘာလေးတွေပေါတယ်ဆိုသည့် ပုံစံမျိုးဖြစ်လာတော့သည်။
 
ဒီလို စျေးဝယ်ရတာ ခက်တာကို စာတစ်တန် ပေတစ်ဖွဲ့ရလောက်အောင် စျေးနှုန်းတွေက ဒီဘက်သုံးလေးနှစ်အတွင်း ထိတ်လန့်စရာကောင်းအောင် ထိုးတက်လာသည်။အခြေခံလူတန်းစား အားကိုးရာ ဆန်ကြမ်းဈေးဆိုလျှင် လေးနှစ်အတွင်း များစွာပြောင်းလဲသွားခဲ့ပြီ။
 
၂၀၂၀ တုန်းက ဆန်ကြမ်းဖြစ်သည့် ငစိန်ဆန်မှာ တစ်ပြည် ၇၀၀ မှ ယခု တစ်ပြည် ၃၀၀၀ ကျပ် ဖြစ်လာခဲ့သည်။တစ်ပြည်ကို လေးနှစ်အတွင်း ၂၃၀၀ ကျပ် ဈေးတက်သွားသည်။နောက် ငါးပိဈေး။ ၂၀၂၀ တုန်းက ငါးပိ တစ်ဆယ်သားလျှင် ၁၀၀ ကျပ်။ယခု ၆၀၀ ကျပ်။ကန်စွန်းရွက် တစ်စည်းကို ၂၀၀ ကျပ်၊ ယခု တစ်ထောင်ဖိုး ၃ စည်း။
 
ဒါတွေ ဘာကြောင့် ယခုထိမှတ်မိနေသလဲဆို အဲဒီအချိန်တုန်းကစပြီး ကျနော်ဈေးဝယ်ရလို့ ဖြစ် သည်။အဲဒီတုန်းက ကိုဗစ်ကာလဆိုတော့ ကျနော်သာ စျေးသွားရသည်။ဈေးသွားပါက တစ်သောင်းတန် တစ်ရွက်ဆို ရပြီ။ဒီပမာဏက ဈေးတော်တော်ဝယ်လို့ရသည်။အဲဒီတုန်းက ကော်ဖီတစ်ခွက်မှ ပလိန်းဆို နှစ်ရာကျပ်။ဆေးလိပ်က တစ်ပွဲငါးရာကို ၃ လိပ်ရသည်။ယခုအခြေအနေနှင့် နှိုင်းကြည့်ပါက များစွာကွာဟနေပြီ။
 
ယခုချိန်ကတော့ ဈေးသွားတိုင်း အသားပဲဝယ်ဝယ် အသီးအရွက်ပဲဝယ်ဝယ် ကုန်ကျစရိတ်က ဘာမှသိပ်မကွာတော့သည့်အဖြစ်ကို ရောက်နေသည်။မနေ့က စျေးထဲသွားရင်း မနက်ဘက် စားတော်ပဲပြုတ်လေး တစ်ဆယ်သားလောက်ဝယ်ပြီး ကြော်ကာ ဟင်းတစ်မည်လုပ်မည်ဆိုပြီး မိန်းမက ဝယ်ခိုင်းသည်။အမေကလည်း ထိုပဲပြုတ်ကျော်နှင့်ဆို စားမြိန်သည်။ထို့ကြောင့် ပဲပြုတ်နှစ်ဆယ်သားဝယ်သည့်အခါ နှစ်ထောင်ပေးလိုက် သည်။ယခင်လို တစ်ဆယ်သား ခုနှစ်ရာထင်ပြီး စျေးသည် အကြွေပြန်အမ်းနိုး ရပ်နေမိသည်။
 
စျေးသည်က ဘာထပ်ယူဦးမလို့လဲမေးတော့ အကြွေပြန်အမ်းဖို့ မေ့နေသည်ထင်ပြီး အကြွေပြန်အမ်းရဦးမယ်ဟု ပြောသည့်အခါ စျေးသည်က ဦးလေး ပဲပြုတ် တစ်ဆယ်သား တစ်ထောင်ဖြစ်သွားပြီဆိုသောအခါမှ ရှက်ရှက်နှင့် ပြန်လာရသည်။
 
ကြက်သား တစ်ဆယ်သားစျေးနှင့် ပဲပြုတ် နှစ်ဆယ်သားစျေးက သိပ်မကွာတော့။တခြားဟင်းသီး ဟင်းရွက်တွေလည်း ဒီလို။တစ်ခါတလေ တို့စရာအဖြစ် ခရမ်းကျွတ်သီးတွေ ဝယ်သည့်အခါ သုံးလုံး ငါးရာ ပေးနေရပြီ။ပြောရမည်ဆိုလျှင် စျေးဝယ်ငြီးခြင်းတစ်ပုဒ် ထွက်သွားနိုင်သည်။
 
ဘာဝယ်ဝယ် စျေးတွေက မနိုင်ရင် ကာပေးနေရသည်။ထိုသို့စျေးကြီးတာကို လိုက်ဝယ်ရအောင်လည်း လစာက ၂၀၂၀ တုန်းက လစာထက် အနည်းငယ်သာပိုသည်။တစ်လလုံးမှ သုံးသိန်းကျော်ကျော်-လေးသိန်းဝန်းကျင်။ဒီတော့ တစ်ရက်သုံးခွင့်က ဋ္ဌာန်ကုန် တစ်သောင်းထက် ကျော်လို့မရ။ကိုယ့်အခြေအနေကိုယ် စိတ်ပျက်လို့ တခြားမိသားစုတွေကြည့်တော့ တချို့မိသားစုတွေ အလုပ်မရှိသူနှင့်။ငတ်နေသူနှင့်။ချေးငှားပေါင်နှံနေရသူနှင့်။
 
ဒီတော့ ထမင်းနပ်မှန်ဖို့ အလုပ်လေးရှိနေတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေသည်။အလုပ်ရှိလို့ စျေး လေး ပုံမှန်သွားနိုင်သည်ကပင် ဘ၀က ကျေနပ်နေရမလို ဖြစ်နေသည်။တူမက သူမိသားစုရှိရာလှိုင်သာယာဘက်ကို တစ်ပတ် တစ်ခါ သွားသည်။သူ့မိဘဖြစ်သည့် ကျနော့်အစ်ကိုဝမ်းကွဲတွေက လဘက်ရည်ဆိုင်ဖွင့်ထားသည်။သူပြန်လာလျှင် လှိုင်သာယာဘက်က သတင်းစကားတွေ အများကြီးကြားရသည်။အမြဲကြားရလေ့ရှိတာက အဆင်မပြေမှုတွေ။အဆင်မပြေတာက သူ့မိဘတွေမဟုတ်။အိမ်အနီးနှင့် သူ့ရပ်ကွက်ထဲက အကြောင်းတွေ။
 
စျေးပုံမှန်မသွားနိုင်သူတွေ၊ ဘုရင့်နောင်ပွဲရုံမှာ ကုန်တင်ကုန်ချလုပ်ပြီး ဆန်အဖိတ်အစင်လေးများကောက်ကာ ဆန်အကြေ ငါးကိုးအိတ်ဖြင့် တစ်အိတ်ကို တစ်ထောင်ဖြင့် ရောင်းတာကို စောင့်ဝယ်စားနေရသည့် မိသားစုတွေ။နောက် ဘုန်းကြီးကျောင်းမှာ ဆွမ်းကျန်ဝေတာကို သွားစောင့်တောင်းရသည့် မိသားစုတွေ။
 
လမ်းဘေးမြောင်းထဲက ကန်စွန်းရွက်ကို ဟင်းစားအဖြစ် ဆင်းခူးရင်း ရေနစ်သဖြင့် လူသိမြန်ကာ မသေသည့် ကလေးငယ်တစ်ယောက်ရဲ့အဖြစ်တွေ၊ ညမနက်ကို တစ်နပ်ပဲ ပေါင်းစားရသည့် မိသားစု တွေ။
 
ဒီလိုတွေ တူမဆီကကြားတိုင်း အလုပ်လစာနည်းတာကို မငြီးငြူနိုင်ဘဲ အလုပ်မရှိမှာကိုသာ စိုးရိမ်မိသည်အထိ စိုးရိမ်သောက ဗျာပါဒများရသည်။
 
ဒီလိုခေတ်ဆိုးခေတ်ကြပ်ကြီးထဲမှာ မိသားစုတစ်စုကို ၀လင်အောင်ကျွေးဖို့ ရုန်းကန်ရသည့် အိမ်ထောင်ဦးဆောင်ရသူတွေ၏ အခက်အခဲက တွေးကြည့်လျှင် သောကရောက်စရာ။ အလုပ်မရှိပါက ဘယ်လိုဖြတ်ကျော်ရမလဲဆိုသည့်အတွေးနှင့်ပင် အိပ်မရသော ညတွေ ဖြစ်ခဲ့သည်။
 
ကျနော်က စျေးသွားလို့ စျေးကြီးတာကို ငြီးခြင်းထုတ်သည်။သို့သော် စျေးတော့ဝယ်ဖို့ ပိုက်ဆံက သူအိုးနှင့် သူ့ဆန် တန်သင့်ရုံ ဝင်ငွေတော့ရှိသေးသည်။တချို့တွေက စျေးနား မကပ်နိုင်တော့။စျေးမသွားနိုင်တော့။
 
ထိုသို့ဖြစ်လာသောအခါ စျေးသည် သူတို့အတွက် မဆိုင်သော အရပ်ဒေသများဖြစ်လာသည်ကို စိတ်မကောင်းစွာ မြင်နေရပြီဖြစ်သည်။
 
သန့်စင် (DA)