【 ဆောင်းပါး 】 စေ့စေ့စပ်စပ် အောက်သက်ကျေကျေ

【 ဆောင်းပါး 】 စေ့စေ့စပ်စပ် အောက်သက်ကျေကျေ

ကျနော်တို့ တောမှာက လူငယ်တွေ အရက်သောက်တယ်ဆိုတာက ဘယ်ဆန်းလိမ့်မလဲ။ ၁၆ နှစ်ကျော်အရွယ် အလုပ်လေးအကိုင်လေး ရှိလာပြီးတဲ့နောက် ဆေးလိပ်သောက်၊ ကွမ်းစား ကြုံတဲ့အခါ အရက်ဝိုင်းထဲ ဝင်လိုက်ကြ။

၁၆ နှစ်ကျော်ဆိုတာ မြို့သားတွေရဲ့အမြင်မှာ အရွယ်မရောက်သေးဘူးလို့ သတ်မှတ်ပေမယ့် တောမှာကတော့ အလုပ်-လုပ်နိုင်ပြီဆို အရွယ်ရောက်ပြီဆိုတဲ့သဘော။အရွယ်ရောက်ပြီဆိုတာကို အများသိစေတာက ဆေးလိပ်သောက်၊ ကွမ်းစား၊ အရက်သောက်ခြင်း။ကလေးမဟုတ်တော့ဘူးဆိုတဲ့ အမှတ်လက္ခဏာတွေလို့ ဆိုရမလား။များသောအားဖြင့် အရက်မသောက်တာတောင် ဆေးလိပ်သောက်၊ကွမ်းစားတော့ လုပ်ကြတာချည်း။

ဆေးလိပ်က ပွတ်ချွန်းကို သောက်ကြတယ်။ပွတ်ချွန်းဆိုတာက ဆေးရွက်ကြီးကို ပါးပါးလေးဖြစ်အောင် လှီးပြီး စီးကရက်တစ်လိပ်စာ အရွယ်အစားရှိတဲ့ သတင်းစာ စက္ကူရွက်ထဲ လိပ်ထည့်ပြီး သောက်တဲ့ပုံစံ။ဆေးသားတွေ မပွမကျပ် ဆေးသားတွေ ညီညီညာညာနဲ့ စမတ်ကျတဲ့ ပွတ်ချွန်းတစ်လိပ်ဖြစ်အောင် လိပ်တတ်ဖို့ဆိုတာက အတွေ့အကြုံရှိဦးမှ။

ဆေးလိပ်သောက်ခါစ တောကလူငယ်လေးတွေ ပွတ်ချွန်း မလိပ်တတ်လို့ ကိုယ့်ထက်ကြီးသူတွေကို သွားလိပ်ခိုင်းရင် အငေါက်ခံရ၊ အနှိမ်ခံရတာကြောင့် ကိုယ့်ဘာသာ အိမ်မှာနေရင်း ပွတ်ချွန်းအလိပ်ကျင့်ကြတယ်။ကျနော်တို့ တောက ယောကျာ်းသားတွေရှိတဲ့ အိမ်တွေမှာ အိမ်ကို ဧည့်သည်လာရင် ပွတ်ချွန်း ဒါမှမဟုတ် ကွမ်းယာနဲ့ ဧည့်ခံလေ့ရှိတယ်။

လယ်ပိုင်ရှင်သူဌေး ကျနော်တို့ ဘကြီးက ငယ်စဉ်ကတည်းက ဆေးလိပ်ဆန့်ကျင်ရေးသမား၊ ဆေးလိပ်ကို အနံ့တောင် မခံချင်သူမို့ သူ့အိမ်မှာ ပွတ်ချွန်းနဲ့ လုံးဝဧည့်မခံ။ဆေးလိပ်နံ့လည်း မခံနိုင်တာမို့ ရင်းနှီးသူတွေက သူနဲ့ တစ်ဝိုင်းတည်းထိုင်ရင် နားလည်စွာနဲ့ ဆေးလိပ်မသောက်ကြ။လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါမှာလည်း ဖြစ်နိုင်ရင် ဆေးလိပ်သမားတွေ သူ့ဝိုင်းမလာကြနဲ့။ဘကြီးက သူဌေး၊ ဖြောင့်ဖြောင့်မှန်မှန် လူလေးစားခံမို့ သူ့အကြိုက် လိုက်လျောကြတာလည်း ပါတာပေါ့။

ကွမ်းယာကိုတော့ ဘကြီးကိုယ်တိုင်လည်း တစ်ခါတရံ အပျင်းပြေ အမွှေးအကြိုင်တွေနဲ့ စားတတ်တာမို့ သူ့အိမ်မှာ ကွမ်းနဲ့ဧည့်ခံတယ်။ဘကြီးအိမ် ဧည့်ခန်းမှာထားတဲ့ ကွမ်းအစ်က ငွေရောင်သုတ်ထားတဲ့ ကွမ်းအစ်အကြီးစား။အဲဒီလိုကွမ်းအစ်မျိုးက ကျနော်တို့တောက တတ်နိုင်တဲ့ အိမ်တွေမှာသာရှိကြတဲ့ ကွမ်းအစ်မျိုး။အဲဒီကွမ်းအစ်ကြီးထဲက ဗူးသေးသေးလေးတွေထဲမှာ ကွမ်းယာထဲ ထည့်စားကြတဲ့ အမွှေးအကြိုင်တွေ အပြည့်။ဈေးကြီးတဲ့ ဖာလာစေ့တောင်ပါသေး။ပြီးတော့ ဘကြီးအိမ်မှာက အုန်းယိုထိုးထားတာလည်း ရှိတတ်တာကြောင့် ကွမ်းယာအချိုတောင် စားချင်သူတွေကို တည်ခင်းလိုက်သေး။အုန်းယိုဆိုတာက ခြစ်ထားတဲ့ အုန်းဖတ်တွေကို သကြားနဲ့ရောပြီး မီးပေါ်တင်ကာ ယိုထိုးထားတဲ့ဟာ။အဲဒီအုန်းယိုကို ကျနော်တို့ တောမှာ ကွမ်းယာအချိုဆိုပြီး ကွမ်းထဲထည့်စားကြတာ။ကွမ်းယာအချိုကို အများအားဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေ တစ်ခါတရံအပျင်းပြေစားကြတာမျိုး။ကွမ်းရွက်၊ ထုံး၊ ကွမ်းသီးနဲ့ အုန်းယိုသာပါတာမို့ မူးတာတွေ ဘာတွေမရှိ၊ ကလေးတွေအကြိုက်။

ကျနော်ငယ်ငယ်တုန်းက ဘကြီး အုန်းယိုထိုးပြီဟေ့ဆို အုန်းယိုချည်း သပ်သပ်လည်းစား၊ ကွမ်းယာထဲလည်းထည့်စား။ဘာ့ကြောင့် အုန်းယိုထိုးရတာလဲဆိုတော့ ဘုရားဆွမ်းတော်ကပ်ဖို့အတွက် ထိုးတာ။ဘာကြောင့် အုန်းယိုကို ဘုရားဆွမ်းတော်ကပ်ရတာလဲဆိုတာတော့ ဘကြီးလည်း သေချာမသိ။ဘကြီးရဲ့ ကြီးတော် အပျိုကြီးက နေ့စဉ် ဘုရားဆွမ်းတော်ကပ်ရာမှာ ဆွမ်းတော်ကပ်တဲ့ ပန်းကန်သေးသေးလေးပေါ် ထမင်းနည်းနည်းထည့်ပြီး အပေါ်မှာ အုန်းယိုနည်းနည်းထည့်လေ့ရှိတာ ဘယ်လိုအကြောင်းမှတော့ ရှိပုံမပေါ်။အုန်းယိုမရှိတဲ့အခါ ထမင်းပေါ် ထန်းလျက်ခဲသေးသေးလေးတင်ကာ ကပ်လေ့ရှိတယ်။ဘုရားဆွမ်းတော်ကပ်ထားတာ ပြန်စွန့်တဲ့အချိန်ကျတော့ အုန်းယို (သို့မဟုတ်) ထန်းလျက်ခဲပေါ်မှာ ပုရွတ်ဆိတ်တွေ အုံလို့။ကျနော်ငယ်ငယ်က အုန်းယိုကို ကြိုက်တာကြောင့် ဘုရားဆွမ်းတော်စွန့်အပြီး အုန်းယိုကပ်ထားတယ်ဆို ပုရွတ်ဆိတ်တွေကို ပါးစပ်နဲ့ လေသုံး၊ လေးချက် မှုတ်ထုတ် ဖယ်ရှားကာ ပုရွတ်ဆိတ်ဆီက အုန်းယိုကို မကြာခဏ လုစားခဲ့သေး။ကြီးလာတော့ မဆင်မခြင်ပြောတတ်တဲ့ ကျနော့်ပါးစပ်က ဘကြီးတို့ရဲ့ အစဉ်အလာ ဆွမ်းကပ်ပုံကို ဟာသလုပ်မိသေး။

“ဘကြီးတို့ကပ်တဲ့ ဆွမ်းကိုသာ ဘုရားက တကယ်ဘုန်းပေးတယ်ဆို အခုလောက်ဆို ဘုရားလည်း ဆီးချိုဖြစ်နေလောက်ပြီ” လို့ ကျနော်ကဆိုတော့ ဘကြီးက တဟားဟားရယ်ကာ “ဒီကောင်လေး ပေါက်ကရတော့ပြောပြီ” တဲ့။ဘကြီးက ကျေးလက်အစဉ်အလာအောက်မှာ ပိပိပြာပြားနေခဲ့သူဆိုတော့ ဘုရားတွေ ဘုန်းကြီးတွေကို ကျနော့်လို ဟာသတွေဘာတွေတော့ ဘယ်လုပ်ရဲပါ့မလဲ။
တကယ်တော့ ဘကြီးရဲ့ ကြီးတော်ကြီးက အုန်းယိုတွေဘာတွေနဲ့ ဆွမ်းကပ်တာက ဘုရားမို့လို့ ထမင်းချည်းသက်သက် မကပ်ချင်တာကြောင့် အလေးအမြတ်ပြုတဲ့အနေနဲ့ ဖွယ်ဖွယ်ရာရာကပ်တဲ့ သဘောပါပဲ။ပြောရရင် တန်ဖိုးနည်းနည်းနဲ့ ဖွယ်ဖွယ်ရာရာ ဆွမ်းကပ်တဲ့ပုံစံ။

တစ်ခါတရံ နာနတ်ယိုထိုးတဲ့အခါဆိုရင်လည်း အုန်းယိုအစား နာနတ်ယိုကပ်တာ တွေ့ရတယ်။ကျနော်တို့တောမှာက အုန်းပင်တွေက ပေါသလို ဘကြီးစိုက်ထားတဲ့ အုန်းပင်တွေက ကျနော်တို့အဘိုးအဘွားခြံမှာရော ဘကြီးခြံထဲမှာပါ ၁၅ ပင်လောက်ရှိတာကြောင့် အုန်းသီးဆိုတာ အပြင်မှာ ဝယ်ရတာမျိုးမရှိ။အပြင်မှာ ဝယ်ရရင်လည်း အုန်းသီးတစ်လုံးဈေးက ပြောပလောက်အောင်မရှိ။ဒါ့ကြောင့် အုန်းယိုအတွက် အဓိကကုန်ကြမ်းက ငွေမကုန်၊ သကြားနည်းနည်းဝယ်ထည့်လိုက်ရင် အုန်းယိုဖြစ်ပြီမို့ ကပ်စီးမနဲပေမယ့် စေ့စေ့စပ်စပ်ရှိတဲ့ ဘကြီးရဲ့ ကြီးတော်ကြီးက တန်ဖိုးနည်းတဲ့ အုန်းယိုနဲ့ ဘုရားဆွမ်းတော်ကပ်ခဲ့တာလား မပြောတတ်။

ပြီးတော့ အုန်းပင်ပေါ်က အုန်းသီးရင့်လာတာနဲ့ အုန်းပင်တက်သမားခေါ်ပြီး အုန်းသီးခူး။ခူးထားတဲ့ အုန်းသီးတွေကို တိုလီမုတ်စအခန်းထဲ ထည့်ထား။တစ်နှစ်တစ်ခါလုပ်တဲ့ ရွာဘုရားပွဲအလှူ၊ ဘုန်းကြီးကျောင်းအလှူနဲ့ ကိုယ့်ဆွေမျိုးရင်းချာ အလှူအတန်းတွေမှာ ဘကြီးက အဲဒီအုန်းသီးတွေပြန်လှူ။ကျနော်တို့တောမှာက အုန်းနို့ပါတဲ့ မုန့်တွေလုပ်ကာ တည်ခင်းလေ့ရှိတယ် မဟုတ်လား။

ကျနော်တို့အဘိုးအဘွားတွေ လယ်ပိုင်ရှင်တွေ ငွေကြေးတတ်နိုင်ကြတယ်ဆိုပေမယ့် ဖြုန်းတယ်ဆိုတာမျိုး မရှိ။သုံးစရာ လှူစရာ ရက်ရောကြပေမယ့် အင်မတန်စေ့စေ့စပ်စပ်ရှိတာမို့ ဘကြီးကလည်း သိပ်အောက်သက်ကျေတယ်။

ပြီးတော့ ဘကြီးက တောမှာ အတန်းပညာ ၁၀ တန်း၊ စာဖတ်ပေဖတ်မို့ အလှူအတန်းကအစ အသုံးတည့်တဲ့ အလှူမျိုးတွေပဲ လှူလေ့ရှိတယ်။

တချို့ဘာသာရေးအစွဲကြီးသူတွေ၊ အစဉ်အလာ မိရိုးဖလာဆိုတာကို တစ်ပြားမှ မလျှော့သူတွေကတော့ ဘယ်ကြည်ပါ့မလဲ။မကြည်တော့လည်း ဘကြီးလည်း ဘယ်တတ်နိုင်ပါ့မလဲ။

ငြိမ်းဆက်