【 ဆောင်းပါး 】 စာရေးဆရာ ဝင်းဦး၊ မင်းသား ဝင်းဦး (၆)

【 ဆောင်းပါး 】 စာရေးဆရာ ဝင်းဦး၊ မင်းသား ဝင်းဦး (၆)

ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ် ဦးသိန်းဖေမြင့်မှာလည်း ဤမျှအပြောများသော “မောင်တို့ ချယ်ရီမြေ” ကိုမှ ကြည့်မထား အကျိုးသင့်အကြောင်းသင့်မှ ပြန်မပြောနိုင်လျှင်လည်းမဖြစ်၊ အပြေးအလွှားကြည့်ပြီးလျှင် အယ်ဒီတာချုပ်၏ အမြင် (သို့မဟုတ်) ထင်မြင်ချက်ကို သတင်းစာပရိသတ်သို့ ပြောရပေမည်။

“ဝေဖန်သူ အနီ” (၁၉၅၆) က စိတ်လိုက်မာန်ပါ ဝေဖန်လိုက်တော့ အပြုသဘောမပါ ရှုတ်ချပြစ်တင်မှုသက်သက်လိုဖြစ်နေကြောင်း သုံးနှုန်းလိုက်သော စကားတွေကလည်း အင်မတန်ခါးသီးနေကြောင်း ပြောရသည်။

၎င်းဝေဖန်ရေးနှင့် မရှေးမနှောင်း ရန်ကုန်မှ သတင်း‌ထောက် ၆၀ လောက်ကလည်း “မောင်တို့ ချယ်ရီမြေ” ဇာတ်ကားနှင့် “မင်းသား ဝင်းဦး” တို့ကို ရှုတ်ချကန့်ကွက်တာ တွေ့လိုက်ရသေးသည်။ဦးသိန်းဖေမြင့်က ရှက်လည်းရှက်ပါရဲ့၊ ဒီလောက်နာမည်ကြီးသော မင်းသားနှင့် ဇာတ်ကားကို မကြည့်ဖူးတာ။ဝင်းဦးရေးသော ဝတ္ထုကို မဖတ်ဖူးတာ သူ့ချွတ်ယွင်းချက်ဟုပြောရင်း မြန်မာရုပ်ရှင်ကားဆိုလျှင် ဖိတ်ပြတာတောင် မကြည့်ဖြစ်ကြောင်း သာသာနှင့်နာနာ နှက်လိုက်သည်။

ဦးသိန်းဖေမြင့်က မောင်တို့ ချယ်ရီမြေကို တာဝန်ဝတ္တရားတစ်ခုအနေနှင့် သွားကြည့်တော့ ဝင်းဦးကို စွဲသွားပြီး ခင်သန်းနုကိုလည်း သဘောကျသွားသည်။ဝင်းဦးရေးသော ဝတ္ထုကိုလည်း ရှာ၍ ဖတ်ပြန်ရာ ရှုမဝ မဂ္ဂဇင်းက “နှစ်ယောက်တည်းနေချင်တယ်” ကို ဖတ်ရသည်။ရသမြောက်စွာ ရေးနိုင်ကြောင်း တွေ့ရသည်ဟု ရေးသည်။

ဆက်လက်၍ ဝေဖန်ရာတွင်တော့ ဦးသိန်းဖေမြင့်ပင်လျှင် ထိုခေတ်က သူများနှင့် မတိမ်းမယိမ်းသာဖြစ်ကြောင်း ကျနော် (စာရေးသူ) တွေ့ရသည်။ဦးသိန်းဖေမြင့်က “လေးနက်မှုရှိတဲ့ ပညာပေးဇာတ်ကားတော့ မဟုတ်” ။ပျော်စရာ၊ လွမ်းစရာ၊ ကြေကွဲစရာ ဖျော်ဖြေရေး အချစ်ဇာတ်ကားဟု သရုပ်ခွဲလိုက်သည်။ (အခုထိလည်း အနုပညာရပ်သည် ပညာပေးရမည်ဟု မြင်ကြဆဲ)။ ဖြေဖျော်ရေးသက်သက်ပြောလျှင် အောင်မြင်သည်ဟု ဆိုထိုက်သည်။

အခုချိန်ကနေ နှစ် ၆၀ လောက်ကို ပြန်လှည့်ကြည့်တော့ မဆလ တစ်ခေတ်လုံး၊ နအဖ တစ်ခေတ်လုံး စစ်အာဏာ‌ကာလရှည်ကြီးတစ်ခုလုံး ရှမ်းပြည်စိုက်ပျိုးရေးမှ မဟုတ်၊ တစ်တိုင်းပြည်လုံး စိုက်ပျိုးရေးသည်လည်း ဘာမှမတိုးတက်ပါ။ရှမ်းပြည်မှာ အခုထိ လှေခါးထစ်လယ်ယာနဲ့ ပေါက်တူးစိုက်ပျိုးရေးပင်ဖြစ်ပါသည်။ဦးသိန်းဖေမြင့်က အနုပညာပါးလျသူတော့မဟုတ်ပါ။ထိုစဉ်က ဘာမျှဖြစ်မလာသေးသော တောသူတောင်သား၏ ပကတိဘဝကို ဖော်ပြခြင်းဖြစ်ပါသည်။ဒါတင်မက မေမြို့ (ပြင်ဦးလွင်) အနီး ရှမ်းကုန်းပြင်မြင့်တစ်ဝိုက်မှာ ခြံလုပ်ကိုင်စားနေကြသော လူမှုအဖွဲ့အစည်းနှင့် ခွင်မကျ သဘာဝမကျသော နေမှုထိုင်မှု ဝတ်စားဆင်ယင်မှု ဓလေ့ထုံးစံတွေ၊ အမျိုးသားဟန် လုံးဝပျောက်နေသော အနောက်တိုင်းမှ ကူးယူထားသော အဆိုအက အတီးတွေ ဇွတ်အတင်းထည့်ထားသည်ကို တွေ့ရသည်ဟု ပြောသည်။

ကျနော် (စာရေးသူ) အနေနဲ့ ပြောရင် မောင်တို့ ချယ်ရီမြေကားကို အလွန်ကြိုက်ပါသည်။ဝင်းဦး၊ ခင်သန်းနု၊ သန်းနွဲ့ စသဖြင့် သရုပ်ဆောင်အားလုံး-အားလုံးကို ကြိုက်ပါသည်။ဇာတ်ကားထဲတွင် သူ့နေရာနှင့်သူ သူ့ဇာတ်ကွက်ထဲတွင် အလွန်အံကျပါသည်။ဒီလောက်ကောင်းသော ကားကို ဦးသိန်းဖေမြင့် ဒီလိုပြောရက်သလား၊ ပြောရသလားဟု အလွန်စိတ်ဆိုးမိပါသည်။သို့သော် ကျနော်တို့တိုင်းပြည် အလုပ်သမား လယ်သမားဘဝနှင့် စပ်ဟပ်ကြည့်လျှင် မတူကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။

အနောက်နိုင်ငံများတွင် ဧကရာနှင့်ချီ၍ ပိုင်ဆိုင်ပါသည်။ထွန်စက်များဖြင့် ထွန်ယက်ပါသည်။ကျနော်တို့ဆီမှာ လေးငါးဧကကို ဝမ်းစာရရုံ စိုက်သူများအထိရှိသည်။အရင်းအနှီးမဲ့သော စားရင်းငှားအများအပြားရှိဆဲဖြစ်ပါသည်။ဇာတ်ကား ကြည့်ကောင်း (အနုပညာမြောက်) သည်က တစ်ကိစ္စ၊ ပစ္စုပ္ပန်ဘဝနှင့် အဆီအငေါ်မတည့် (နိုင်ငံ‌စီးပွားလူမှု) သည်က တစ်ကိစ္စဖြစ်ပါသည်။ဦးသိန်းဖေမြင့်ပြောသည့် ပညာပေးမှုမရှိဆိုသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။နွားဖြင့်ထွန်လျှင် တစ်နေ့ နှစ်ဧကသာ ထွန်နိုင်မည်။ထွန်စက်ဖြင့်ထွန်လျှင် ဧကနှစ်ဆယ် ထွန်နိုင်မည်၊ သမန်းပိုညက်မည် စသဖြင့် ပညာပေးစေလိုသည်။သို့သော် ဇာတ်ကားက ပျော်ရွှင်စရာ ကြည်မွေ့စရာ လွမ်းမောစရာ ရသမြောက် ဖျော်ဖြေရေးကားသာဖြစ်ပါသည်။ဇာတ်ကားပေါ်မှာ ယခုထက် ပိုကောင်းစေချင်၍ ပညာပေးစေချင်၍ စည်းရုံးမှုပြုစေချင်၍ ပြောကြသည်ကို နားလည်ပေးနိုင်ပါသည်။

ဝင်းဦးက အနောက်နိုင်ငံတွင် ထင်ရှားနေသော၊ မိန်းကလေးများ အသည်းတုန်အူတုန်ဖြစ်နေသော ပရက်စလေကို ကြိုက်သည်။အတုယူသည်၊ ဘောင်းဘီရှည်ကျပ်ကျပ်ဝတ်သည်၊ မီးပုံပွဲသီချင်းဆိုသည်၊ ဂစ်တာတီးပြသည်။သည်အရာများကို လက်မခံနိုင်သေးသော ရိုးရာသမား အစဉ်အလာသမားအများအပြားလည်း ရှိနေဆဲဖြစ်သည်။ဦးသိန်းဖေမြင့်ကဲ့သို့ သတင်းစာအယ်ဒီတာချုပ်ကြီးက ‌တစ်နိုင်ငံချင်း အနုပညာရေးရာ၌ ရှေ့ရောက် နောက်ရောက် သဘောကို မျှတစွာနားလည်နိုင်သော်လည်း နားမလည်နိုင်သူများက ဆန့်ကျင်ရန် ကန့်ကွက်ရန် အသင့်ရှိနေကြသည်သာဖြစ်ပါသည်။

ထို့ကြောင့် ဝေဖန်ရေးဆရာ “အနီ” ၏ ဝေဖန်ရေးဆောင်းပါးနှင့် သတင်းထောက်များ၏ ကန့်ကွက်မှု ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။နိုင်ငံရေးလေ့လာသူ နားလည်သူဖြစ်ပါက အနုပညာ ပညာရပ်၊ ဖန်တီးတည်ဆောက်မှုကို ပေယျာလကန် ပြုထား၍မရမှန်း သိကြပါသည်။

အနုပညာသည် နိုင်ငံရေးသဘောအမြင်တွင် အပေါ်ထပ် အဆောက်အအုံဖြစ်ပါသည်။အောက်ခြေလူတန်းစား အဖြစ်အပျက်များ လှုပ်ရှားနေမှုများ၏ ထင်ဟပ်ချက်ဖြစ်ပါသည်။ဇာတ်ကားထဲက ပြသနေသော အထက်တန်းကျကျ လူနေမှုဘဝသည် တိုင်းပြည်ကောင်းစား၍ ကြီးပွားချမ်းသာလာလျှင် တစစ တိုးတက်ဖြစ်ထွန်းလာမည်ဟု မျှော်လင့်ထားနိုင်သည်ဟူ၍တော့ ပြောနိုင်ပါလိမ့်မည်။ကျနော်တို့ခေတ်မှာ အင်တာနက်ခေတ်ကြီးဖြစ်လေရာ ကိုယ်တိုင်မတတ်နိုင် မသုံးနိုင်သေးသည်ထားဦး မြင်ဖူးတွေ့ဖူးကြသည်ကတော့ များပါသည်။

ဦးသိန်းဖေမြင့်၏ ဆောင်းပါးကို ဆက်၍ဖတ်ရာက ဤကားသည် ဘာမျှအသုံးမကျဟု ပြောနေခြင်း မဟုတ်ပါ။ဤကားသည် အနောက်နိုင်ငံ နေမှုထိုင်မှုဓလေ့စရိုက်များကို သဘာဝမကျဘဲ ထည့်သွင်းထားသော ချွတ်ယွင်းချက်ရှိသည့်တိုင် ၎င်းအနုတ်လက္ခဏာများကို ကျော်လွှားပြီး အမှတ်တွေအများကြီးရသွားကြသည်ဟု ပြောပါသည်၊၊ဝင်းဦး ဒါ့ကြောင့်ကျော်ကြားရပေသည်။ယောက်ျားပီသစွာလည်းချော၊ အသံရော အဆိုပါ ကောင်းသည်ဟု ထပ်မံညွှန်းသည်။ ဤမျှဖြင့်အားမရသေး။ဝင်းဦးဟာ သီချင်းဆိုသည့်အခါမှာ စကားတစ်လုံးစီ ရှင်းလင်းပြတ်သားပါသည်။

ခင်သန်းနုကို ပထမဆုံးကြည့်ဖြစ်ခြင်းမှာပင် အတော်ပင် သယ်နိုင်သည်ကို တွေ့ရကြောင်း ပြောသည်။သန်းနွဲ့ကတော့ ဒီကားမှာ သူတင်လိုက်သော စံချိန်ကို သူ့ဘာသာသူချိုးနိုင်ဖို့ပင် ခဲယဉ်းမယ်ထင်ကြောင်း ဦးသိန်းဖေမြင့်က ဆိုသည်။သရုပ်ဆောင်သူတွေကို သည့်ထက်ချီးမွန်းဖို့‌ပင် ခက်မည် ထင်သည်။
သည်မှာကတော့ စာရေးဆရာ ဝင်းဦးထက် မင်းသား ဝင်းဦးကို ချဉ်းကပ်ကြည့်ခြင်းဟု ပြောနိုင်ပါသည်။

မင်းသား ဝင်းဦးကို “သတင်းထောက်တွေ ဘာကြောင့်ကန့်ကွက်ကြသနည်းဟူ၍ ဦးသိန်းဖေမြင့် သတင်းထောက်ကြီးတွေနှင့် ဆွေးနွေးကြည့်ပြီးတဲ့အခါ တစ်ထပ်တည်း ထင်မြင်ချက်ပေးကြသည်”၊၊တစ်နေရာမှာလည်း သတင်းထောက်တွေကို ဝေဖန်တာ ပါလာသည်။ဤအရာမှာ မခံမရပ်နိုင်ဖြစ်လောက်စရာ အကြောင်းမရှိဟု သဘောရကြသည်။

စာအုပ်ဖြစ်ဖြစ် ရုပ်ရှင်ဖြစ်ဖြစ် ဝေဖန်ခြင်းမှာ ရှုတ်ချခြင်း ကဲ့ရဲ့ခြင်းမဖြစ်ထိုက်။ဝေဖန်ရေးသည်

(၁) ပရိသတ် ဖတ်တတ် ကြည့်တတ်ရန် လမ်းညွှန်ခြင်း ပညာပေးခြင်း ဖြစ်ရမည်။
(၂) အကောင်းနှင့် အကျိုးကို မြှင့်တင်ပေးပြီး အဆိုးနှင့် အပြစ်ကို ပြင်ဆင်နိုင်အောင် ကူညီသည့်သဘော ဖြစ်ရမည်။အပြုသဘော ဝေဖန်ရေးဖြစ်ရမည်။
(၃) ပုဂ္ဂိုလ်အာဃာတနှင့် နစ်နာစေရန် မလုပ်ရ။
(၄) ဝေဖန်ရေးတာဝန်ကို လေးနက်စွာ ခံယူရမည်။ဝေဖန်ရေးသည် အမျိုးသားစာပေ၊ အမျိုးသားရုပ်ရှင် စသည်ဖြင့် အမျိုးသားယဉ်ကျေးမှုကို ပြုစုကြရာမှာ ဝိုင်းဝန်းပြီး တာဝန်ယူရခြင်းဖြစ်ကြောင်း ဆိုထားပါသည်။

ဝင်းဦးကို သမိုင်းပါမောက္ခ၊ ချစ်ဒုက္ခသီချင်းဖြင့်နာမည်ကြီးသော “ချစ်ဒုက္ခဦးဘညွန့်” နှင့်  ဒေါ်နှင်းရီ (မင်နီဘခက်) တို့မှ ၁၉၃၅ တွင် မွေးဖွား၍ မွေးချင်းငါးဦးအနက် တတိယမြောက်ဖြစ်သည်။ဝင်းဦးဟုဆိုသော စာရေးဆရာနှင့် ရုပ်ရှင်မင်းသားမှာ “ဘုရင်ဖြစ်မည့်ကောင် သျှောင်ကလေး” နဲ့ဟု ပြောရမည်ဖြစ်သည်။သူက ဦးစွာ ညိုမင်းလွင် ကလောင်အမည်ဖြင့် ကဗျာဆရာ စာရေးဆရာ အရင်ဖြစ်သည်။ခင်မောင်ဝင့်၊ မရှပ်တေး ကလောင်ခွဲများရှိသည်။ဗိုလ်သင်တန်းဆင်းဖြစ်သည်။ ၁၉၅၉ တွင် သြစတြေးလျသို့ လေထီးပညာတော်သင် သွားရသည်။လေထီးနည်းပြဖြစ်၍ ဗိုလ်ကြီးအထိ တာဝန်ထမ်းဆောင်ပြီး ထွက်သည်။မင်းထင်ရွှေမှန် ရာဇဝင်ဝတ္ထု ရုပ်ရှင်ဇာတ်ညွှန်း ရေးသားရာမှ ရုပ်ရှင်ဘက်ရောက်လာသည်။

သူ ရှုမဝမှာရေးသော “နှစ်ယောက်တည်းနေချင်တယ်” ဝတ္ထုကို မင်းသမီးကြီး တင်တင်မူနှင့် ရုပ်ရှင်ရိုက်၍ ထင်ရှားကျော်ကြားလာသည်။ယင်းဇာတ်ကားမှ “မီးပုံပွဲ” သီချင်းသည် ဝင်းဦးအမည်ဖြင့် လွှမ်းမိုးခဲ့သည်။ဆောင်းအိပ်မက်နှင့် မှုန်ရွှေရည်ဇာတ်ကားတို့ဖြင့် အကယ်ဒမီရသည်။

ဝင်းဦး၏ အဆိုတော်တော်ဘဝသည် “တေလေငှက်” တေးသီချင်းဖြင့် စသည်။ ၁၉၈၈ တွင် အူမကြီးကင်ဆာကြောင့် ဗြိတိန်တွင် ဆေးသွားကုပြီး ပြန်လာသည်။ ၁၉၈၈ ဒီဇင်ဘာ ၁၄ ရက်တွင် ခိုင်မာလာနှင်းဆီ ရိုက်ကူးဆဲ ကွယ်လွန်ပါသည်။

လင်းထင်
ရည်ညွှန်း - မိမိနှင့် စာရေးဆရာများ (နတ်နွယ်)
- ဝင်းဦးကို တွေ့ရှိခြင်း - ပွင့်ပွင့်လင်းလင်း ပြောပါရစေ ဗိုလ်တထောင်သတင်းစာဖြတ်ပိုင်းများ (သိန်းဖေမြင့် - စာအုပ်ဈေး)