【 ဆောင်းပါး 】 ကိုယ်ကျင့်သီလ စောင့်ထိန်းကြ၏

【 ဆောင်းပါး 】 ကိုယ်ကျင့်သီလ စောင့်ထိန်းကြ၏

လောကတွင် မိမိအတွက်ရော ပတ်ဝန်းကျင်တစ်ခုလုံးအတွက်ပါ အကျိုးရှိသည့် ကိုယ်ကျင့်သီလကို ကောင်းမွန်စွာ စောင့်ထိန်းသင့်ကြသည်။မိမိ၏ ကိုယ်ကျင့်သီလကို ကောင်းစွာစောင့်ထိန်းခြင်းအားဖြင့် မိမိ၏ ဂုဏ်သိက္ခာကို ကာကွယ်ပြီးသားဖြစ်သွားသည်။မိမိက ကိုယ်ကျင့်သီလကို စောင့်ထိန်းထားသည့်အတွက် မိမိ၏ပတ်ဝန်းကျင်တွင် မိမိနှင့်ပတ်သက်၍ မည်သည့်မကောင်းမှုမှ မဖြစ်တော့ပေ။ထို့ကြောင့် မိမိ၏ ကိုယ်ကျင့်သီလကို စောင့်ထိန်းခြင်းဖြင့် မိမိပတ်ဝန်းကျင်ကိုလည်း လုံခြုံမှုပေးပြီးသားဖြစ်သွားလေပြီ။

မြတ်စွာဘုရားရှင် ဟောကြားသင်ပြပေးသော ကမ္မဋ္ဌာန်းလေးဆယ်တွင် အနုဿတိဆယ်ပါး ပါရှိသည်။ထိုအနုဿတိဆယ်ပါးမှ တစ်ပါးဖြစ်သော သီလာနုဿတိသည် မိမိ၏ယုံကြည်မှု သဒ္ဓါတွင် သတိကပ်ကာ မိမိစောင့်ထိန်းထားသော ကိုယ်ကျင့်သီလကို အဖန်ဖန်ဆင်ခြင်ရသော ကမ္မဋ္ဌာန်းဖြစ်သည်။

ကိုယ်ကျင့်သီလ၏ စင်ကြယ်မှုကို ဆင်ခြင်ရှုမှတ်ရင်း ဝိပဿနာဉာဏ်အမြင်နှင့် ရဟန္တာဖြစ်သွားသူတွေ များစွာရှိပါသည်။ဘုရားရှင်၏ တပည့်များစွာထဲမှ မိမိ၏ သီလစင်ကြယ်မှုကို ပီတိဖြစ်ကာ သီလာနုဿတိရှုမှတ်ရင်း ဝိပဿနာဉာဏ်အမြင်ထင်ပြီး ရဟန္တာဖြစ်သွားသော တိဿမထေရ်ဆိုတာ ရှိခဲ့ပါသည်။

ဘုရားရှင်သည် ဇေတဝန်ကျောင်းတွင် သီတင်းသုံးနေစဉ် တိဿမထေရ်သည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတရားကို တောင်းယူပြီးနောက် တောသို့ဝင်ကာ သင့်တင့်လျောက်ပတ်သော ကျောင်းနေရာ လိုက်ရှာသည်။တစ်နေရာတွင် တောင်ဝှမ်းတစ်ခုကို တွေ့ရပြီး ထိုတောင်ဝှမ်းတွင် လိုဏ်ဂူတစ်ခု အဆင်သင့်တွေ့ရပြန်သည်။ထို့ကြောင့် ထိုလိုဏ်ဂူကို ကျောင်းအဖြစ် သတ်မှတ်နေထိုင်ပြီး တရားအားထုတ်ရန် ဆုံးဖြတ်လိုက်သည်။

တိဿမထေရ် မရောက်ခင်မှာ ထိုလိုဏ်ဂူတွင် နတ်တစ်ပါးသည် သူ့ကလေးများနှင့် နေ၏။သီလနှင့်ပြည့်စုံသော ရဟန်းတစ်ပါးရောက်လာသဖြင့် ထိုနတ်အတွက် နေရထိုင်ရတာ ကျဉ်းကျပ်ပြီး စိတ်ညစ်စရာဖြစ်လာသည်။ထို့ကြောင့် သူ့ကလေးများကိုခေါ်ကာ လိုဏ်ဂူအပြင်မှာ ထွက်နေသည်။နောက်နေ့ ထိုရဟန်းပြန်သွားမှ သူ့နေရာသူ ပြန်နေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

နံနက်မိုးသောက်သောအခါ တိဿမထေရ်သည် အနီးအနားရှိ ရွာတစ်ရွာသို့သွားကာ ဆွမ်းခံသည်။ထိုရွာမှ ဒါယိကာမကြီးတစ်ယောက်သည် မထေရ်ကို မြင်လျှင်မြင်ချင်း သားကဲ့သို့ချစ်ခင်ပြီး ကြည်ညိုသဖြင့် သူ့အိမ်မှာ ပုံမှန်ဆွမ်းစားရန်ဖိတ်၍ မထေရ်ကိုလည်း လက်ရှိသီတင်းသုံးနေသော လိုဏ်ဂူမှာပင် ဝါဆိုရန် လျှောက်ထားသည်။

တိဿမထေရ်လည်း ရဟန်းဒါယိကာမရပြီဖြစ်၍ စိတ်ကြည်လင်စွာနှင့် လိုဏ်ဂူသို့ ပြန်လာသည်။တိဿမထေရ် ပြန်လာသည်ကို တွေ့သောအခါ မထေရ်ကို မကျေမနပ်ဖြစ်နေသော နတ်သည် ထိုရဟန်းကို အကြောင်းတစ်ခုခုဖန်တီးပြီး နှင်ထုတ်မှဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

သို့နှင့် ထိုနတ်သည် ရွာမှ ဒါယိကာမကြီး၏ သားကို ဝင်ပူးသည်။ဒါယိကာမကြီး၏ သားသည် မျက်လုံးပြူး ဇက်လန်ကာ တံတွေးတစီစီ ယိုစီးထွက်နေသဖြင့် ဒါယိကာမကြီးလည်း ဘာမှမလုပ်တတ် မကိုင်တတ်နှင့် ငိုလို့သာ နေရလေသည်။

နတ်သည် ကိုယ်ထင်မပြဘဲ အသံပေး၍ ကလေး၏ရောဂါကိုကုသဖို့ သူကိုးကွယ်သော ရဟန်းထံမှ နွယ်ချိုတောင်းကာ နွယ်ချိုကို ဆီချက်ပြီး နှာနှပ်မှ ကလေးကိုလွှတ်ပေးမည်ဟု ပြောသည်။ရဟန်းတို့သည် ဆေးကု၍ မရသဖြင့် နွယ်ချိုတောင်းပြီးကုရန် မဖြစ်နိုင်ကြောင်း ဒါယိကာမကြီးက အကျိုးအကြောင်းရှင်းပြတော့ ဒါဆိုရင် ထိုရဟန်း၏ ခြေဆေးရေကို တောင်းပြီး သားငယ်၏ခေါင်းကိုလောင်းလျှင် ရောဂါပျောက်မည်ဟု ပြောပြန်သည်။

ဒါယိကာမကြီးက ဆွမ်းခံကြွလာသော ရဟန်းကို အကျိုးအကြောင်းရှင်းပြ၍ ခြေဆေးရေတောင်းကာ ကလေး၏ခေါင်းကိုလောင်းရာ နတ်က ကလေးကိုပူးနေရာမှ ထွက်သွားသည်။ကလေးလည်း အကောင်းပကတိ ကျန်ခဲ့သည်။

ဆွမ်းခံရာမှ ပြန်လာသော ရဟန်းကို နတ်က လိုဏ်ဂူဝမှနေ၍ ဆေးဆရာကြီး လိုဏ်ဂူထဲမဝင်ပါနှင့်ဟု ဆီးကြိုတားမြစ်သည်။ရဟန်းက တစ်ကြိမ်တစ်ခါမှ ဆေးမကုသဖူးကြောင်းပြောတော့ ရဟန်း၏ ခြေဆေးရေဖြင့် ရွာက ဒါယိကာမကြီး၏ ကလေးခေါင်းကိုလောင်း၍ ရောဂါပျောက်သွားသဖြင့် သင်ရဟန်း ဆေးကုပေးတာ မဟုတ်လားဟု တိဿမထေရ်ကို အပိုင်မေးခွန်းထုတ်လေသည်။

ရဟန်းသည် နတ်ကို စိတ်မဆိုးခဲ့ပေ။ထိုနတ်သည် မိမိ၏ အကျင့်သီလစင်ကြယ်လွန်း၍ ကြံဖန်အပြစ်ရှာရသည်အထိ ဖြစ်ခဲ့သည်ကို သဘောပေါက်သည်။မိမိ၏ အကျင့်သီလစင်ကြယ်မှုအတွက်လည်း ဝမ်းသာပီတိဖြစ်မိလေသည်။မိမိ၏ အကျင့်သီလကို ဆင်ခြင်ကာ သီလာနုဿတိပွားသည်။ထို့နောက် ဆက်၍ ဝိပဿနာတရား အားထုတ်ရာ မကြာမီမှာပင် ရဟန္တာဖြစ်သွားလေတော့သည်။

ရဟန္တာ တိဿမထေရ်သည် မိမိကိုအပြစ်မရှိ အပြစ်လိုက်ရှာသော နတ်ကိုလည်း အကျင့်သီလကို တန်ဖိုးထားဖို့ အကုသိုလ်အပြစ်တွေမလုပ်ဘဲ ကုသိုလ်ကောင်းမှုလုပ်ဖို့ ဆုံးမလိုက်ရာ ထိုနတ်လည်း သူ့အမှားကိုမြင်ကာ ဝန်ချတောင်းပန်ရှာလေသည်။

ဘုရားရှင်ထားခဲ့သော သာသနာတွင် အဓိကသိက္ခာ သုံးရပ်သာရှိပါသည်။သီလ၊သမာဓိ၊ ပညာဟူ၍ဖြစ်သည်။သီလသည် သာသနာတော်ကြီး၏ အဓိကအခြေခံတရားဖြစ်သည်။သီလစင်ကြယ်ပြီးမှ သမာဓိပညာတို့ လာမည်ဖြစ်သည်။

ကိုယ်ကျင့်သီလကို ယုံယုံကြည်ကြည် စောင့်ထိန်းခြင်းဖြင့် အနည်းဆုံးရလဒ်သည် အသက်ရှည်ခြင်း အနာရောဂါကင်းရှင်းခြင်း အကျိုးများကို လက်ငင်းခံစားနိုင်ပါသည်။

ဘုရားရှင်၏ ပါရမီဖြည်ခဲ့စဉ် ဓမ္မပါလသတို့သားဘဝတွင်ဖြစ်ခဲ့သော ကိုယ်ကျင့်သီလစောင့်ထိန်းသည့် အကျိုးကျေးဇူးနှင့်ပတ်သက်၍ ပြောပြချင်ပါသည်။

ဓမ္မပါလသတို့သား၏ မိဘများအပါအဝင် ဓမ္မပါလတစ်ရွာလုံးသည် ငါးပါးသီလကို လုံလုံခြုံခြုံစောင့်ထိန်းနိုင်ကြပါသည်။ထို့ကြောင့် သူတို့တစ်ရွာလုံးသည် အနာရောဂါမရှိသည့်အပြင် အသက်ငယ်ငယ်နှင့် သေရိုးထုံးစံ မရှိခဲ့ပါ။အသက်အရွယ်ကြီး၍ သက်တမ်းစေ့သောအချိန်မှသာ သေဆုံးကြ၏။ဓမ္မပါလသတို့သား အရွယ်ရောက်သောအခါ ဖခင်ပုဏ္ဏားကြီးက တက္ကသိုလ်ရှိ ဒိသာပါမောက္ခ ဆရာကြီးထံ ပညာသင် စေလွှတ်လိုက်သည်။ဆရာကြီးထံရောက်၍ ပညာသင်ယူသောအခါ ဓမ္မပါလသည် ထူးထူးချွန်ချွန်သင်ယူနိုင်သည့်အပြင် ဆရာကြီး မျက်နှာလွှဲရလောက်အောင် အားကိုးရသည်။ဆရာကြီးကိုယ်စား အခြားတပည့်များကို သင်ပေးနိုင်သည်အထိ အားကိုးရသော တပည့်ကောင်းတစ်ယောက်ဖြစ်ခဲ့သည်။

တစ်နေ့တွင် ဆရာကြီး၏ သားအကြီးဆုံးသည် ရောဂါတစ်ခုဖြစ်၍ သေဆုံးသွားလေသည်။ဆရာကြီးနှင့်အတူ ဆရာကြီးမိသားစုအပါအဝင် တပည့်အပေါင်း ဝမ်းနည်းပူဆွေးလျက် ငိုကြွေးကြသည်အထိ ခံစားနေကြရလေသည်။ဓမ္မပါလတစ်ယောက်သာ မငိုမကြွေးဘဲ ထူးခြားနေသဖြင့် အခြားတပည့်များက အကျိုးအကြောင်း မေးမြန်းလေသည်။

ဓမ္မပါလက လူတို့သည် ငယ်ငယ်ရွယ်ရွယ်နှင့် သေသည်ကို သူမယုံနိုင်အောင်ဖြစ်မိကြောင်း ရှင်းပြသည်။

ဆရာကြီးကိုယ်တိုင်က မေးမြန်းသောအခါ ဓမ္မပါလက သူတို့ရွာမှာ အသက်ငယ်ငယ်နှင့် မသေကြဘဲ အသက်ကြီးမှသာ သေကြကြောင်း ရှင်းပြသည်။

ဆရာကြီးကလည်း ဓမ္မပါလ၏ စကားကြောင့် စူးစမ်းလိုစိတ်ဖြစ်ကာ သူ့သားရက်လည်ပြီးသောအခါ ဓမ္မပါလကို သူ့ကိုယ်စား တပည့်များကိုအုပ်ချုပ် သင်ပေးစေပြီး သူကိုယ်တိုင်က တပည့်တစ်ဦးအဖော်ခေါ်ကာ ဆိတ်ရိုးတစ်ချောင်းကို ဆေးကြောထုတ်ပိုး၍ ဓမ္မပါလ၏ရွာသို့ ထွက်ခဲ့သည်။

ဓမ္မပါလရွာရောက်သောအခါ ဓမ္မပါလ၏ ဖခင် ပုဏ္ဏားကြီးနှင့် တွေ့သည်။ဓမ္မပါလသတို့သားသည် ပညာအလွန်တော်၍ သူ၏လက်ထောက်အရာမှာထားကြောင်း သို့သော်လည်း မလွန်ဆန်နိုင်သော သင်္ခါရတရားအရ သေဆုံးသွားသဖြင့် လာရောက်အကြာင်းကြားခြင်းဖြစ်ကြောင်း အရိုးထုတ်ကို ဖြည်ပြလိုက်သည်။

ဆရာကြီး၏ စကားကိုကြားပြီးနောက် ပုဏ္ဏားကြီးနှင့်တကွ မိသားစုဝင်တွေရော ကျေးရွာလူကြီးတွေပါ အားလုံးလက်ခုပ်လက်ဝါးတီးပြီး ရယ်မောကြလေသည်။သူတို့၏သား သေသည်မှာ လုံးဝမဖြစ်နိုင်ကြောင်းနှင့် ဆရာကြီးပြသော အရိုးသည် သူ့သားအရိုးမဖြစ်နိုင်ဘဲ ဆိတ်ရိုး ခွေးရိုးများသာဖြစ်ရမည်ဟု ပိုင်ပိုင်နိုင်နိုင်ပင် ပြန်ပြောလေသည်။

အဘယ်ကြောင့် အပိုင်ပြောနိုင်သနည်းဟုမေးတော့ သူတို့တစ်ရွာလုံးသည် ငါးပါးသီလကို ခါးဝတ်လုံချည်လို မြဲစွာစောင့်ထိန်းပြီး အကုသလကမ္မပထတရားများကို မကျူးလွန်ဘဲ တရားသဖြင့်သာ နေထိုင်ပြုမူပြောဆိုကြသည့်အတွက် သူတို့ရွာတွင် အဖျားအနာရောဂါကင်းသည့်အပြင် အသက်ငယ်ငယ်နှင့် သေသည်မရှိဘဲ အသက်အရွယ်ကြီးပြီး သက်တမ်းစေ့မှသာ သေဆုံးကြကြောင်း ရှင်းပြသည်။

ထိုအခါမှ ဆရာကြီးလည်းလက်ခံသွားပြီး သူလည်း သူ့မိသားစုနှင့် တပည့်တွေကို ကိုယ်ကျင့်သီလ စောင့်ထိန်းစေမည် မတရားသော အတွေး၊ အပြော၊ အလုပ်တွေကို ရှောင်စေမည်ဟုပြော၍ ပြန်သွားလေတော့သည်။

တကယ်ဆို ကိုယ်ကျင့်သီလ စောင့်ထိန်းခြင်းသည် ဒုက္ခဆင်းရဲအပေါင်းမှ လွတ်ကင်းရာ နိဗ္ဗာန်သို့ရောက်ရှိနိုင်ပြီး အနည်းဆုံး ရောဂါဝေဒနာကင်းရှင်းကျန်းမာ၍ အသက်ရှည်ရှည်နေနိုင်လေသည်။

ထို့ကြောင့် မတရားမှုတွေများ ကပ်ရောဂါတွေဖြစ်ပွားကာ စီးပွားပျက် အသက်တိုနေသော ယနေ့အချိန် ယနေ့အခြေအနေတွင် သမာအာဇီဝစီးပွားရှာရင်း တစ်ယောက်နှင့် တစ်ယောက် စေတနာကောင်းတွေထားရင်း ကိုယ်ကျင့်သီလကို စောင့်ထိန်းသွားကြပါစို့။

ရိုက်မောင်း