【 ဆောင်းပါး 】 ကိုယ့်အလုပ်ကိုယ်လုပ်

【 ဆောင်းပါး 】 ကိုယ့်အလုပ်ကိုယ်လုပ်

သူ့အလုပ်သူလုပ်။ကိုယ့်အလုပ်ကိုယ်လုပ်။လူဆိုးက လူဆိုးအလုပ်လုပ်။လူကောင်းက လူကောင်းအလုပ်လုပ်။

လောကမှာလူကောင်းရှိသလို လူဆိုးလည်းရှိတာပါပဲ။ဘုရားရှင်မပွင့်ခင်မှာရော ပွင့်နေစဉ်မှာရော ပွင့်ပြီးတော့ရော ဘယ်အချိန်မှာပဲဖြစ်ဖြစ် လူကောင်း လူဆိုးရှိတာပါ။လမ်းတိုင်းမှာ လူဆိုးလူကောင်းရှိသည်။ရွာတိုင်း မြို့တိုင်း နိုင်ငံတိုင်းမှာလည်း လူဆိုးလူကောင်းရှိသည်။လူမျိုးတိုင်းမှာလည်း လူဆိုးလူကောင်းရှိသည်။မိန်းမတွေထဲမှာလည်း လူဆိုးလူကောင်းရှိသည်။ ယောင်္ကျားတွေထဲမှာလည်း လူဆိုးလူကောင်းရှိသည်။လူငယ်တွေထဲမှာလည်း လူဆိုးလူကောင်းရှိသည်။လူကြီးတွေထဲမှာလည်း လူဆိုးလူကောင်းရှိသည်။အားလုံးကိုခြုံငုံပြီးပြောရရင် လောကကြီးမှာ လူဆိုးနှင့် လူကောင်း နှစ်မျိုးပဲရှိပါသည်။

အရေးကြီးတာက ကိုယ်ကလူဆိုးဖြစ်ချင်တာလား လူကောင်းဖြစ်ချင်တာလား။လက်ရှိအနေအထားမှာ ကိုယ်ကလူဆိုးဖြစ်နေလား လူကောင်းဖြစ်နေလားဆိုတာကို ကွဲကွဲပြားပြားသိဖို့ လိုသည်။လူဆိုးဆိုတာက အကျင့်စရိုက်မကောင်းသူ။သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်မရှိသူ။တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ သူတွေးချင်တာတွေး သူပြောချင်တာပြော သူလုပ်ချင်တာ လုပ်တတ်သူ။သူများဘဝ သူများအရှက် သူများအသက်ကို နည်းနည်းလေးမှ တန်ဖိုးမထားတတ်သူ။အတ္တများသူ။အတ္တများသည်ထက်များချင်သူ။လူကောင်းဆိုတာက အကျင့်စာရိတ္တကောင်းသူ။သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်ရှိသူ။တရားသဖြင့်တွေး တရားသဖြင့်ပြော တရားသဖြင့်လုပ်တတ်သူ။သူများဘဝ သူများအရှက် သူများအသက်ကို စာနာတန်ဖိုးထားတတ်သူ။အတ္တနည်းသူ။အတ္တလုံးဝမရှိချင်သူ။ဘာပဲဖြစ်ဖြစ် ကိုယ်ကောင်းနေဖို့က အရေးကြီးတာမို့ ကိုယ့်ကိုယ်ကိုယ်ကောင်းအောင် သတိထားစောင့်ထိန်းနေဖို့ လိုအပ်သည်။

ဆိုးဖို့က သူတို့အလုပ်။ကောင်းဖို့က ကိုယ့်အလုပ်။အဲဒီလိုသဘောထားလိုက်ရင် ပြီးပါသည်။ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့က အဓိကအရေးကြီးတာ မဟုတ်ပါလား။

          ဘုရားရှင်ပွင့်တော်မူစဉ်အချိန်က ဘုရားရှင်၏ ညီတစ်ဝမ်းကွဲတော်စပ်ကြသော အနုရုဒ္ဓါနှင့် ဒေဝဒတ်တို့ နှစ်ယောက်ကို နှိုင်းယှဉ်ဖော်ပြချင်ပါသည်။အနုရုဒ္ဓါသည် ဘုရားရှင်၏ ဖခင် သုဒ္ဓေါဒနမင်းကြီး၏ ညီအရင်း သုက္ကောဒနမင်း၏ သားတော်အငယ်ဖြစ်သည်။ထို့ကြောင့် ဘုရားရှင်နှင့် ညီအစ်ကိုတစ်ဝမ်းကွဲ တော်စပ်သည်။အနုရုဒ္ဓါမင်းသားသည် ရုပ်ရည်အဆင်း အလွန်တင့်တယ်လှပသည်။နူးညံ့သိမ်မွေ့သည်။ဒေဝဒတ္တဆိုတာ နတ်ပေးသောမင်းသားဟု အမည်ရသည်။သူ့ကို ဒေဝဒတ်ဟုသာ ခေါ်ကြသည်။သူသည် သုဗ္ဗဗုဒ္ဓမင်းကြီး၏ သားအငယ်ဖြစ်ပြီး သူ့အမသည် သိဒ္ဓတ္ထမင်းသား ဘုရားမဖြစ်ခင် အိမ်ရှေ့မင်းဖြစ်စဉ်က ကြင်ယာတော် ယသော်ဓယာ ဖြစ်သည်။သုဗ္ဗဗုဒ္ဓမင်းသည် ဒေဝဒဟပြည်၏ ဘုရင်ဖြစ်ပြီး ဘုရားရှင်၏ ဖခင် သုဒ္ဓေါဒနသည် ကပိလဝတ်ပြည်၏ ဘုရင်ဖြစ်သည်။သုဗ္ဗဗုဒ္ဓ၏ အစ်မကို သုဒ္ဓေါဒနကယူ၍ သုဒ္ဓေါဒန၏ ညီမကို သုဗ္ဗဗုဒ္ဓက ယူသည်။ထို့ကြောင့် ဘုရားရှင်နှင့် ဒေဝဒတ်သည် နှစ်ဖက်တော် ညီအစ်ကိုတစ်ဝမ်းကွဲ တော်စပ်လေသည်။အနုရုဒ္ဓါသည်လည်း ဒေဝဒတ်နှင့် ညီအစ်ကိုတစ်ဝမ်းကွဲ တော်စပ်သည်။ဒေဝဒတ်သည် အဋ္ဌာရသဆယ့်ရှစ်ရပ်လုံး ထူးချွန်သည်။အထူးသဖြင့် လေးမြားပစ်ရာတွင် အလွန်ကျွမ်းကျင်သည်။တစ်ခါသော် သာကီဝင်မင်းသားများဖြစ်ပြီး ဆွေမျိုးလည်းမကင်းကြသော ဘဒ္ဒိယ အနုရုဒ္ဓါ အာနန္ဒာ ဘဂု ကိမိလ ဒေဝဒတ်တို့ ခြောက်ယောက်နှင့် သူတို့၏အခိုင်းအစေ ဆတ္တာသည် ဥပါလိတို့သည် ဘုရားရှင်ထံတွင် အတူတကွ ရဟန်းဝတ်ကြသည်။ဘုရားရှင်သင်ပေးသော ကမ္မဋ္ဌာန်းတရားများကို အသီးသီးကျင့်ကြံ အားထုတ်ကြသည်။ဘဒ္ဒိယသည် ရှေးဦးစွာ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်သည်။အာနန္ဒာက သောတာပန် ဖြစ်သည်။ဘဂုထေရ် ကိမိလထေရ် ဥပါလိထေရ်တို့သည် ဘာမှမဖြစ်သေးဘဲ နောင်ကြာလာမှ ရဟန္တာဖြစ်ကြသည်။အနုရုဒ္ဓါနှင့် ဒေဝဒတ်သည်လည်း ရဟန္တာမဖြစ်ကြသေးပါ။သို့သော်လည်း သူတို့နှစ်ယောက်သည် လောကီအဘိဉာဏ် အသီးသီးရကြ၏။အနုရုဒ္ဓါက နတ်မျက်စိကဲ့သို့မြင်နိုင်သည့် ဒိဗ္ဗစက္ခုအဘိဉာဏ်ရပြီး ဒေဝဒတ်က ဣဒ္ဓိဝိဓအဘိဉာဏ်တန်ခိုးရပြီး မြေလျှိုးမိုးပျံနိုင်ကာ ပုံသဏ္ဍာန်အမျိုးမျိုး ဖန်တီးနိုင်သည်။အနုရုဒ္ဓါထေရ်သည် ဒိဗ္ဗစက္ခုဉာဏ်ကိုရသော်လည်း အရိယာမဖြစ်သေးသောကြောင့် ဝီရိယပိုစိုက်ထုတ်ကာ တရားကျင့်သည်။ဝါကျွတ်သောအခါ ဓမ္မသေနာပတိ ရှင်သာရိပုတ္တရာထံတွင် သင့်တော်သော ကမ္မဋ္ဌာန်းယူပြီးနောက် စေတိယတိုင်း ပါစီနဝံသမြို့သို့သွား၍ တစ်ပါးတည်း တရားအားထုတ်လေသည်။မည်သို့ပင် ကြိုးစားအားထုတ်သော်လည်း ဝိတက်အကြံအစည်များနေသောကြောင့် တရားမရနိုင်ဘဲ ပင်ပန်းကြီးစွာဖြစ်နေရသည်။ထိုသို့ သဒ္ဓါတရားထက်သန်ပြီး လုံ့လဝီရိယစိုက်ထုတ်နေသောအဖြစ်ကိုသိသော ဘုရားရှင်သည် အနုရုဒ္ဓါထေရ်ထံသို့ ကိုယ်တိုင်ကြွရောက်ပြီး မဟာအရိယာဝံသပရိပတ်တရားကို ဟောပြောညွှန်ပြလေသည်။ထိုအခါ တွင်မှ အနုရုဒ္ဓါသည် ဉာဏ်စဉ်တိုးတက်ပြီး တရားသဘောပေါက်ကာ အာသဝေါကုန်ခမ်းသော ရဟန္တာဖြစ်ခဲ့သည်။ဘုရားရှင်က ရဟန်းပရိသတ်အလယ်တွင် ရှင်အနုရုဒ္ဓါကို ဒိဗ္ဗစက္ခုဧတဒဂ်ရ ရဟန္တာအဖြစ် ကြေငြာခဲ့သည်။ဒေဝဒတ်ကတော့ အနုရုဒ္ဓါနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။သူသည် အရိယာမဖြစ်သေးသော်လည်း ရရှိထားသော လောကီတန်ခိုးအားကိုးနှင့် မာန်မာနထောင်လွှားလာသည်။ဘုရားရှင်ကိုပင် ပခုံးချင်းယှဉ်ချင်လာသည်။ဘုရားရှင်က ရဟန္တာများဖြစ်သော ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလန်ကို သူတို့၏ကြိုးစားမှုကြောင့် ရရှိလာသည့် ပညာကြီးမားမှု တန်ခိုးကြီးမားမှုများကို အသိအမှတ်ပြုပြီး လက်ယာရံ အဂ္ဂသာဝကနှင့် လက်ဝဲရံ အဂ္ဂသာဝကအဖြစ် သတ်မှတ်လိုက်သည်။ထိုအခါ ဒေဝဒတ်သည် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့အပေါ် မနာလိုဝန်တိုစိတ် ထားလေသည်။ညီအစ်ကိုလည်းတော် ယောက်ဖလည်းတော်သော သူ့ကိုတော့ နေရာမပေးဟုဆိုကာ ဘုရားရှင်အပေါ် ရန်ငြိုးထားကာ ဘုရားရှင်နာမည်ပျက်အောင် ဘုရားရှင်သိက္ခာကျအောင် အမျိုးမျိုးအနှောက်အယှက်ပေးတော့သည်။သူ့စေတနာ သူ့ကိုအကျိုးပေးကာ ဒါယကာ ဒါယိကာမ မရှိသလောက်ဖြစ်ပြီး ဆွမ်းကွမ်းကအစ ရှားပါးလာသောအခါတွင်လည်း နောင်တမရဘဲ ပိုမိုဆိုးရွားသောအကြံအစည်များကို ပြုလုပ်လာသည်။

          ဘုရားရှင်၏ ဒါယကာရင်း ဗိမ္မိသာရမင်း၏ သားတော် အဇာတသတ်မင်းသားကို သူ၏တန်ခိုးများ အသုံးပြုပြီး ခြောက်လှန့်စည်းရုံးကာ သူ့တပည့်အဖြစ် သိမ်းသွင်းသည်။ထို့နောက် အဇာတသတ်ကို သွေးထိုးပေးကာ ဗိမ္မိသာရမင်းကြီးကိုသတ်ဖို့ အကြံပေးသည်။သူ၏ ယုတ်မာသော အကြံအစည်နှင့် အဇာတသတ်၏ ညံ့ဖျင်းသောစိတ်ဓာတ်တို့ကြောင့် မကြာမီမှာပင် အဇာတသတ်လက်ချက်နှင့် ဗိမ္မိသာရမင်းကြီး နတ်ရွာစံခဲ့ရသည်။သူကိုယ်တိုင်ကလည်း ဘုရားရှင်ကိုသတ်ဖို့ ကြံစည်သည်။ဘုရင်ဖြစ်သွားသော အဇာတသတ်ထံ မှလေးသမားများတောင်းကာ ဘုရားရှင်ကို မြားဖြင့်ပစ်စေသည်။ထိုလေးသမားအားလုံး ဘုရားရှင်၏ ဒါယကာများဖြစ်သွားသည်။ကြမ်းကြုတ်ခက်ထန်သော နာဠာဂီရိဆင်ကြီးကို အရက်မူးအောင်တိုက်ပြီး ဘုရားရှင်ကို သတ်စေသည်။ခွန်အားဗလကြီးမားတောင့်တင်းပြီး ကြမ်းတမ်းသော ဆင်ကြီးသည် ဘုရားရှင်ကို နင်းခြေသတ်မည့်အစား ဘုရားရှင်၏ရှေ့မှာ ယုန်သူငယ်လေးသဖွယ် ကျုံ့ကျုံ့ရုံ့ရုံ့လေး ဝပ်ဆင်းခယနေရှာသည်။ဘုရားရှင်ကို သူများနှင့်သတ်ခိုင်းတာ မရသည့်အဆုံး သူကိုယ်တိုင် ဂိဇ္ဈဂုတ်တောင်ပေါ်မှနေကာ ကျောက်မောင်းဆင်သည်။တောင်အောက်တွင် လမ်းလျှောက်လာသော ဘုရားရှင်အပေါ်သို့ ကျောက်တုံးကြီးကိုလှိမ့်ချရာ ဘုရားရှင်၏ ခြေမတွင် သွေးခြေဥသွားခဲ့သည်။နောက်ဆုံးတွင် ဘုရားရှင်၏ တပည့်သံဃာအပေါင်းကို အုပ်စုကွဲအောင်လုပ်သော အကုသိုလ်ကံ ဘုရားရှင်ကို ကိုယ်ထိလက်ရောက်သတ်ရန် ကြိုးစားသော အကုသိုလ်ကံတို့ကြောင့် မြေမြိုကာ အဝီစိငရဲသို့ တိုက်ရိုက်ကျရောက်သွားခဲ့ရသည်။အနုရုဒ္ဓါကလည်း သူ၏ကောင်းသောအလုပ်ကို သူလုပ်သည်။ဒေဝဒတ်ကလည်း သူ၏ဆိုးရွားယုတ်မာသောအလုပ်ကို သူလုပ်သည်။သူတို့အကြောင်းနှင့်သူတို့ ကောင်းကျိုး ဆိုးကျိုးတွေကို အသီးသီးစံစား ခံစားနေကြရပါပြီ။အကောင်း အဆိုး ရွေးချယ်ခွင့် လူတိုင်းမှာရှိပါသည်။

သူ့အလုပ်သူလုပ်။ကိုယ့်အလုပ်ကိုယ်လုပ်။လူဆိုးက လူဆိုးအလုပ်လုပ်။လူကောင်းက လူကောင်းအလုပ်လုပ်။

ရိုက်မောင်း