【 ဆောင်းပါး 】ပေကျင်းမြို့က လည်ပတ်စရာ နေရာများ အပိုင်း (၁)

【 ဆောင်းပါး 】ပေကျင်းမြို့က လည်ပတ်စရာ နေရာများ အပိုင်း (၁)

မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော တရုတ်နိုင်ငံတွင် ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ရှေးဟောင်းအမွေအနှစ်များ တည်ရှိသလို ခေတ်မီဖွံ့ဖြိုးတိုးတက်သော အဆောက်အအုံများရဲ့ မြင်ကွင်းပြယုဂ်တွေကိုလည်း အံ့အားသင့်ဖွယ် လေ့လာခံစားနိုင်မှာဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံဘက်က ၎င်းရဲ့ ကိုဗစ်တင်းကျပ်မှုတွေကို ဖြေလျှော့ပေးလိုက်တဲ့အတွက် နိုင်ငံခြားသား ခရီးသွားတွေဟာ တရုတ်နိုင်ငံအတွင်းသို့ လွယ်လင့်တကူ သွားရောက်လည်ပတ်နိုင်ပြီလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံအတွင်းမှာ အပန်းဖြေ ကာစီနိုမြို့ မကာအိုနဲ့ ရုပ်ရှင်ပညာရပ်များ ဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ ဟောင်ကောင်အပြင် အခြားသောလည်ပတ်စရာနေရာတွေ များစွာတည်ရှိနေပါတယ်။မြို့တော် ပေကျင်းတစ်ခုတည်း မှာပဲ လည်ပတ်စရာနေရာတွေဟာ များစွာတည်ရှိနေတာကြောင့် တရုတ်ပြည်သို့ သွားရောက်လည်ပတ်မယ့်သူများအတွက် 'ပေကျင်းမြို့က လည်ပတ်စရာ နေရာများ' ကို အပိုင်း (၃) ပိုင်းခွဲပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့တင်ဆက်ပေးမယ့် ပေကျင်းမြို့က လည်ပတ်စရာ နေရာများ အပိုင်း (၁) မှာတော့ တရုတ်နိုင်ငံရဲ့ သမိုင်းကြောင်း ပုံရိပ်တွေကို လေ့လာနိုင်မယ့် နေရာတွေကို အဓိကထား ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမြို့ကို ရောက်ရှိပြီဆိုတာနဲ့ ကုကုန်းရှေးဟောင်းနန်းတော်ကြီးကို သွားရောက်လည်ပတ်သင့်ပါတယ်။ကုကုန်းဟာ ကမ္ဘာ့အကြီးဆုံး နန်းတော်ကြီးလည်းဖြစ်ပါတယ်။ပေကျင်းမြို့ရဲ့ အလယ်ဗဟို တည့် တည့်မှာ ကုကုန်းရှေးဟောင်းနန်းတော်ကြီးတည်ရှိပြီး တရုတ်မင်းဆက် 'မင်' ခေတ်နဲ့ 'ချင်' ခေတ် စတဲ့ ခေတ်နှစ်ခေတ်မှာ ဘုရင့်နန်းတော်အဖြစ် အသုံးတော်ခံခဲ့တဲ့ ရှေးဟောင်းနန်းတော်ကြီးဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းများအရ ကုကုန်းရှေးဟောင်းနန်းတော်ကြီးမှာ မင်းဆက် ၂၄ ဆက် အုပ်စိုးခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ထပ် ပေကျင်းမြို့ရဲ့ အလယ်ဗဟိုမှာတည်ရှိတာတော့ ကျင့်ဆန်းပန်းခြံနဲ့ ပေဟိုင်ပန်းခြံတို့ဖြစ်ပါတယ်။ ကျင့်ဆန်းပန်းခြံဟာ အမြင့်တစ်နေရာမှာ တည်ရှိတာကြောင့် ကျင့်ဆန်းပေါ်တက်ပြီး ကုကုန်းရှေးဟောင်းနန်းတော်ကြီး တစ်ခုလုံးရဲ့ အလှအပနဲ့ ရှေးဟောင်းအဆောက်အဦတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ပေဟိုင်ပန်းခြံဟာ နှစ်ပေါင်းတစ်ထောင်ကျော်လောက် သက်တမ်းရှိပြီလို့ သမိုင်းမှတ်တမ်းများအရ သိရပြီး၊ အီတလီခရီးသွား မာကိုပိုလိုဟာ ပေဟိုင်ပန်းခြံကို ရောက်ရှိခဲ့ဖူးပြီး သူ့ရဲ့ခရီးသွားမှတ်တမ်းထဲမှာ မှတ်တမ်းတင်ခဲ့တယ်လို့လည်း လေ့လာမှတ်သားရပါတယ်။

တရုတ်လူမျိုးတွေ နိဗ္ဗာန်ဘုံလို့ ခေါ်ဆိုကြတဲ့ နေရာကတော့ ပေကျင်းမြို့ရဲ့ အရှေ့မြောက်ပိုင်းမှာတည်ရှိပါတယ်။ ဘာကြောင့် နိဗ္ဗာန်ဘုံလို့ ခေါ်ဆိုကြသလဲဆိုတော့ 'ချင်' ခေတ်နဲ့ 'မင်' ခေတ်ရဲ့ ဘုရင်တွေ မိုးကောင်းကင်ကို ပူဇော်တဲ့နေရာလည်းဖြစ်ပါတယ်။ 'မင်' ခေတ်မှာ ကုကုန်းရှေးဟောင်းနန်းတော်ကြီးနဲ့အတူ နိဗ္ဗာန်ဘုံအဆောက်အဦကို ပြုပြင်တည်ဆောက်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းများမှာ ဖော်ပြထားပါတယ်။

ယိုးဟိုကုန်းကို လာမာဘုရားကျောင်းလို့လည်း လူသိများပါတယ်။လာမာဘုရားကျောင်းကနေ ဘုရင်နှစ်ပါး ပေါ်ထွက်လာခဲ့တဲ့အတွက် နဂါးအောင်မြေအဖြစ်လည်း တင်စားခေါ်ဝေါ်ကြပါတယ်။လာမာဘုရားကျောင်းရဲ့ အဆောက်အဦတွေရဲ့ အဆောင်တိုင်းမှာ ဘုရားဆင်းတုတော်များ တည်ရှိနေတာကို မြင်တွေ့ရမယ့်အပြင် အဖိုးတန်ယဉ်ကျေးမှုပစ္စည်းများကိုလည်း ဘုရားကျောင်းအတွင်း ထိန်းသိမ်းထားလျက်ရှိပါတယ်။

တရုတ်နိုင်ငံမြို့တော် ပေကျင်းရဲ့ အလယ်ဗဟိုတည့်တည့်မှာတော့ ရင်ပြင်တစ်ခုတည်ရှိပြီး တီယန်မင်ရင်ပြင်လို့ အမည်တွင်ပါတယ်။တီယန်မင်ရင်ပြင်မှာ ဂုဏ်ပြုအခမ်းအနားတွေနဲ့ နိုင်ငံတော်ပွဲတော်နေ့တွင် ပြုလုပ်ကျင်းပ လျက်ရှိပါတယ်။တီယန်မင်ရင်ပြင်ဟာ ကုကုန်းရှေးဟောင်းနန်းတော်ကြီးဘက်မှာလည်း တည်ရှိပါတယ်။ တီယန်မင်ရင်ပြင်ထဲမှာ ပြည်သူ့သူရဲကောင်းကျောက်တိုင်၊ မော်စီတုန်းခန်းမဆောင်၊ တရုတ်အမျိုးသားပြတိုက်နဲ့ ပြည်သူ့ခန်းမဆောင်နဲ့ တီယန်မင်မြို့ရိုးတန်ဆောင်းတို့ကို လေ့လာနိုင်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကမ္ဘာကျော် အထင်ကရ မဟာတံတိုင်းကြီးကိုတော့ အားလုံးသိကြမှာပါ။တရုတ်ပြည်ကို အလည်အပတ်ရောက်ရှိခဲ့ရင် မသွားမဖြစ်ကို သွားရောက်လည်ပတ်ရမယ့် နေရာတစ်ခုလည်းဖြစ်ပါတယ်။ မဟာတံတိုင်းကြီးဟာ ကမ္ဘာ့အံ့ဖွယ် (၇) ပါးထဲမှာလည်း တစ်ပါးအပါအဝင်ဖြစ်ပါတယ်။မြို့တော် ပေကျင်း မြောက်ဘက်ပိုင်းမှာ မဟာတံတိုင်းကြီးဟာ တစ်စိတ်တစ်ပိုင်းတည်ရှိနေပါတယ်။

မဟာတံတိုင်းကြီးရဲ့ ကျိယုံကွမ်း၊ ဘာလင်နဲ့ မုထျန်ယွီ တံတိုင်းအပိုင်းတွေဟာ ပေကျင်းမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။မဟာတံတိုင်းကြီးရဲ့ အကြွင်းအကျန်နေရာတွေဖြစ်တဲ့ ကျိယုံကွမ်း၊ ဘာလင်နဲ့ မုထျန်ယွီ တံတိုင်း အပိုင်းတွေကို တရုတ်အစိုးရမှ ပြန်လည်ပြုပြင်ပေးပြီးနောက်မှာ ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်နိုင်ဖို့အတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒီကနေမှာတော့ သမိုင်းကြောင်း ပုံရိပ်တွေကို လေ့လာနိုင်မယ့် နေရာတွေကို ဖော်ပြပေးသွားခဲ့တာဖြစ်ပါတယ်။ ထပ်မံတင်ဆက်ပေးမယ့် ပေကျင်းမြို့က လည်ပတ်စရာနေရာများ အပိုင်း (၂) မှာတော့ အလွန်လှပတဲ့ရှုခင်းတွေကို ခံစားနိုင်မယ့် ခရီးသွားလည်ပတ်စရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

မိုးသီဟန်