【 ဆောင်းပါး 】နည်းပညာနှင့် မြန်မာလူငယ်များအနာဂတ်

【 ဆောင်းပါး 】နည်းပညာနှင့် မြန်မာလူငယ်များအနာဂတ်

ယနေ့ကမ္ဘာကြီး၏ သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် တစ်ရှိန်ထိုးတိုးတက်နေသလို နည်းပညာအရ ထိပ်ဆုံးရောက်လာသော နိုင်ငံကြီးများလည်းရှိလာပြီး ယင်းအနက်တွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော တရုတ်နိုင်ငံလည်း အပါအဝင်ဖြစ်သည်။

တရုတ်နိုင်ငံ၏ လူငယ်နှင့်နည်းပညာဆိုင်ရာ ဆက်စပ်မှုကို လေ့လာကြည့်မည်ဆိုပါက လက်ရှိအချိန်တွင် ယင်းနိုင်ငံအတွင်းရှိ ကျောင်းများအားလုံးမှာ ရာနှုန်းပြည့်နီးပါး အင်တာနက်ဖြင့် ချိတ်ဆက်နိုင်ခဲ့သည်ကို ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သော ကမ္ဘာ့ဒစ်ဂျစ်တယ်ပညာရေးညီလာခံတွင် အစီရင်ခံစာတစ်ရပ်အဖြစ် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဒစ်ဂျစ်တယ်ပညာရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်နေပြီး ပညာရေးမူဝါဒများနှင့် စံချိန်စံညွှန်းများ လိုက်လျောညီထွေအားကောင်းစေရန် ကြိုးပမ်းနေသလို ဒစ်ဂျစ်တယ်ပညာရေး၏ အသီးအပွင့်များကို နိုင်ငံတိုင်းရှိ ပြည်သူအများအပြားမှ အကျိုးကျေးဇူးများခံစားနိုင်စေမည်ဟုလည်း တရုတ်ဒုတိယဝန်ကြီးချုပ် Sun Chunlan က ယင်းကမ္ဘာ့ဒစ်ဂျစ်တယ်ပညာရေးညီလာခံ၌ ထုတ်ဖော်ပြောကြားဖူးသည်။

တရုတ်နိုင်ငံတွင် လက်ရှိ အွန်လိုင်းသင်တန်းများမှာ အရေအတွက်အားဖြင့် ၆၄၅၀၀ ကျော်ရှိသွားခဲ့သလို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်ကျော်ကာလအထိ ကျောင်းသား၊ ကျောင်းသူဦးရေ ၁ ဘီလီယံကျော် သင်ယူလုပ်ကိုင်နေလျက်ရှိသည်။ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများနှင့်ပတ်သက်၍လည်း လန်ချန်း-မဲခေါင်နှစ်နိုင်ငံ၊ တရုတ်-မြန်မာ လူငယ်သိပ္ပံနှင့် နည်းပညာဖလှယ်ပွဲ ဆိုင်ရာလှုပ်ရှားမှုကို တရုတ်နိုင်ငံ၊ ကွေ့လိန်မြို့နှင့် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့တို့တွင် ပြီးခဲ့သော ၂၀၂၀ လောက် အတွင်းက ပြုလုပ်ခဲ့ကြသေးသည်။ တရုတ်နိုင်ငံ၏ နည်းပညာစက်မှုလုပ်ငန်း အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွင် ရိုးရာ ထုတ်ကုန်မှ တဖြေးဖြေးပြောင်းလဲလာရင်း အဆင့်မြင့်လာကာ ဉာဏ်ရည်မြင့်သော ထုတ်လုပ်မှုဖြစ်သည့် အသိဉာဏ်တု ထည့်ထားသော ထုတ်ကုန်များအဖြစ်သို့ ရောက်လာသလို နည်းပညာဆန်းသစ်တီထွင်မှုဆီ အသွင်ကူးပြောင်း ရောက်ရှိလာခဲ့သည်။

လက်ရှိတွင်လည်း ကွမ်တမ်နည်းပညာ၊ အီလက်ထရွန်းနစ်၊ အာကာသနည်းပညာ စသည့်ကဏ္ဍတို့တွင် အနာဂတ်၌ အံ့ဩဖွယ်ရာကောင်းလောက်အောင် အောင်မြင်မှုများ ရရှိနေပြီဖြစ်သည်။ လန်ချန်း -မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေစီမံချက်၏ တရုတ်-မြန်မာ နှစ်နိုင်ငံလူငယ်များအကြား ယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားမှုများအနက် သိပ္ပံနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်နေလျက်ရှိသည်။ မြန်မာနိုင်ငံ၌ လာရောက် လုပ်ဆောင်ခဲ့သည့် နည်းပညာဖလှယ်ပွဲအတွင်း တရုတ်နှင့် နိုင်ငံခြားကျောင်းသူကျောင်းသား စုစုပေါင်း ၂၀၀ ခန့် ပါဝင်ခဲ့ကြသလို Guilin လျှပ်စစ်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ အသိဉာဏ်အတုထည့်ထားသော R & D စက်ရုပ်ကို R & D လူငယ် အသင်းက မဲခေါင် ငါးနိုင်ငံရှိ ကျောင်းသူကျောင်းသားများရှေ့မှောက်သို့ သယ်ယူလာကာ ပြကွက်များဖြင့် ပြသခဲ့ကြသည်။ ထို့အတူပင် မြန်မာနိုင်ငံရှိ ရန်ကုန်တက္ကသိုလ်သိပ္ပံနှင့် နည်းပညာဌာနကလည်း အသိဉာဏ်အတု ထည့်သွင်းထားသည့် စက်ရုပ်ဖြင့် ဆေးဖြန်းမှုကို ပြသနိုင်ခဲ့သလို ကမ္ဘာ့ကပ်ရောဂါကာကွယ်တားဆီးရေးအတွက် အထောက်အကူပြုစေမည့် အခြေအနေမျိုးကိုလည်း ပြသနိုင်ခဲ့ကြသည်။

သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ခေတ်ရှေ့ပြေးကာ တိုးတက်မှုအားကောင်းနေသည့် တရုတ်နိုင်ငံသည် လက်ရှိတွင် အာကာသ အတွင်း စပါးစိုက်ပျိုးနည်းပညာနှင့်ပတ်သက်၍ စမ်းသပ်မှုများကိုလည်း အောင်မြင်ခဲ့သလို ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် Jovian စနစ်၊ အင်္ဂါဂြိုဟ်မှ နမူနာများ စုဆောင်ခြင်းနှင့် လ၏ဝင်ရိုးစွန်းဒေသ စူးစမ်းလေ့လာရေး အပါအဝင် အာကာသအစီအစဉ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ်များကို ၂၀၂၅ ခုနှစ်အထိ ကာလသတ်မှတ်ချက်အသီးသီးဖြင့် လုပ်ဆောင်သွားမည့် အကြောင်းကိုလည်း ချမှတ်ဆောင်ရွက်နေလျက်ရှိသည်။ ထို့အပြင် အင်္ဂါဂြိုဟ်မှ နမူနာပြန်လည် သယ်ဆောင်ရေးမစ်ရှင်နှင့် Jovian စနစ် စူးစမ်းလေ့လာရေးမစ်ရှင်ကို ၂၀၃၀ ပြည့်နှစ်ခန့်တွင် လွှတ်တင်ရန် စီစဉ်ထားပြီးဖြစ်သည်။

သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ်များ စူးစမ်းလေ့လာရေးကဏ္ဍကိုလည်းကောင်း၊ လ၏ဝင်ရိုးစွန်းဒေသမှ နမူနာများ စုဆောင်နိုင်ရေးအတွက် Chang’e-6 နှင့် Chang’e-7 လကမ္ဘာသွား အာကာသယာဉ်များကို လာမည့် ငါးနှစ်အတွင်းတွင် လွှတ်တင်နိုင်ရန်လည်း ကြိုးပမ်းနေလျက်ရှိသည်။ အာကာသအတွင်း သစ်ပင်များ စိုက်ပျိုးစမ်းသပ်မှုကို နိုင်ငံတကာ အာကာသစခန်းများက မုန်ညင်း၊ ဆီမုန်ညင်း၊ ပဲပင်၊ ဂျုံတို့ကို ပုံစံတူ မျိုးစေ့မှ မျိုးစေ့ပေါက်အဖြစ်လည်းကောင်း၊ ပျိုးပင်ကြီးထွားလာပုံကိုလည်းကောင်း၊ ပန်းပွင့်ခြင်း၊ အသီးသီးခြင်းတို့၏ ပျိုးထောင်မှုအခြေအနေများကို စမ်းသပ်လုပ်ဆောင်ခဲ့ကြသော်လည်း စပါးကိုမူ မလုပ်ဆောင်နိုင်သေးသည့် အခြေအနေမျိုးကို တရုတ်နိုင်ငံက ကမ္ဘာတွင် ပထမဆုံးအကြိမ်အဖြစ် အာကာသအတွင်း စပါးမျိုးစေ့မှ မျိုးစေ့ပေါက်ရောက်မှုအဆင့်ဆင့်အထိ ပျိုးထောင်ကာလအတွင်း စမ်းသပ်လေ့လာမှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြသည်။

ထိုသို့ အာကာသအတွင်း စပါးပင်နှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉ ရက်မှစကာ အာဟာရအရည်ထည့်သွင်းမှုကို စတင်စမ်းသပ်ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်တွင် စမ်းသပ်မှုလုပ်ငန်းများ ပြီးဆုံးခဲ့သည်။ ထိုကာလအတွင်း တရုတ်နိုင်ငံမှ အာကာသယာဉ်မှူးများက နမူနာပစ္စည်းရယူမှုကို သုံးကြိမ်ပြုလုပ်ခဲ့ကြသလို အာကာသအတွင်း ရက်ပေါင်း ၁၂၀ လောက် ပျိုးထောင်ခဲ့သည့် စပါးပင်များကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်က လူလိုက်ပါနိုင်သော အာကာသယာဉ်ဖြစ်သည့် ရှင်ကျိုး အမှတ် ၁၄ အာကာသယာဉ်ဖြင့် ကမ္ဘာမြေပေါ်ကို ပြန်လည်ယူဆောင်လာခဲ့ပြီးနောက် ဆက်လက်စမ်းသပ်လေ့လာမှုများ လုပ်ဆောင်နေကြသည်။

ထိုမျှမကသေး မိုဘိုင်းဆက်သွယ်ရေးနှင့်ပတ်သက်သည့် နည်းပညာများ၌လည်း တိုးတက်မှုအဟုန်ကောင်းနေသလို ယာဉ်နှင့် စက်ပစ္စည်းပိုင်းဆိုင်ရာများတွင်လည်း ကမ္ဘာကြီးပူနွေးမှုကို လျော့ကျကာ လောင်စာသုံးစွဲမှုမရှိစေဘဲ လျှပ်စစ်ဖြင့် အသုံးပြုနိုင်သည့် မော်တော်ယာဉ်များကိုအများအပြားထုတ်လုပ်နေပြီး ကမ္ဘာ့နိုင်ငံအများအပြားက နှစ်သက်ဝယ်ယူရသော အခြေအနေမျိုးဖြစ်လာခဲ့သည်။ လက်ရှိကာလတွင်လည်း တရုတ်နိုင်ငံ Baidu ကုမ္ပဏီမှ ထုတ်လုပ်သည့် အလိုအလျောက် မောင်းနှင်သော မောင်းသူမဲ့မော်တော်ယာဉ်ကိုလည်း အများသိအောင် တရားဝင်ချပြခဲ့သလို စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလုပ်ဆောင်ရန် စီစဉ်လျက်ရှိပြန်သည်။

ထိုကဲ့သို့ စက်မှုဆိုင်ရာများအပြင် သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် ထိပ်တန်းရောက်နေသည့် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ နှစ်စဉ်တိုးနေသလို ယခု ၂၀၂၃ ခုနှစ်အတွင်း ၄ ရာခိုင်နှုန်း (သို့မဟုတ်) ၈ ရာခိုင်နှုန်း တိုးနိုင်မည့် အခြေအနေမျိုးရှိသည်ဟုလည်း သုတေသီများက ခန့်မှန်းနေကြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင်ရန်ပုံငွေဖြင့် နှစ်နိုင်ငံ သိပ္ပံနှင့်နည်းပညာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကြိုးပမ်းကာ လုပ်ဆောင်နေလျက်ရှိသည်။ ၂၀၁၈ ခုနှစ်မှစ၍ လန်ချန်း-မဲခေါင်စီမံကိန်း စုစုပေါင်း ၁၀ ခုကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနက ဖော်ဆောင်ခဲ့သလို ယင်းအနက်တွင် “ဝါးအသုံးချမှု ဈေးကွက်အလားအလာ” ၊ “မဲခေါင်မြစ်ဝှမ်း ဝါးဆန်းသစ်ထုတ်ကုန် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း” ၊ “မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန” စီမံကိန်း စသည်တို့ကို ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံသုတေသနပြုမှု များကိုလည်း အားဖြည့်လုပ်ဆောင်ပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံရှိ သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပညာသင်ယူနေသော လူငယ်များနှင့်လည်း နည်းပညာပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာဖလှယ်ခြင်းများကိုလုပ်ဆောင်နေပြီး အနာဂတ်မျိုးဆက်သစ်ဖြစ်သည့် မြန်မာလူငယ်များကိုလည်း ပညာတော်သင် ခေါ်ယူခြင်းများဖြင့် လုပ်ဆောင်ပေးလျက်ရှိသည်။ ယနေ့လူငယ် နောင်တွင်လူကြီးဟူသည့် ဆိုရိုးများအတိုင်း အနာဂတ်တွင် လူငယ်များ ထူးချွန်ထက်မြက်မှသာ နိုင်ငံအတွက် အားကိုးအား ထားပြုရာရောက်စေမည်ဖြစ်သလို နိုင်ငံတိုးတက်မှု အတွက်လည်း အထောက်ပံ့ကောင်းများဖြစ်စေမည်။ ထို့ကြောင့် နည်းပညာတိုးတက်နေသည့် တရုတ်နိုင်ငံ၏ နည်းပညာဆိုင်ရာ စွမ်းဆောင်လုပ်ကိုင်နေမှုများက ပြည် တွင်းမှလူငယ်များအတွက် လေ့လာအတုယူစရာလည်းဖြစ်သလို သိပ္ပံနှင့်နည်းပညာဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဖလှယ်လုပ်ဆောင်ခြင်းများဖြင့် မဝေးတော့သည့်အနာဂတ်ကာလ၌ အကျိုးရလဒ်ကောင်းများကို ခံစားနိုင်ပေတော့မည်။

ဧပရယ်လ်