【 ဆောင်းပါး 】ထိန်းသိမ်းသင့်သော စိမ်းလန်းမှု

【 ဆောင်းပါး 】ထိန်းသိမ်းသင့်သော စိမ်းလန်းမှု

အထပ်မြင့်အဆောက်အဦများစွာနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့အတွင်း သစ်ပင်ပန်းမန်များစွာကလည်း စိမ်းစိုလန်းဆန်းနေလေသည်။ ခေတ်မီအဆောက်အအုံများစွာ ဝန်းရံနေသော မြို့ပြဖြစ်သော်လည်း လမ်းဘေး ဝဲယာတစ်လျှောက်နှင့် ပန်းခြံကြီးများအတွင်း သစ်ပင်ကြီးသစ်ပင်ငယ်များစွာမှာ အသေအချာစိုက်ပျိုးထိန်းသိမ်းခံထားရ၍ စိမ်းစိုရှင်သန်ကြီးထွားလျက်ရှိသည်။

လွန်ခဲ့သော နှစ် ၂၀ကျော်ကာလများတွင် တရုတ်နိုင်ငံမှာ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခဲ့သောကြောင့် လေထုညစ်ညမ်းမှုအပါအဝင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ များစွာဖြစ်ပေါ်ခဲ့ရာ ‌ပြည်သူများမှာ ဆိုးရွားစွာခံစားခဲ့ရသည်။

ထို့ကြောင့် တရုတ်နိုင်ငံအစိုးရက နိုင်ငံတစ်ဝန်း သစ်ပင်ပန်းမန်များနှင့် ပြန်လည်စိမ်းလန်းစေရေး စီမံကိန်းတစ်ခုဖြစ်သည့် စိမ်းလန်းရပ်ဝန်းစီမံကိန်းကို နိုင်ငံတစ်ဝှမ်းလုံးကို ဆောင်ရွက်စေခဲ့သည်။

တရုတ်နိုင်ငံသည် ဧရိယာ စတုရန်းကီလိုမီတာပေါင်း ၉ ဒသမ၆သန်း(စတုရန်းမိုင်ပေါင်း ၃ဒသမ၇သန်း) ကျယ်ဝန်းသည်။ မြေမျက်နှာသွင်ပြင်မှာ ပုံစံအမျိုးမျိုးကွဲပြားနေပြီး သစ်တောများလည်းရှိသလို သဲကန္တာရများလည်း ရှိသည်။

ပေကျင်းမြို့အပြင် ရှန်ဟိုင်း၊ ထျန်ကျင်းနှင့် ချုံချင့်မြို့တို့တွင် ထိုစီမံကိန်းကို ဆောင်ရွက်စေခဲ့သည်။ စိမ်းလန်း ရပ်ဝန်းစီမံကိန်းကို ပေကျင်းမြို့တော်အတွင်း မြို့လယ်ပတ်ဝန်းကျင်ကို သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးချဲ့၍ အကောင်အထည်ဖော်လျက်ရှိပြီး သစ်တောအခြေခံခရီးသွားလုပ်ငန်းဇုန် ၁၀ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ပန်းခြံများတည်ထောင်၍ ပန်းခြံများအတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးရန် စီမံကိန်း ပြုလုပ်ခဲ့သောကြောင့် ပေကျင်းမြို့တွင် နွေရာသီနန်းတော်နှင့် ထျန်းထျန်ပန်းခြံအပါအဝင် မှတ်ပုံတင်ထားသော ပန်းခြံပေါင်း ၄၀၀ကျော် အထိရှိကာ ပေကျင်းမြို့ဧရိယာတော်တော်များများမှာ သစ်ပင်များနှင့် စိမ်းလန်းလျက်ရှိသည်။

ထို့ပြင် ပေကျင်းမြို့၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် ခရိုင် အသီးသီးတွင် သစ်တောဖုံးလွှမ်းမှုဧရိယာကို တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ကမ်းပါးများရှိသောနေရာနှင့် အဝေးပြေးလမ်းမများ၊ မြို့ရှောင်လမ်းမများတစ်လျှောက်တွင် သစ်ပင်များစိုက်ပျိုး၍ ဖော်ဆောင်လျက်ရှိသည်။

စီမံကိန်းလုပ်ဆောင်ရန် ရင်းနှီးမြှုပ်နှံသူများကို သစ်ပင်စိုက်ဧရိယာ တစ်ဟက်တာလျှင် အမတော်ကြေးပမာဏ တစ်ခုသတ်မှတ်၍ ထောက်ပံ့ပေးခြင်း၊ စည်းကမ်းမဲ့ လယ်ယာစိုက်ပျိုးခြင်းများကို ကာကွယ်ရန် စိုက်ပျိုးရေး သမားများကို စည်းရုံးခြင်း၊ လယ်မြေအဖြစ် အသုံးပြု၍မရသည့် ဖုန်းဆိုးမြေများတွင် သစ်ပင်များစိုက်ရန် ပျိုးပင်များထောက်ပံ့ပေးခြင်း စသဖြင့်နည်းလမ်းများနှင့် စိမ်းလန်းရပ်ဝန်းစီမံကိန်းကို အကောင် အထည် ဖော်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် အမတော်ကြေးရရှိရန် သစ်ပင်များအလုအယက် စိုက်ပျိုးလာကြပြီး လယ်ယာမြေများတွင် သစ်တောများနှင့်အတူ သစ်သီးပင်များ ရောနှောစိုက်သော စိုက်ခင်းများအဖြစ် ပြောင်းလဲလာခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလကပင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်ဖော်ဆောင်သည့် “ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဖွံ့ဖြိုးတိုးတက်စေရေးပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းမြှင့်တင် စေရန်အတွက်သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ်ဖွံ့ဖြိုးစေခြင်း” ခေါင်းစဉ်ဖြင့် အပိုင်းလိုက်ခြုံငုံ သုံးသပ်မှုဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံမှူးကြီး Dr. Zheng Zhihong က စိုက်ပျိုးရေးနှင့် သစ်တောအပြန်အလှန် အကျိုးမြှင့်တင်ပေးခြင်းဖြင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဂေဟစနစ် တည်ဆောက်ကာ ဂေဟအကျိုးစီးပွားနှင့် စီးပွားရေးအကျိုးစီးပွား အပြန်အလှန်အကျိုးဖြစ်ထွန်းစေကြောင်း အဆိုပါဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြေဆီဩဇာကြွယ်ဝပြီး စိုက်ပျိုးရေးနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင်လည်း သစ်ပင်စိုက်ပျိုးခြင်းဓလေ့မှာ ရှေးယခင်ကပင် ရှိခဲ့သည်။ ဆန်စပါးကို အဓိကထား စိုက်ပျိုးသော်လည်း သဘာဝအတိုင်းပေါက်ရောက်သည့် အဖိုးတန်သစ်ပင်များစွာကလည်း မြန်မာနိုင်ငံတောင်တန်းဒေသတစ်လျှောက် ပေါများခဲ့သည်။

သို့သော်လည်း ထိန်းသိမ်းမှုအားနည်းခြင်း၊ လောင်စာအနေဖြင့် ထင်းကိုအသုံးပြုမှုများပြားခြင်းနှင့် သစ်များခိုးထုတ်ခြင်းကဲ့သို့ အခြေအနေများကြောင့် သစ်ပင်သစ်တောများ တစ်စတစ်စပြုန်းတီးလာခဲ့သည်။

ထို့အပြင် နာဂစ်မုန်တိုင်းဒဏ်ခံရပြီးနောက် ဧရာဝတီတိုင်းဒေသကြီးတစ်လျှောက်သစ်ပင်များ များစွာဆုံးရှုံးခဲ့ရသည်။ နောက်ဆက်တွဲပင် ရေကြီးရေလျှံမှုများနှင့် နွေရာသီကဲ့သို့ အပူချိန်မြင့်မားသည့်အချိန်တွင် အပူဒဏ်ကို ယခင်ထက် ပိုမိုခံစားကြရသည်။

ရန်ကုန်မြို့ကဲ့သို့ မြို့ပြနေရာတွင် သာ၍ပင်ဆိုးလေသည်။ လျှပ်စစ်ဓာတ်ကြိုးများနှင့် မလွတ်ကင်းသောကြောင့် သစ်ပင်သစ်ကိုင်းများမှာလည်း မကြာခဏခုတ်ထွင်ရှင်းလင်းခံရလေ့ရှိပြီး ရန်ကုန်မြို့ပြ၏ အပူချိန်မှာယခင်ထက်တိုးလျက်ရှိသည်။

အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများနည်းပါးလာသည့်အပြင် လေထုညစ်ညမ်းမှုမှာလည်း နေ့စဉ်နှင့်အမျှ တိုးလျက်ရှိလေသည်။ ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေး နည်းပညာကုမ္ပဏီ IQAir ၏ ကမ္ဘာ့လေထု ညစ်ညမ်းမှုအဆိုးဆုံး ၁၀မြို့စာရင်းတွင် မြန်မာနိုင်ငံ၏ ရန်ကုန်မြို့လည်းပါဝင်နေပြီး ကျန်းမာရေးကို ထိခိုက်စေသည့် လေထုအရည်အသွေး အနီရောင်အဆင့်ရှိကြောင်းလည်း ယခုနှစ် မတ်လအတွင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ထားသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို နေ့စဉ်နှင့်အမျှပမာဏများစွာ စွန့်ထုတ်လျက်ရှိသော်လည်း အသုံးပြုပေးမည့် သစ်ပင်များမရှိခြင်းကြောင့် လူတို့အပေါ် တန်ပြန်သက်ရောက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သစ်ပင်စိုက်ပျိုးသည့် အလေ့အကျင့်ကောင်းကို ပြန်လည်မွေးမြူရန်လိုအပ်ပြီး အထူးသဖြင့် လူနေထူထပ်၍ မြေဧရိယာနည်းပါးသော မြို့ပြတွင် သစ်ပင်ပန်းမန်များ စိမ်းစိုလန်းဆန်ရန် ပို၍လိုအပ်လေသည်။

သစ်ပင်စိုက်ပျိုးသည့် အလေ့အကျင့် ပြန်လည်ရှင်သန်လာစေရန် မိမိတို့စားသုံးပြီးသော အသီးအနှံမျိုးစေ့များကို မိမိသွားရောက်လည်ပတ်ရာဒေသတွင် ထားရှိစိုက်ပျိုးခဲ့ရန် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားလေ့ရှိကာ တရုတ်နိုင်ငံ၏ စိမ်းလန်းရပ်ဝန်းစီမံကိန်းကဲ့သို့ နည်းလမ်းများကို အသုံးချနိုင်ပါကလည်း မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်များ ယခင်လို ပြန်လည်စိမ်းစိုလာနိုင်သည်။

စိမ်းစိုလန်းဆန်းနေသည့် ပေကျင်းမြို့ကဲ့သို့ မြန်မာနိုင်ငံအတွင်း ပြန်လည်စိမ်းစိုလန်းဆန်းစေရေးအတွက် အားလုံးတွင် တာဝန်ရှိသည်မဟုတ်ပါလော။

မေ