【 ဆောင်းပါး 】တရုတ်-မြန်မာ နယ်စပ်က ပျားမွေးမြူရေး

【 ဆောင်းပါး 】တရုတ်-မြန်မာ နယ်စပ်က ပျားမွေးမြူရေး

ပျားမွေးမြူရေးလုပ်ငန်းကို ယခုနောက်ပိုင်းတွင် ပြည်တွင်း၌တွင်ကျယ်စွာလုပ်ဆောင်လာကြသည်။ စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံလည်းဖြစ်သည့်အတွက် ပျားမွေးမြူရာမှ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ရေးအတွက် အကျိုးရှိစေသည့် ရလဒ်ကောင်းများကြောင့်လည်း ဖြစ်သည်ဟု ဆိုကြသည်။

သဘာ၀အလျောက် ဝတ်မှုန်ကူးလေ့ရှိသည့် ပျားကို စနစ်တကျမွေးမြူခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်သာမကဘဲ ပျားမှထွက်သည့်ဆေးဖက်ဝင်ပစ္စည်းများကို စျေးကွက်တစ်ရပ်အဖြစ် တွင်ကျယ်စွာ အသုံးပြုနိုင်သော အားသာချက်များ ရှိလာခဲ့သည်။ ပျားရည်မှာ ဆေးဖက်ဝင်ကာ ဆေးမြီးတိုအဖြစ်သုံးစွဲနိုင်သည့် အတွက် မြန်မာလူမျိုးအများစု၏နေအိမ်၌ ဆောင်ထားလေ့ရှိတတ်ကြသည်။ ပျားရည်မှာ ပန်းပင်ပေါင်းများစွာ၏ ဝတ်ရည်မှစုပ်ယူ၍ ဖြစ်ပေါ် ခြင်းကြောင့်လည်း ပန်းပေါင်းတစ်ထောင်ဆေးဟုလည်း ခေါ်ဆိုလေ့ရှိကြသည်။

ပျားမှာ ပိတုန်းနှင့် ပုံသဏ္ဌာန်ဆင်တူပြီး အရောင်အဆင်းသာ ကွာခြားပြီး အချို့က ယင်ကောင်နှင့်တူသည်ဟု ဆိုကြကာ ပျားပိတုန်း၊ ယင်ပျား စသည်ဖြင့်ခေါ်ကြသလို စာပေများ၌လည်း ရေးဖွဲ့လေ့ရှိကြသည်။ ကမ္ဘာပေါ်တွင် ပျားအမျိုးပေါင်း ၂၀၀၀၀ ခန့်ရှိပြီး သစ်ခေါင်းပျား၊ ယင်ပျား၊ ပျားကြီး၊ ခွေးပေးပျား ခေါ် ခွေးလှေး ပျား၊ မြေပျား၊ ပသန်ပျားနှင့် ပျားခရုဟူ၍ လူသိများကြသည်။ ပျားအုံတစ်အုံတွင် လုပ်သားပျား၊ ပျားထီး၊ ပျားဘုရင်မ ဟူ၍ သုံးမျိုးရှိပြီး ပျားဘုရင်မသည် ပျားထီးများနှင့် မိတ်လိုက်၍ တစ်နေ့လျှင် ဥ ၂၀၀၀ ခန့်ဥလေ့ရှိသည်။

ပျားအုံတစ်အုံတွင် ပျားဘုရင်မတစ်ကောင်သာရှိပြီး လုပ်သား ပျား ၆၀၀၀၀ နှင့် ပျားထီး ၃၀၀ ခန့် ရှိသည်။ ပျားများသည် လျင်မြန်စွာပျံသန်းနိုင်သလို တစ်မိနစ်လျှင် အကြိမ် ၁၂၀၀၀ ကျော်ခန့် တောင်ပံခတ်လေ့ရှိပြီး သဘာ၀အရ အာရုံခံစနစ်ကောင်းသည့် အင်တာနာခွက်ပေါင်း ထောင်ချီရှိသည့်အတွက် ပန်းပွင့်အမျိုးအစားနှင့် ပန်းပွင့်ရှိ ဝတ်ရည်ပါဝင်မှုနှုန်းကို ခွဲခြမ်းစိတ်ဖြာကာ သိနိုင်စွမ်းလည်းရှိကြသည်။ စုပေါင်းမျက်စိရာချီပါဝင်ကာ အမြင်စွမ်းရည်တွင်အရာဝတ္ထုတစ်ခုချင်းစီကို ခွဲခြားမြင်နိုင်ခြင်းဖြစ်သည်။

ပျားမွေးမြူရေးလုပ်ငန်းတွင် ပျားတို့၏သဘာ၀ကို သိရှိနိုင်မှုမှာ အရေးကြီးပြီး မိမိမွေးမြူမည့်ဒေသနှင့် ရာသီဥတု အခြေအနေလည်း သိရှိရန်အရေးကြီးသည်။ ပျားမွေးမြူရာတွင် ပျားအုံခေါ် ပျားအိမ်သည် အဓိကအစိတ်အပိုင်းဖြစ်ပြီး အချို့ပျားအုံသည် သဘာဝအလျောက်အခြေအနေမျိုးအဖြစ် မွေးမြူရေးပျားများအတွက် ပျားအုံပြုလုပ်ပေးကြသည်။ ကောက်ရိုးခွေပျားအုံနှင့် ထရံကာနှစ်ထပ် ပျားအုံများအဖြစ် ပြုလုပ်ပေးပြီး ပျားမွေးမြူရန် ပျားဘုရင်မနှင့် ပျားရည်ထုတ်သည့် လုပ်သားပျားများကို ဝယ်ယူမွေးမြူကြသည်။ သို့ရာတွင် အချို့မှာ သင်းကွဲပျားများကို စုဆောင်းထားပြီး အလျား ၉ လက်မ၊ အနံ ၉ လက်မ၊ အမြင့် ၆ လက်မ အရွယ်အစားရှိသော သစ်သားသေတ္တာ သို့မဟုတ် စက္ကူသေတ္တာကိုပြုလုပ်၍ ယင်းသေတ္တာကို ပျားအုံပေါ် မှောက်ကာ အောက်မှမီးခိုးဖြင့် ညင်သာစွာ မှုတ်ပေးပြီး သေတ္တာအတွင်း ပျားများဝင်လာ စေအောင် စုဆောင်းလုပ်ဆောင်လေ့ရှိကြသည်။

ပျားမွေးမြူမှုကြောင့် သီးနှံစိုက်ခင်းများဖြစ်ထွန်းရေးကို အထောက်အကူပြုစေသည့် လေ့လာချက်များကြောင့်လည်း ပျားမွေးမြူသည့် ပုံးများကို သီးနှံစိုက်ခင်များအနီးချထားလေ့ရှိကြသည်။ မြန်မာနိုင်ငံတွင် ပျားမွေးမြူရေးကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၊ ရှမ်းပြည်နယ်တို့တွင် မွေးမြူကြပြီး နောက်ပိုင်းတွင် ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၌လည်း မွေးမြူလာကြသည်။ မြန်မာနိုင်ငံတွင် ပျား၊ ဖယောင်းနှင့် အခြားပျားထွက်ပစ္စည်းများကဲ့သို့သော ပျားမှထုတ်ကုန်များ ထုတ်လုပ်မှုသည် အခြားသော ကမ္ဘာ့နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အလွန်နည်းပါးနေလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း ဌာနဆိုင်ရာများမှ ကောက်ယူထားသော စစ်တမ်းတစ်ခုအရ စီးပွားဖြစ်ပျားရည်ထွက်ရှိမှုသည် ၂၀၁၇ ခုနှစ်တွင် တစ်နှစ်လျှင် တန်ချိန် ၂၀၀၀ သာရှိမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာပေါ်တွင် ပျားရည်ထုတ်လုပ်သည့် နိုင်ငံများအနက်တွင် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုမှာ တန်ချိန်သိန်းဂဏန်းရှိနေကာ အောင်မြင် သော ထုတ်လုပ်မှုအဖြစ် ရှိနေခဲ့သည်။

မြန်မာနိုင်ငံနှင့် ရေမြေထိစပ်ကာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသည့် တရုတ်နိုင်ငံတွင်လည်း ပျားမွေးမြူရေးလုပ်ငန်းကို လုပ်ဆောင်နေကြသလို မြန်မာ-တရုတ်နယ်စပ်ရှိ ကျေးရွာများ၌လည်း မွေးမြူလုပ်ကိုင်လေ့ရှိကြသည်။ ကမ္ဘာပေါ်တွင် ပျားရည်နှင့် ပျားထွက်ပစ္စည်း အများဆုံးထုတ်လုပ်သည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အဆိုအရ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများထက် တစ်နှစ်လျှင် ပျားအုံ ၁၀ သန်းကျော် ထုတ်လုပ်လျက်ရှိသည်ဟုဆိုသည်။ တရုတ်နိုင်ငံ၏ ပျားမွေးမြူရေးမှာ နိုင်ငံတွင်း ရှေးအကျဆုံးနှင့် အရေးအကြီးဆုံး လုပ်ငန်းများအနက်မှ တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံတွင် ပျားမျိုးစိတ် ၈၅၀ မှ ၉၀၀ ကြားရှိသည်ဟု ခန့်မှန်းထားကြပြီး ကမ္ဘာပေါ်ရှိ အခြားနေရာများထက် ပိုများလျက်ရှိသည်။ တရုတ်နိုင်ငံတွင် ပျားမွေးမြူခြင်းကို လုပ်ဆောင်ကြသည်မှာ ရှေးခေတ်လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်လောက်ကတည်းက ပျားမွေးမြူသည့် မှတ်တမ်းများ ရှိကြသည်။ တရုတ်တွင် ခေတ်မီပျားမွေးမြူရေးသည် ရိုးရာနည်းလမ်းများထက် ပိုမိုထိရောက်ပြီး ပိုကောင်းသည့် ပျားရည်ထုတ်လုပ်မှုကို ပံ့ပိုးပေးသည့် ခေတ်မီအုံပုံစံများအဖြစ်ဖြင့် ရွှေ့ပြောင်းနိုင်သော ဘောင်များကဲ့သို့သော ခေတ်မီဒီဇိုင်းများဖြင့် ပျားရည်ထုတ်လုပ်မှုကို လုပ်ဆောင်ခဲ့ကြသည်။

ထိုသို့သော ခေတ်မီဒီဇိုင်းများဖြင့် ထုတ်လုပ်မှုကို လူကြိုက်များလျက်ရှိပြီး ပျားမွေးမြူသူများက မိမိတို့ နေအိမ်များအနီးတွင် ပျားသေတ္တာများသိမ်းဆည်း၍ ပျားများအတွက် ပြုစုစောင့်ရှောက်ခြင်းများကို လုပ်ဆောင်ကြ သည်။ ပျားရည်သည် တရုတ်နိုင်ငံရှိ ပျားမွေးမြူရေးလုပ်ငန်းများမှ အဓိကထွက်ကုန်ဖြစ်ပြီး အစားအစာနှင့် ဆေးဝါးအတွက် အသုံးပြုကြသလို ပျားဖယောင်း၊ ပျားအဆိပ်နှင့် အခြားသော ပျားထွက်ကုန်များသည်လည်း လူကြိုက်များလာခဲ့သည်။

ရေမြေချင်း ထိစပ်နေသည့် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့ကြား နယ်စပ်ရှိ လီဆူးတိုင်းရင်းသားလူမျိုးများတည်ရှိရာ ဒေသတွင်လည်း ပျားမွေးမြူမှုကို လုပ်ဆောင်နေပြီး အောင်မြင်သည့်အခြေအနေများကြောင့် ဒေသခံများအတွက် အကျိုးကျေးဇူးများစွာ ရရှိလာခဲ့ကြသည်။ အဆိုပါ တရုတ်-မြန်မာနယ်စပ်ရှိ လင်ချန်းမြို့ ကျူဝ ကျေးရွာရှိဒေသခံများမှာလည်း ပျားမွေးမြူရေး လုပ်ဆောင်ပြီး ဝင်ငွေတိုးတက်အောင် ဖန်တီးနိုင်သော အခြေအနေမျိုးဖြစ်ခဲ့သည်။ ထိုဒေသတွင် ပျားမွေးမြူရေးအခြေစိုက်စခန်းများက မွေးမြူသူများထံကို နည်းပညာများနှင့် ပျားမွေးအိမ်များကို အခမဲ့ပေးလေ့ရှိပြီး အမြတ်ဝေစု ခွဲဝေသည့်အခါ လယ်သမားများမှ ၄၀ ရာခိုင် နှုန်း၊ မွေးမြူရေးစခန်းများက ၆၀ ရာခိုင်နှုန်း ပုံစံမျိုးဖြင့် လုပ်ဆောင်ခဲ့ကြသည့်အတွက် လယ်သမားများအဖို့ ဝင်ငွေပိုမို ရရှိစေကာ အဆင်ပြေစေခဲ့သည်။

ပတ်ဝန်းကျင်ရှိသီးနှံများကို ဝတ်မှုန်ကူးပေးခြင်းဖြင့် အထွက်နှုန်းမြင့်တက်စေနိုင်ပြီး ပျားမွေးမြူသည့် ပျားအုံပုံးများကို ဝတ်မှုန်ကူးစေမည့် စိုက်ခင်းနှင့် အနီးဆုံးသို့ရွှေ့ပြောင်းနေရာချထားကြသည်။ ပန်းပွင့်များတွင် ဝတ်မှုန်သယ်ဆောင်သောပျားက ဝတ်ရည်သယ်ဆောင်သော ပျားထက်ဝတ်မှုန်ကူးပိုမိုလုပ်ဆောင်သည်ကို လေ့ လာတွေ့ရှိချက်များ၌ ဖော်ပြထားကြသည်။ ထို့ကြောင့် ပျားအုံတွင် သကြားရည်တိုက်ကျွေးထားသည့်အတွက် ဝတ်ရည်ရှာသော ပျားများသည် သကြားရည် အလွယ်တကူရရှိနေခြင်းကြောင့် ဝတ်ရည်အစား ဝတ်မှုန်ကို ပြောင်းလဲရှာဖွေတတ်ကြသည်။ စိုက်ပျိုးသီးနှံများတွင် ဝတ်မှုန်ကူးခြင်း ပိုမိုအောင်မြင်စေရန် ပျားများ၏ အနံ့အရသာ ဖြင့် အာရုံခံစားနိုင်မှုတို့ကို အသုံးချလေ့ရှိကြသည်။

ကမ္ဘာ့ပျားရည်ဈေးကွက်သို့ တရုတ်နိုင်ငံမှ တင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့ပျားရည်ဈေးကွက်၏ ၈၁ ရာခိုင်နှုန်းခန့်ရှိနေသည်။ တရုတ်နိုင်ငံရှိ ပျားရည်များ၏ စျေးနှုန်းပေါက်ဈေးမှာ အမျိုးအစားနှင့် အရည်အသွေးပေါ် မူတည်၍ ကွဲပြားလေ့ရှိသည်။ ဥပမာ အားဖြင့် အရည်အသွေးကောင်းသည့် ပျားရည်မှာ တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာမှ ၆ ဒေါ်လာ ကြားရှိနေပြီး အရည်အသွေးအကောင်းဆုံး ပျားရည်မှာ တစ်ကီလိုလျှင် ၁၀ ဒေါ်လာလောက်အထိ စျေးရရှိနေလျက်ရှိသည်။ တရုတ်နိုင်ငံမှထွက်သော ပျားရည်ကို ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် သြစတြေးလျနိုင်ငံများသို့ အဓိက တင်ပို့နေပြီး ဥရောပသည် တရုတ်ပျားရည်များအတွက် အဓိကတင်ပို့ရာ စျေးကွက်နေရာလည်း ဖြစ်လာခဲ့သည်။

ထိုကဲ့သို့သော စိုက်ပျိုးရေးလုပ်ငန်းများအတွက်သာမကဘဲ တောင်သူများအတွက်ပါ အကျိုးရှိစေသည့် မြန်မာ-တရုတ် နယ်စပ်မှ ပျားမွေးမြူရေးလုပ်ငန်းများကြောင့် ယင်းအနီးတစ်ဝိုက်ရှိ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း များစွာလည်း ဖြစ်ထွန်းကာ ဝင်ငွေတိုးလာစေသလို အကျိုးရှိစေမည့် လုပ်ငန်းလည်း ဖြစ်လာစေသည့်အကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ဧပရယ်လ်