【 ဆောင်းပါး 】ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်

【 ဆောင်းပါး 】ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်

ပစ္စည်းတစ်ခု ဝယ်ယူနိုင်သည့် ကွာခြားချက်ကို ဒေါ်လာဖြင့်ချိန်ထိုးကြည့်မည်ဆိုလျှင် ကမ္ဘာ့ပေါ်တွင် ၈၅ ရာခိုင်နှုန်းသော လူများသည် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၃၀ အောက်ဖြင့် နေထိုင်ကြပြီး ကျန် ၃ ပုံ ၂ ပုံသည် တစ်ရက်လျှင် ဒေါ်လာ ၁၀ အောက်ဖြင့် နေထိုင်ကြသည်။ ကျန် ၁၀ ရာခိုင်နှုန်းမှာမူ တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၁ ဒေါ်လာ ၉၀ ဆင့် အောက်ဖြင့် အလွန်အမင်းဆင်းရဲမွဲတေစွာဖြင့် နေထိုင်ကြရသည်ဟု ၂၀၁၉ ခုနှစ် ၏ စာရင်းအင်း အချက်အလက်များအရ သိရသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်- ၁၉ ဖြစ်ပြီးနောက်ပိုင်း ဆင်းရဲမွဲတေမှု ပိုကြီးမားလာခဲ့သည်။ ထိုအခြေအနေကို ကုစားရန် ကမ္ဘာ့အဖွဲ့အစည်းများက လုပ်ဆောင်နေသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း လုပ်ဆောင်နေသည်။ လွန်ခဲ့သည့် နှစ်များကတည်းက ဆောင်ရွက်ခဲ့သည်ဟုဆိုသော်လည်း ၂၀၁၈ ခုနှစ်မှစကာ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့သည်ဟုဆိုရမည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ကြသည်။ အခြေခံ ရေ၊ မီးအပြင် အလုပ်အကိုင်အခွင့်အလမ်းများ၊ လက်မှုလုပ်ငန်းဖွံ့ဖြိုးမှုများအတွက် လုပ်ဆောင်ခဲ့သည့်  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုလျှင် ပိုမှန်မည်။

ထိုအစီအစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ထောက်ပံ့ငွေ ၃၃ ဒသမ ၃၃ သန်းကို အသုံးပြုကာ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၃ နှစ်စီမံကိန်း တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ မင်းပြင် ကျေးရွာတို့တွင် ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေး စံပြစီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ကြသည်။ လက်ရှိတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးပြီဟုဆိုသည်။

ဆင်းရဲမှုလျှော့ချရန် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဖြစ်တည်လာခြင်းမှာ ၂၀၁၅ ခုနှစ်တွင်စသည်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာအတွင်း တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ  အစည်းအဝေးကိုကျင်းပခဲ့သည်။

 ထိုအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ တို့ ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာနှင့် မဲခေါင်နိုင်ငံများမှ နိုင်ငံခြားဝန်ကြီးများ တက်ရောက်ခဲ့သည်။ ထို အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင်၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင်ဆိုကာ မဏ္ဍိုင်သုံးခုဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှုများ ရခဲ့သည်။ ထိုအခြေအနေကပင် တရုတ်နိုင်ငံမှ စတင်မြစ်ဖျားခံလာသည့် လန်ချန်းမြစ်(ခေါ် )မဲခေါင်မြစ် ဖြတ်သန်း စီးဆင်းရာ အရှေ့တောင် အာရှနိုင်ငံများ ဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့၏ ကျေးလက်ဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက် ဖြစ်ခဲ့သည်ဟုဆိုရမည်။

ထို အစီအစဉ်အတွက် တရုတ်မှ အထူးရန်ပုံငွေ(MLC Special Fund)အဖြစ် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထည့်ဝင် ထူထောင်ထားပြီး မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်မှ လက်ရှိထိ ယခုအချိန်အထိ အထူးရန်ပုံငွေစီမံကိန်း ၉၂ ခုအတွက် ရန်ပုံငွေ ဒေါ်လာသန်းနှင့်ချီ ရရှိခဲ့သည်။ သက်ဆိုင်ရာဖော်ပြချက်အရ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၆ သန်းရရှိခဲ့သည်ဟုဆိုသည်။

 ၂၀၂၂  ခုနှစ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူး ရန်ပုံငွေမှ မဲခေါင်နိုင်ငံများအတွက် စီမံကိန်း ၂၂ ခု ခွင့်ပေးခဲ့ရာ မြန်မာနိုင်ငံမှ စီမံကိန်း ၄ ခုအတွက် ထောက်ပံ့ငွေများရရှိခဲ့သည်။ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၃ သန်းဖြင့် စီမံကိန်း ၄ ခု လုပ်ဆောင်ရန် ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုစီမံကိန်း ၄ ခုကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်ကာ ၂ နှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော်လုပ်ဆောင်မည်ဟု ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် အသိပေးထားသည်။

စီမံကိန်း ၄ ခုအဖြစ် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်းက ရွာသစ်ကျေးရွာကို  ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃ သိန်း ကျော်(ဒေါ်လာ ၃၃၀၆၀၀) အသုံးပြုကာ မဲခေါင်- လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းလုပ်ဆောင်သွားရန် ဖြစ်သကဲ့သို့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတို့တွင် ကျေးရွာရေရရှိရေးစီမံကိန်းအတွက် ထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲကျော်( ဒေါ်လာ ၂၇၉၁၀၀) အသုံးပြုကာ ဆောင်ရွက်သွားမည်ဟုဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးကျေးရွာတွင် အသေးစားဆိုလာမီးလင်းရေးနှင့် ရေရရှိရေးအတွက် အမေရိကန်ဒေါ်လာ ၃ သိန်းကျော် (ဒေါ်လာ ၃၄၄၆၀၀) အသုံးပြုမည်ဖြစ်သကဲ့သို့ ဘုတ်ပြင်း မြို့နယ်၊ ရေငံကြီးကျေးရွာတွင်လည်း အမေရိကန်ဒေါ်လာ ၃ သိန်းခွဲကျော်( ဒေါ်လာ ၃၇၇၈၀၀) အသုံးပြုကာ အသေးစားဆိုလာမီးလင်းရေးနှင့် ရေရရှိရေးအတွက် လုပ်ဆောင်ပေးသွားမည်ဟု ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသိပေးထားသည်။

မဲခေါင်- လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည့်အချက်များမှာ ကျေးလက်နေ ပြည်သူများအတွက် အဓိက လိုအပ်ချက်များဖြစ်သည့်အတွက် များစွာအသုံးဝင်လိမ့်မည်။ ထို့ပြင် မဖြစ်မနေ အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီးကဲ့သို့အရာများ ပံ့ပိုးမှုအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံထားသော အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများရှိသည့် ကျေးရွာများဖြစ်သည့်အတွက်လည်း ထိုသို့ထပ်ဆင့် ပံ့ပိုးမှုများမှာ ဒေသခံများအတွက် အကျိုးများစေမည်ဖြစ်သည်။

သို့သော် ထိုကဲ့သို့ ဆင်းရဲမှုလျှော့ချရေးဆောင်ရွက်ရာတွင် လွှမ်းခြုံမှုအားနည်းနေသေးသည်ဟုဆိုလျှင် ငြင်းနိုင်မည်မထင်။ ဆိုလိုသည်မှာ ထိုသို့ ဖွံ့ဖြိုးမှုအားနည်းနေသေးသည့် ဒေသအများအပြားမှာ မြန်မာနိုင်ငံ၏အနှံ့ အပြားတွင် ရှိနေသေးသည်။ သောက်သုံးရေရရှိမှု၊ လျှပ်စစ်မီးရရှိမှုမဆိုထားနှင့်၊ စာသင်ကျောင်းများပင် ပျက်စီးယိုယွင်းမှုများ ရှိနေသေးသည်။ ယခုအခါ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ​ကြောင့် ပို၍ပင် ဆိုးနေသည်ဟုဆိုရမည်။ ဖွံ့ဖြိုးရေးအတွက် မဆောင်ရွက်နိုင်သည့်အပြင် စိုက်ပျိုး၊ မွေးမြူသည့်အခြေခံလုပ်ငန်းများ၏ အထွေထွေစရိတ်ကြီးမြင့်မှုကြောင့် စားဝတ်နေရေးပင် အနိုင်နိုင်။ ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံအတွင်း ဆင်းရဲမှုလျှော့ချရေးမှာ အလှမ်းဝေးနေဆဲဖြစ်သည်ဟုဆိုရခြင်းဖြစ်သည်။ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုသည့် မဲခေါင်- လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်းမှာလည်း ကျေးလက်ဒေသခံများအတွက် အကျိုးကျေးဇူးများစွာဖြစ်ထွန်းနိုင်သည်ဆိုသော်လည်း  စီမံကိန်းအကောင်အထည်ဖော်မှု အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကိုမူ လက်ရှိဖြစ်ပေါ် နေသည့် နိုင်ငံရေးအနေအထားများကြောင့် စောင့်ကြည့်ရမည့်အခြေအနေ ဖြစ်နေသည်။

ဘုန်းမြတ်(အုန်းတောမြေ)