【 ဆောင်းပါး 】ကြီးကျယ်ခမ်းနားခဲ့တဲ့ သုံးပြည်ထောင်ခေတ်

【 ဆောင်းပါး 】ကြီးကျယ်ခမ်းနားခဲ့တဲ့ သုံးပြည်ထောင်ခေတ်

'မဟာဂန္ထဝင်ဝတ္ထုလေးပါး' လို့ လူသိများပြီး အလွန်ကြီးကျယ်ခမ်းနားတဲ့ တရုတ်စာပေအနုပညာလက်ရာ လေးခုထဲမှာ 'သုံးပြည်ထောင်' ဝတ္ထုဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ 'သုံးပြည်ထောင်' ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ တရုတ်ဇာတ်လမ်းတွဲကို မြန်မာနိုင်ငံပိုင် ရုပ်သံလိုင်းတွေမှာလည်း ထုတ်လွှင့်ပြသခဲ့ဖူးပါတယ်။

'အနောက်ဘက်သို့ ခရီးသွားခြင်း' ဝတ္ထုနဲ့ မတူညီတာကတော့ မျောက်ဘုရင် စွန်းဝူခုန်းကဲ့သို့ ဒဏ္ဍာရီလာ ဇာတ်ကောင်တွေကို ထည့်သွင်းထားခြင်းမရှိဘဲ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ထဲက ဇာတ်ကောင်အများစုကို ထည့်သွင်းပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ 'သုံးပြည်ထောင်' ဝတ္ထုကို 'မင်' မင်းဆက်ခေတ်မှာပဲ ရေးသားခဲ့တာ ဖြစ်ပါတယ်။

'သုံးပြည်ထောင်' ဝတ္ထုရဲ့ ဖြစ်ရပ်မှန်ကတော့ 'ဟန်' မင်းဆက် စတင်ပြိုကွဲချိန်ဟာ သုံးပြည်ထောင်ခေတ် စတင်ချိန်ဖြစ်တယ်လို့ သမိုင်းမှတ်တမ်းများမှာ ဖော်ပြထားပါတယ်။သုံးပြည်ထောင်ခေတ်ဟာ တရုတ်ပြည်ရဲ့ သွေးမြေအကျဆုံးသော အချိန်လည်းဖြစ်ခဲ့ပြီး၊ အဆိုပါအချိန်ကာလမှာ တိုက်ပွဲပေါင်းများစွာလည်း ဖြစ်ပွားခဲ့ ပါတယ်။

'သုံးပြည်ထောင်' ဝတ္ထုအတွင်း နာမည်ကျော်ကြားတဲ့ ဇာတ်ကောင်တွေကတော့ 'ရှူ' နိုင်ငံတော်ကို တည်ထောင်သူ လျူဘေ့၊ ကျန်းဖေး နဲ့ ကွမ်ယု၊ 'ဝေ' နိုင်ငံတော် တည်ထောင်သူ ချောင်ချောင်းနဲ့ 'ဝူ' နိုင်ငံတော် တည်ထောင်သူ စွန်းချွမ်တို့ဖြစ်ပါတယ်။အဓိကဇာတ်‌ကောင်အဖြစ် လျူဘေ့ကို ပုံဖော်ထားပြီး၊ ရက်စက်သော စစ်ဘုရင် အဖြစ် ချောင်ချောင်းကို ပုံဖော်ထားကာ၊ အာဏာပေါင်းစည်းရန် ကြိုးပမ်းသူအဖြစ် စွန်းချွမ်ကို ပုံဖော်ထားတာကို ဖတ်ရှုရမှာဖြစ်ပါတယ်။

များပြားလှတဲ့ တိုက်ပွဲများ၊ အာဏာနဲ့ ကြီးစိုးမှုအတွက် တိုက်ပွဲဝင်ခဲ့ကြသော စစ်ဘုရင်များနဲ့ အင်ပါယာကို ထိန်းချုပ်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းမှုတွေကို 'သုံးပြည်ထောင်' ဝတ္ထုအတွင်း ဖတ်ရှုနိုင်မှာဖြစ်သလို၊ များပြားလှတဲ့ ဇာတ်ကောင်များနဲ့အတူ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးများကို အသေးစိတ်ဖော်ပြချက်များကြောင့်လည်း  ဝတ္ထုဟာ တရုတ်ပြည်တွင်းသာမကဘဲ အခြားသော အာရှနိုင်ငံတွေသို့ပါ နာမည်ကျော်ကြားခဲ့တာဖြစ်ပါတယ်။

'မင်' မင်းဆက်ခေတ်မှာ စာရေးဆရာကြီး လျှိုကွမ်းကျုံးက 'မဟာဂန္ထဝင်ဝတ္ထုလေးပါး' ထဲ တစ်ခုအပါအဝင်ဖြစ်လာမယ့် 'သုံးပြည်ထောင်' ဝတ္ထုကို ရေးသားပြီးနောက် ရှေးခေတ်တရုတ်လူမျိုးတွေအကြား သုံးပြည်ထောင်ခေတ်ကို လူကြိုက်များလာခဲ့ကြပါတယ်။ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ရာမှ သုံးပြည် ထောင်' ဝတ္ထု ဟာ အာရှနိုင်ငံတွေအကြား လူကြိုက်များ ရေပန်းစားလာခဲ့ပြီး တောင်ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်တို့ ဟာလည်း အဆိုပါသမိုင်းဖြစ်ရပ်တွေကို အခြေခံပြီး ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ဖန်တီးခဲ့ကြပါတယ်။

'သုံးပြည်ထောင်' ဝတ္ထုကို အခြေခံထားတဲ့ ရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများကိုလည်း တရုတ်နိုင်ငံက ရိုက်ကူးခဲ့ပြီး 'Red Cliff' နဲ့ 'Red Cliff 2' ရုပ်ရှင်တွေဟာ အာရှနိုင်ငံတွေအကြား လူကြိုက်များခဲ့တဲ့ ရုပ်ရှင်တွေဖြစ်လာခဲ့ပါတယ် ။ဒါ့အပြင် 'သုံးပြည်ထောင်' ဝတ္ထုနဲ့ သမိုင်းမှတ်တမ်းတွေကို အခြေခံကာ ဗီဒီယိုဂိမ်းတွေကိုလည်း ဖန်တီးခဲ့ပြီး ကမ္ဘာတစ်ဝန်း အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

တရုတ်ဂန္တဝင်စာပေလက်ရာတစ်ခုဖြစ်တဲ့ 'သုံးပြည်ထောင်' ဝတ္ထုထဲမှာ ရှေးခေတ် တရုတ်မင်းဆက်များရဲ့ သမိုင်းကြောင်းတွေအပြင်၊ အင်ပါယာကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့ စစ်ဘုရင်များရဲ့ တိုက်ပွဲဝင်မှုများနဲ့ နိုင်ငံရေး ကစားမှုများကို လေ့လာဖတ်ရှုနိုင်ငံမှာဖြစ်ပါတယ်။ဒါ့အပြင် သုံးပြည်ထောင်ခေတ်ဟာ အချိန်ကာလအားဖြင့် တိုတောင်းခဲ့ပေမယ့် စာရေးဆရာကြီး လျှိုကွမ်းကျုံးရဲ့ 'သုံးပြည်ထောင်' ဝတ္ထုကြောင့် ကမ္ဘာတစ်ဝန်း ထင်ရှားကျော်ကြားလာခဲ့ပြီး တရုတ်ပြည်ရဲ့ အရေးပါတဲ့ အကြောင်းအရာများလည်း ဖြစ်လာခဲ့ပါတယ်။

       မိုးသီဟန်