【 အလှအပနှင့် ကျန်းမာရေး 】 ဝမ်းချုပ်ခြင်း

【 အလှအပနှင့် ကျန်းမာရေး 】 ဝမ်းချုပ်ခြင်း

 

ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲရဘူးလို့ ဆိုရိုးစကားရှိသလိုပါပဲ ဝမ်းချုပ်တယ်ဆိုတာကတော့ စိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာပဲဖြစ်ပါတယ်။
 
ဒါကြောင့် ဝမ်းဘာကြောင့်ချုပ်ရသလဲနဲ့ ဝမ်းမချုပ်အောင် ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ တွေကို သိရှိထားရင်တော့ ခေါင်းခဲစရာတွေ လျော့ပါးသွားမှာပါ။
 
ဘာကြောင့် ဝမ်းချုပ်ခြင်း ဖြစ်ရတာလဲ ?
 
- နေ့စဉ်စားသုံးတဲ့ အစားအစာထဲတွင် အမျှင်ဓါတ်ပါဝင်မှုနည်းခြင်း (ဟင်းသီးဟင်းရွက် မစားခြင်း)
- ရေသောက်နည်းခြင်း
- ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
- စိတ်ဖိစီးမှုများခြင်း
- ဝမ်းသွားချင်စိတ်ရှိသည်ကို အောင့်ထားခြင်း
- Irritable Bowel Syndrome လို့ခေါ်တဲ့ အူလှုပ်ရှားမှု မမှန်သော ရောဂါရှိခြင်း
- Hypothyroidism သိုင်းရွိုက်ဟော်မုန်းနည်းသော ရောဂါရှိခြင်း
- ဆီးချိုရောဂါရှိခြင်း
- သွေးတွင်း ကယ်လ်ဆီယမ်ဓါတ်များခြင်း
- အူလမ်းကြောင်းတွင် အလုံးအကျိတ်များရှိခြင်း
- ဝမ်းသွားခြင်းကို ထိန်းချုပ်ပေးတဲ့ ကြွက်သားနှင့် အာရုံကြောရောဂါများရှိခြင်း
- အချို့သော ဆေးဝါးများကလည်း ဝမ်းချုပ်စေနိုင်ပါတယ် (ဥပမာ- အကိုက်အခဲပျောက်ဆေးများ၊ သံဓါတ်ပါသောဆေးများ၊ အချို့သော သွေးကျဆေးများ၊ အအန်ပျောက်ဆေးများ စတဲ့ ဆေးဝါးများ) စတာတွေကြောင့် ဝမ်းချုပ်ခြင်းဖြစ်စေနိုင်ပါတယ်။
 
ဝမ်းချုပ်ခြင်းကြောင့် ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်သလဲ ?
 
- လိပ်ခေါင်းရောဂါ
- စအိုကွဲခြင်း
- စအိုကျွံခြင်း စတဲ့ နောက်ဆက်တွဲပြဿနာတွေ ခံစားရနိုင်ပါတယ်။
 
ဝမ်းချုပ်ခြင်း မဖြစ်အောင် ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ ?
 
၁။ ရေများများသောက်ပါ။ (တစ်နေ့ကို ရေ အနည်းဆုံး တစ်လီတာခွဲခန့် သောက်သုံးပါ)
၂။ အမျှင်ဓါတ်ပါသော ဟင်းသီးဟင်းရွက်၊သစ်သီးများ များများစားသုံးပါ။
၃။ စည်သွပ်ဘူးနှင့် ပြုလုပ်ထားသော အစားအစာများ၊ တာရှည်ခံအစားအစာများကိုရှောင်ကြဉ်ပါ။
၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို နေ့စဉ်ပြုလုပ်ပါ။
၅။ ဝမ်းသွားချင်တဲ့အချိန်မှာ အောင့်ထားတာမျိုးကို ရှောင်ကြဉ်ပါ။
၆။ အူလမ်းကြောင်း ကောင်းမွန်စေတဲ့ Probiotic သောက်သုံးနိုင်ပါတယ်။
၇။ ဝမ်းချုပ်တဲ့အခါ ဝမ်းပျော့ဆေး၊ ဝမ်းနုတ်ဆေး သုံးစွဲနိုင်ပါတယ်။
၈။ အစားအသောက် အနေအထိုင် ပြုပြင်ပြောင်းလဲပြီးနောက်မှာ ဝမ်းချုပ်တာ ဆက်ရှိနေမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ သွားရောက်ပြသပြီး ကုသမှုခံယူပါ။
 
Dr.Phyu
Photo Credit - freepik