【 အလှအပနှင့် ကျန်းမာရေး 】 မျက်စိအတွင်းတိမ်ရောဂါ (Cataract)

【 အလှအပနှင့် ကျန်းမာရေး 】 မျက်စိအတွင်းတိမ်ရောဂါ (Cataract)

မျက်စိအတွင်းတိမ်ရောဂါဟာ မျက်စိအတွင်းရှိ မှန်ဘီလူးမှာ တိမ်ကဲ့သို့ အလွှာဖုံးသွားပြီး မျက်စိမြင်ကွင်းကို‌ ဝေဝါးစေတဲ့ ရောဂါဖြစ်ပါတယ်။

မျက်စိအတွင်းတိမ်ဖြစ်စေတဲ့ အကြောင်းအရင်းအမျိုးမျိုးအနက်က အသက်အရွယ်ကြီးခြင်းကြောင့်ဖြစ်တဲ့ အတွင်းတိမ်အမျိုးအစားက အဖြစ်အများဆုံးဖြစ်ပါတယ်။

အခြားမျက်စိအတွင်းတိမ်ဖြစ်စေတဲ့ အကြောင်းတွေကတော့
၁ - ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်း (ဥပမာ - မီးခိုး၊ ဖုန်မှုန့်၊ ဆေးလိပ်ငွေ့၊ဓာတုပိုးသတ်ဆေးများ၊ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများခြင်း)
၂ - ဆီးချိုရောဂါရှိခြင်း
၃ - စတီးရွိုက်ဆေးများ ရေရှည်သုံးစွဲခြင်း
၄ - မျက်စိရောဂါရှိသူများ
၅ - မိသားစုမျိုးရိုးတွင် မျက်စိအတွင်းတိမ်ရောဂါရှိသူများ
၆ - မျက်စိဒဏ်ရာရဖူးသူများ
၇ - မျက်စိခွဲစိတ်ဖူးသူများ
၈ - အရက်အလွန်အကျွံသောက်ခြင်း
၉ - ဆေးလိပ်သောက်ခြင်း စတာတွေကြောင့် မျက်စိအတွင်းတိမ်ရောဂါ ဖြစ်နိုင်ခြေများစေပါတယ်။

မျက်စိအတွင်းတိမ်ရောဂါဖြစ်ရင် ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့
-    မျက်စိအမြင်ဝေဝါးခြင်း (မြူစိုင်းသကဲ့သို့၊ တိမ်ဖုံးသကဲ့သို့မြင်ရခြင်း၊ အရောင်ဖျော့ဖျော့ပုံစံမြင်ခြင်း)
-    ညဘက်တွင် ကောင်းစွာမမြင်ရခြင်း
-    စူးသော အလင်းရောင်၊ နေရောင်ကို ကောင်းစွာမကြည့်နိုင်ခြင်း
-    ပုံရိပ်နှစ်ထပ်မြင်ခြင်း
-    စာဖတ်ရန်၊ စာကြည့်ရန် ပုံမှန်ထက် ပို၍ အလင်းရောင်လိုအပ်ခြင်း၊ပုံမှန်ထက် ပို၍ မျက်စိအား စိုက်ကြည့်ရခြင်း
-    ကောင်းစွာမမြင်ရခြင်း‌ကြောင့် မျက်မှန်ပါဝါ မကြာခဏလဲရခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

မျက်စိအတွင်းတိမ်မဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့
-    အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။
-    ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ပါ။
-    နေရောင်အောက်တွင် သွားလာရာတွင် ဦးထုပ်၊ နေကာမျက်မှန်တပ်ဆင်ပါ။
-    မိမိမျက်စိအခြေအနေကို မျက်စိဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးပါ။ (အထူးသဖြင့် ဆီးချိုရောဂါရှိသူများ၊ စတီးရွိုက်ဆေးများ ရေရှည်သောက်သုံးနေရသူများ၊ မျက်စိရောဂါရှိသူများ)
 စတဲ့ နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။

မျက်စိအတွင်းတိမ်ကို ဘယ်လိုကုသမလဲ ?

မျက်စိအတွင်းတိမ်ကို ခွဲစိတ်ကုသနိုင်ပါတယ်။
-    မျက်စိအတွင်းရှိ တိမ်ဖုံးနေတဲ့ မှန်ဘီလူးကို ဖယ်ရှားပြီး မှန်ဘီလူးအသစ်လဲလှယ်တဲ့ ခွဲစိတ်ကုသမှုကို ပြုလုပ်နိုင်ပါတယ်။
-    မျက်စိအတွင်းတိမ် ခွဲစိတ်မှုဟာ အသေးစားခွဲစိတ်မှုဖြစ်ပြီး များသောအားဖြင့် ခွဲစိတ်ပြီးနောက် ဆေးရုံတက်ရန် မလိုအပ်ပါဘူး။

ဒါကြောင့် မိမိမှာ မျက်စိအတွင်းတိမ်ဖြစ်တယ်လို့ သံသယရှိရင်တော့ တတ်ကျွမ်းနားလည်တဲ့ မျက်စိဆရာဝန်ထံ သွားရောက်ပြသ စစ်ဆေးပြီး ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

Dr.Phyu
Photo Credit - freepik