【 အလှအပနှင့် ကျန်းမာရေး 】 မက်ဖော်မင် (Metformin) သောက်ရင် ကျောက်ကပ် ပျက်မှာလား ?

【 အလှအပနှင့် ကျန်းမာရေး 】 မက်ဖော်မင် (Metformin) သောက်ရင် ကျောက်ကပ် ပျက်မှာလား ?

မက်ဖော်မင်လို့ လူတော်တော်များသိကြတဲ့ ဆီးချိုရောဂါမှာ အသုံးပြုတဲ့ ဆေးဟာ ထိရောက်တဲ့ ဆီးချိုဆေး အမျိုးအစားဖြစ်ပါတယ်။

လူအများစုက မက်ဖော်မင်သောက်ရင် ကျောက်ကပ်ပျက်မှာ ကြောက်ကြပြီး တချို့လည်း ဆီးချိုရှိပေမယ့် ဆေးမသောက်ဘဲ နေကြတဲ့သူတွေရှိပါတယ်။ဒါကြောင့် မက်ဖော်မင်ကို ဘယ်လိုသုံးစွဲရမလဲဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

မက်ဖော်မင်ဟာ အင်ဆူလင်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို‌ ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ဆီးချိုကျဆေးအမျိုးမျိုးရှိတဲ့အထဲက မက်ဖော်မင်ရဲ့ အားသာချက်တွေကတော့

-    ဆေးသောက်ပြီးနောက် သွေးတွင်း သကြားဓာတ် ရုတ်တရက်ကျတာမျိုး မရှိခြင်း
-    ကိုယ်အလေးချိန် မတက်စေခြင်း
-    ဈေးနှုန်းသက်သာခြင်း

မက်ဖော်မင်အမျိုးအစား‌တွေက ဘာတွေလဲ ?

ဆေးကို ဘယ်လိုသောက်ရမလဲ ?

မက်ဖော်မင်ကို Metformin SR,XL,(Metformin Slow Release, Extended Release) နှင့် Metformin immediate release ဆိုပြီး အမျိုးအစား ခွဲခြားထားပါတယ်။ Metformin SR,XL ကတော့ ဆေးအာနိသင်ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်တာဖြစ်ပါတယ်။

Metformin ကို အစာနဲ့ တွဲသောက်ဖို့ လိုပါတယ်။ဆရာဝန်ညွှန်ကြားချက်အတိုင်း တစ်နေ့ ၁ ကြိမ်၊ ၂ ကြိမ်၊ ၃ ကြိမ် စသဖြင့် ဆီးချိုပမာဏပေါ် မူတည်ပြီး သောက်သုံးရန် လိုအပ်ပါတယ်။

မက်ဖော်မင်ရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာလဲ ?

မက်ဖော်မင်ရဲ့ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

-    ဗိုက်အောင့်ခြင်း ၊ဝမ်းဗိုက်မအီမသာဖြစ်ခြင်း
-    ဝမ်းပျက်ဝမ်းလျှောခြင်း
-    အစာမ‌ကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
-    ပျို့အန်ခြင်း စတဲ့ ဘေး‌ထွက်ဆိုးကျိုးတွေ အဖြစ်များပါတယ်။
-    Lactic acidosis လို့ခေါ်တဲ့ သွေးတွင်း lactic acid ဓာတ်များစေတဲ့ ဘေးထွက်ဆိုးကျိုးကတော့ အဖြစ်နည်းပါတယ်။

မက်ဖော်မင်‌သောက်ရင် ကျောက်ကပ် ပျက်မှာလား ?

လူအများကြောက်ကြတဲ့ မက်ဖော်မင် သောက်ရင် ကျောက်ကပ်ပျက်တယ် ထင်နေကြတာဟာ မဟုတ်ပါဘူး။မက်ဖော်မင်ကြောင့် ကျောက်ကပ် ပျက်တာ မဟုတ်ပါဘူး။ဆီးချိုမထိန်းနိုင်မှသာ ကျောက်ကပ် ပျက်စီးနိုင်ပါတယ်။

ဒါပေမဲ့

-     နဂို ကျောက်ကပ် မကောင်းတဲ့သူ၊
-    ဆီးချိုကြောင့် ကျောက်ကပ် ပျက်နေတဲ့သူ၊
-    ကျောက်ကပ်က အညစ်အကြေးစွန့်ထုတ်ပေးတဲ့ အလုပ် လုပ်ခြင်းကို တိုင်းတာပေးတဲ့ eGFR ကျနေတဲ့သူ၊
-    ကျောက်ကပ်အဆိပ် Creatinine ပမာဏ အလွန်တက်နေတဲ့သူတွေမှာတော့ မက်ဖော်မင်ကို အသုံးပြုလို့ မရပါဘူး။
-    သွေးကြောအတွင်း ဆေးသွင်းပြီး ရိုက်ရ‌သော ကွန်ပြူတာဓာတ်မှန် CT scan စတဲ့ စစ်ဆေးမှုတွေမလုပ်ခင်မှာလဲ မက်ဖော်မင်ဆေးကို ခဏရပ်ထားဖို့ လိုပါတယ်။

ဒါကြောင့် ဆီးချိုရောဂါရှိသူတွေအနေနဲ့ ဆီးချိုကျဆေးတွေကို ကိုယ့်သ‌ဘောနဲ့ကိုယ် ဆေးဖြတ်တာမျိုးမလုပ်ဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန်သောက်သုံးဖို့လိုပြီး မိမိရဲ့ ဆီးချိုအခြေအနေကို ဆရာဝန်နဲ့ ပုံမှန်ပြသ စစ်ဆေးမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

Dr.Phyu
Photo Credit - freepik