【 အလှအပနှင့် ကျန်းမာရေး 】 တက်ခြင်းနှင့် အတက်ရောဂါ

【 အလှအပနှင့် ကျန်းမာရေး 】 တက်ခြင်းနှင့် အတက်ရောဂါ

တက်တယ်ဆိုတာကတော့ ဦးနှောက်အာရုံကြောကနေ ထုတ်လွှတ်တဲ့ လှုံ့ဆော်မှု ပုံမှန်မဟုတ်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာဖြစ်ပါတယ်။

တက်တဲ့လက္ခဏာတွေ ၂ ကြိမ်ထက်ပိုပြီး ခံစားရရင်တော့ အတက်ရောဂါလို့ ခေါ်တာပဲဖြစ်ပါတယ်။တက်ခြင်းဟာ အရေးကြီးတဲ့ ရောဂါလက္ခဏာဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်တာဖြစ်လို့ ရောဂါလက္ခဏာကို သေချာသိရှိထားပြီး စောလျင်စွာ ကုသမှုခံယူဖို့ လိုပါတယ်။

          ဘယ်လိုလက္ခဏာတွေပြရင် တက်မှန်း သိနိုင်မလဲ ?

-    ရုတ်တရက် ခြေ၊ လက်များ ကွေးကောက်၍ ကြွက်သားများ တောင့်တင်းပြီး တုန်ခြင်း၊ တက်ခြင်း
-    မျက်ဖြူလန်ခြင်း
-    တက်နေချိန်တွင် လျှာကိုက်မိခြင်း၊ ဆီးထွက်ကျခြင်း
-    သတိလစ်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

တက်ခြင်းဟာ အမျိုးအစား အမျိုးမျိုးရှိပြီး အချို့သူတွေမှာ သတိလစ်သွားတာမျိုးရှိသလို အချို့သောသူတွေမှာတော့ သတိမလစ်ဘဲ ရုတ်တရက် ခြေ၊ လက်တွေကို ထိန်းချုပ်လို့မရဘဲ ကွေးကောက်သွားခြင်း၊ တောင့်သွားခြင်း၊ အာရုံခံစားမှု ပြောင်းလဲခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ကလေးငယ်တွေမှာအဖြစ်များတဲ့ Absence Seizure လို့ခေါ်တဲ့ အတက်ရောဂါ အမျိုးအစားမှာတော့ ရုတ်တရက် စက္ကန့်ပိုင်းလောက် ကလေးက မျက်တောင်မခတ်တာမျိုး၊ ခေါ်လို့မရတာမျိုး၊ ငြိမ်သွားမျိုး စတဲ့ လက္ခဏာမျိုးတွေ တွေ့ရတတ်ပါတယ်။

          ဘာကြောင့် တက်ခြင်းဖြစ်ရတာလဲ ?

-    ဦးနှောက်သို့ အောက်ဆီဂျင်ပေးပို့မှု လျော့နည်းခြင်း
-    ကိုယ်အပူချိန် အလွန်အမင်းတက်ခြင်း
-    ပြင်းထန်သော ဦးခေါင်းထိခိုက်မှုခံရခြင်း
-    ဦးနှောက်အတွင်း ရောဂါပိုးဝင်ခြင်းကြောင့် ဦးနှောက်အမြှေးပါးရောင်ခြင်း
-    ဦးနှောက်အတွင်း သွေးကြောထုံးခြင်း
-    ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်း
-    သွေးတွင်း ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ မက်ဂနီဆီယမ် စတဲ့ သတ္တုဓာတ်များ လျော့နည်းခြင်း
-    သွေးတွင်း သကြားဓာတ် များလွန်းခြင်းနှင့် သကြားဓာတ် နည်းလွန်းခြင်း
-    အရက်အလွန်အကျွံသောက်သုံးခြင်း
-    မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများသုံးစွဲခြင်း
-    ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း
-    အိပ်ရေးမဝခြင်း
-    လေဖြတ်ခြင်း စတဲ့ အကြောင်းအရင်းအမျိုးမျိုးကြောင့် တက်စေနိုင်ပါတယ်။

          မိမိပတ်ဝန်းကျင်မှာ ရုတ်တရက် အတက်လက္ခဏာ ခံစားရတဲ့သူကို တွေ့ရှိပါက လုပ်ဆောင်သင့်တဲ့ အချက်တွေကတော့

-    လူနာကို ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းသို့ လဲလျောင်းနေသော အနေအထားတွင်ထားပါ။
-    လူနာ ကောင်းစွာအသက်ရှူနိုင်ရန် ကြပ်နေသော အင်္ကျီကော်လံ၊ နက်ကတိုင်၊ခါးပတ် စတာတွေကို ဖြေလျှော့ပေးပါ။
-    လူနာအနီးတစ်ဝိုက်မှာ အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းတွေရှိပါက ဖယ်ရှားပေးပါ။
-    ဆေးရုံ (သို့မဟုတ်) အနီးစပ်ဆုံး ကျန်းမာရေးဌာနကို သွားရောက်နိုင်ဖို့ အရေးပေါ်ကား အကူအညီ တောင်းခံပါ။
-    လူနာတက်နေစဉ်တွင် လူနာကို အတင်းအကြပ်ချုပ်ထားခြင်းမျိုး မပြုလုပ်ပါနှင့်။
-    လူနာရဲ့ ပါးစပ်အတွင်း လက်ထည့်ခြင်း၊ ဇွန်းများ၊ ပစ္စည်းများ ထည့်ခြင်း မပြုလုပ်ပါနှင့်။
-    လူနာတက်နေစဉ် ဗီဒီယိုမှတ်တမ်းတင်ထားခြင်းဟာ ရောဂါအမျိုးအစားကို ရှာဖွေရာမှာ အထောက်အကူပြုနိုင်ပါတယ်။

          အတက်ရောဂါ ခံစားနေရသူတွေ လိုက်နာသင့်တဲ့ အချက်တွေကတော့

-    ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးဝါးများကို ပုံမှန်သောက်သုံးပါ။
-    ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ရောဂါအခြေအနေကို စစ်ဆေးပါ။
-    အတက်ရောဂါရှိကြောင်း ကဒ်ပြားကို မိမိသွားလေရာ သယ်ဆောင်သွားခြင်းဖြင့် ရုတ်တရက် အတက်ရောဂါလက္ခဏာ ခံစားရပါက ထိရောက်တဲ့ကုသမှု ရရှိနိုင်ပါတယ်။
-    အိပ်ရေးဝဝအိပ်ပါ။
-    ရုတ်တရက် အတက်ရောဂါလက္ခဏာ ခံစားရပါက အန္တရာယ်ရှိနိုင်သော အပြုအမူများကို ရှောင်ကြဉ်ပါ။ (ဥပမာ - ရေကူးခြင်း၊ တောင်တက်ခြင်း၊ မီး၊ လျှပ်စစ် စတဲ့ အရာများ ကိုင်တွယ်ခြင်း)
-    အတက်ရောဂါရှိသူတွေဟာ ကားမောင်းနှင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

အတက်ရောဂါဟာ အမျိုးအစား အမျိုးမျိုးရှိတာဖြစ်လို့ မိမိကိုယ်တိုင် ဒါမှမဟုတ် မိမိ မိသားစု၊ မိတ်ဆွေ၊ ဆွေမျိုးတွေမှာ အတက်ရောဂါ ခံစားနေရတယ်လို့ သံသယရှိရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ သွားရောက်ပြသပြီး ကုသမှုခံယူဖို့ လိုပါတယ်။

Dr. Phyu
Photo Credit - freepik