【 အလှအပနှင့် ကျန်းမာရေး 】 ဆီးချိုနှင့် အင်ဆူလင်

【 အလှအပနှင့် ကျန်းမာရေး 】 ဆီးချိုနှင့် အင်ဆူလင်

သွေးတွင်း သကြားဓာတ်ကိုထိန်းပေးတဲ့ အင်ဆူလင်ဟော်မုန်း မထုတ်နိုင်ခြင်း၊အင်ဆူလင်ဟော်မုန်း ကောင်းစွာအလုပ်မလုပ်ခြင်း စတာတွေကြောင့် ဆီးချိုရောဂါဖြစ်စေပါတယ်။

ဘယ်လိုသူတွေမှာ အင်ဆူလင်ထိုးဖို့ လိုတာလဲ ?

-    ဆီးချိုရောဂါအမျိုးအစား (၁) ရှိသူများ
-    သွေးတွင်းသကြားဓာတ် ၃၀၀ ကျော်သူများ
-    HbA1c ၁၀ % နှင့် အထက် များသူများ
-    ဆီးချို‌ရောဂါရှိသူများတွင် အရေးပေါ်‌ နေမကောင်းသော အခြေအနေများဖြစ်တဲ့ (ဥပမာ - ပြင်းထန်အဆုတ်ရောင်ခြင်း၊ သွေးဆိပ်တက်ခြင်း၊ နှလုံးသွေးကြောပုပ်ခြင်း)
-    ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါရှိသူများ
-    ဆီးချိုကျဆေး သောက်ဆေးများနဲ့ ဆီးချိုမထိန်းနိုင်သူများ စတဲ့ အခြေအနေတွေမှာ အင်ဆူလင်ထိုးဆေး အသုံးပြုဖို့ လိုပါတယ်။

အင်ဆူလင် အမျိုးအစား အမျိုးမျိုးရှိပါတယ်။
-    Rapid /Short Acting Insulin (Insulin R)
-    Intermediate/Long acting
(Insulin N or G)
-    Pre-mixed ( combination of short and intermediate acting Insulin) ဆိုပြီး အမျိုးအစားသုံးမျိုးရှိပါတယ်။

အင်ဆူလင်ထိုးရာမှာလည်း ရောဂါအခြေအနေပေါ် မူတည်ပြီး
-    ညဘက် တစ်ကြိမ်သာထိုးဖို့ လိုတဲ့ အင်ဆူလင်ထိုးနည်း
-    မနက်၊ ည နှစ်ကြိမ်ထိုးရတဲ့ အင်ဆူလင်ထိုးနည်း
-    တစ်နေ့ လေးကြိမ်ထိုးရတဲ့ အင်ဆူလင် စသဖြင့် ထိုးနည်းအမျိုးမျိုးရှိပါတယ်။

ဈေးကွက်ထဲမှာ ရနိုင်တဲ့ အင်ဆူလင် အမျိုးအစား အမျိုးမျိုးထဲမှာ (Analogue Insulin) နဲ့ (Conventional Insulin) ဆိုပြီး ရှိပါတယ်။

အဓိကကွာခြားချက်ကတော့ Analogue Insulin အမျိုးအစားက ဆေးထိုးပြီးပြီးချင်း အစာစားလို့ရပြီး ကုန်ကျစရိတ် အနည်းငယ်ပိုများပါတယ်။ Conventional Insulin အမျိုးအစားကတော့ အစာမစားခင် နာရီဝက်အလိုမှာ ဆေးထိုးဖို့ လိုပါတယ်။

အင်ဆူလင် ထိုးဆေး ထိုးသူတွေ သတိပြုသင့်တဲ့ အချက်တွေကတော့
-    အင်ဆူလင်မထိုးမီ သွေးတွင်း သကြားဓာတ် စစ်ဆေးဖို့ လိုပါတယ်။
-    သွေးတွင်း သကြားဓာတ် လျော့နည်းနေပါက အင်ဆူလင်ဆေး မထိုးသင့်ပါဘူး။
-    အင်ဆူလင်ဆေး ထိုးပြီးနောက်မှာ အစာစားဖို့ လိုပါတယ်။
-    အင်ဆူလင်ဆေး ထိုးပြီးနောက် သွေးတွင်း သကြားဓာတ်ကျပါက (ရင်တုန်ခြင်း၊ ချွေးစေးများထွက်ခြင်း၊ ခေါင်းမူးခြင်း၊ ဗိုက်ဆာသကဲ့သို့ ဟာတာတာခံစားရခြင်း၊‌ ခေါင်းမူးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း) စတဲ့ လက္ခဏာတွေ ခံစားရပါက သွေးတွင်း သကြားဓာတ် ချက်ချင်းစစ်ဆေးဖို့လိုပြီး သကြားဓာတ်ကျနေပါက ချိုသောအရာတစ်ခုခုစားခြင်း အချိုရည်သောက်ခြင်း ပြုလုပ်သင့်ပါတယ်။
-    အင်ဆူလင် ထိုးပြီးနောက် သကြားဓာတ်ကျသော လက္ခဏာများ ခံစားရပါက ဆရာဝန်နဲ့ ပြန်လည်ပြသဖို့ လိုပါတယ်။
-    အင်ဆူလင် ထိုးရာမှာ နည်းလမ်းမှန်ကန်ဖို့ တတ်ကျွမ်းနားလည်သူထံက သင်ယူပါ။
-    အင်ဆူလင်ကို ခန္ဓာကိုယ်တစ်နေရာထဲတွင် ထိုးခြင်းမျိုး မပြုလုပ်ရပါ။
-    အင်ဆူလင်ထိုးသည့် နေရာကို အမြဲပြောင်းလဲပေးဖို့ လိုပါတယ် (ဘယ်/ညာ လက်မောင်း၊ ဘယ်/ညာ ပေါင်၊ ဝမ်းဗိုက်) စသဖြင့် နေရာပြောင်းလဲ ထိုးသင့်ပါတယ်။
-    မဖွင့်ရ‌‌သေးသော အင်ဆူလင်‌ကို
ရေခဲသေတ္တာအောက်ထပ် (၂-၈) ဒီဂရီစင်တီဂရိတ်မှာ သိမ်းဆည်းဖို့ လိုပါတယ်။ရေခဲသေတ္တာမရှိရင်တော့ မြေအိုးနှစ်ထပ်လုပ်ပြီး ကြားထဲမှာ မြေသားထည့်ပြီး မြေသားကို ရေလောင်းပြီး အင်ဆူလင်ကို အတွင်းအိုးမှာ သိမ်းဆည်းလို့ရပါတယ်။
-    ဖွင့်ပြီးသား အင်ဆူလင်ဘူးကိုတော့ ၃၀ ဒီဂရီစင်တီဂရိတ်မှာ ၂၈ ရက်
ထားနိုင်ပါတယ်။

Dr.Phyu
Photo Credit - freepik