【 အလှအပနှင့် ကျန်းမာရေး 】 ခဏခဏ အနီဖုတွေထွက်နေတာ ဓာတ်မတည့်တာ တစ်ခုခု ရှိနေလို့လား ?

【 အလှအပနှင့် ကျန်းမာရေး 】 ခဏခဏ အနီဖုတွေထွက်နေတာ ဓာတ်မတည့်တာ တစ်ခုခု ရှိနေလို့လား ?

ဓာတ်မတည့်ခြင်း (Allergy) လူတော်တော်များများ ဓာတ်မတည့်ခြင်း ဖြစ်ဖူးကြပါတယ်။
 
တချို့တွေမှာတော့ အနီအယားဖုလေးတွေထွက်လာပြီး ဆေးသောက်လိုက် ပြန်ကောင်းလိုက်ရှိသလို အချို့သောပြင်းထန်တဲ့ာဓာတ်မတည့်ခြင်းမျိုးတွေမှာတော့ အသက်အန္တရာယ် ထိခိုက်နိုင်တာမျိုးရှိတာကြောင့် ဓာတ်မတည့်ခြင်း အကြောင်း အသေးစိတ်သိရှိထားမယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်ပြီး ဖြစ်လာရင်လည်း ထိထိရောက်ရောက် အချိန်မီကုသမှု ခံယူနိုင်မှာပဲဖြစ်ပါတယ်။
 
           ဘာကြောင့် ဓာတ်မတည့်ခြင်း ဖြစ်ရတာလဲ ?
 
- ပြင်ပကအရာဝတ္ထုတစ်ခုခု (ဥပမာ - အနံ့၊ အငွေ့၊ စားစရာ၊ ဆေးဝါး၊ ဓာတုပစ္စည်း) စသဖြင့် ဓာတ်မတည့်တာ တစ်ခုခုကို ထိတွေ့မိတာ၊ ရှူမိတာ၊ စားသုံးမိတာ စတဲ့ အခြေအနေမျိုးမှာ လူ့ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကနေ ဓာတ်မတည့်တဲ့ အရာဝတ္ထုကို တိုက်ထုတ်ရာကနေ ဓာတ်မတည့်ခြင်း ဖြစ်စေပါတယ်။
- ဓာတ်မတည့်စေတဲ့ အရာဝတ္ထုဟာ တစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။
- ကိုယ်ခံအားစနစ်ရဲ့တုံ့ပြန်မှုပေါ် မူတည်ပြီး အပျော့စား ဓာတ်မတည့်ခြင်းမျိုးရှိသလို၊အသက် အန္တရာယ် ထိခိုက်နိုင်တဲ့ အပြင်းစား ဓာတ်မတည့်ခြင်းမျိုးလဲရှိပါတယ်။
 
ဓာတ်မတည့်စေတဲ့ အကြောင်းအရာနဲ့ ဓာတ်မတည့်ခြင်းအခြေအနေ ပြင်းထန်မှုအပေါ် မူတည်ပြီး တစ်ဦးနဲ့ တစ်ဦး လက္ခဏာအနည်းငယ်ကွဲပြားနိုင်ပါတယ်။
 
           ဓာတ်မတည့်ခြင်းဖြစ်တဲ့အခါ ခံစားရနိုင်တဲ့လက္ခဏာတွေကတော့ -
 
- ခန္ဓာကိုယ်အနှံ့ ယားယံခြင်း
- အရေပြားတွင် အနီရောင်အဖု၊ အနီ‌ရောင်အကွက်များ ထွက်ခြင်း
- လျှာ၊ နှုတ်ခမ်း၊ မျက်နှာ ရောင်ရမ်းခြင်း
- ပျို့အန်ခြင်း
- နှာချေခြင်း၊ နှာရည်ကျခြင်း
- အသက်ရှူရခက်ခဲခြင်း
- အသက်ရှူမြန်ခြင်း
- အသက်ရှူချိန်တွင် ရွှီးရွှီးအသံမြည်ခြင်း
- ပျို့အန်ခြင်း
- ရင်တုန်ခြင်း
- သတိလစ်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
 
           ဓာတ်မတည့်ခြင်းကို စမ်းသပ်စစ်ဆေးလို့ရပါသလား ?
 
Allergy Test လို့ခေါ်တဲ့ ဓာတ်မတည့်ခြင်း စစ်ဆေးတဲ့ နည်းလမ်းနဲ့ မိမိနဲ့ ဓာတ်မတည့်တဲ့ အရာကို စစ်ဆေးနိုင်ပါတယ်။
 
           ဓာတ်မတည့်ခြင်းဖြစ်တဲ့အခါ ဘယ်လိုကုသမှုခံယူရမလဲ ?
 
၁။ မိမိနဲ့ ဓာတ်မတည့်တဲ့ အရာဝတ္ထုနဲ့ ထိတွေ့မှုကို ချက်ချင်းဖယ်ရှားပါ။
၂။ ဓာတ်မတည့်ခြင်းမှာ အသုံးပြုနိုင်တဲ့ Anti-Histamine (Burmeton) ဘာမီတွန်၊ (Citirizine) စီထရင်းကဲ့သို့သော ဆေးရှိပါက သောက်သုံးနိုင်ပါတယ်။ဓာတ်မတည့်ခြင်းဟာ ပြင်းထန်တဲ့အခြေအနေ ဖြစ်နိုင်တာ‌ကြောင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားရောက်ပြသပါ။
၃။ အရေးပေါ်လက္ခဏာများဖြစ်တဲ့ အသက်ရှူရခက်ခဲခြင်း၊ ရင်တုန်ခြင်း၊ သတိလစ်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက် ပြသပါ။
 
           ဓာတ်မတည့်ခြင်းရှိသူ‌တွေ လိုက်နာသင့်တဲ့ အချက်တွေကတော့ -
 
- မိမိနဲ့ ဓာတ်မတည့်တဲ့ အရာဝတ္ထုနဲ့ ထိတွေ့ခြင်းက ရှောင်ကြဉ်ပါ။
- မိမိမှာ ဓာတ်မတည့်ခြင်းရှိကြောင်းနှင့် ဓာတ်မတည့်သည့် အရာဝတ္ထု၊ ဆေး စသည်တို့ကို ရေးသားထားသော ဆေးမှတ်တမ်း/ကတ်ပြားကိုကိုယ်နှင့်မကွာဆောင်ထားပါက ဓာတ်မတည့်ခြင်းအရေးပေါ်အခြေအနေတွင် ထိရောက်စွာကုသမှု ရရှိနိုင်ပါတယ်။
- ဓာတ်မတည့်ခြင်းရှိသူတွေအနေနဲ့ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသတိုင်း မိမိနှင့် ဓာတ်မတည့်သည့် အရာဝတ္ထု၊ ဆေး စသည်ကို ဆရာဝန်၊ ကျန်းမာ‌ရေးဝန်ထမ်းများကို အသိပေးဖို့ လိုပါတယ်။
 
Dr.Phyu
Photo Credit - freepik