【 အလှအပနှင့် ကျန်းမာရေး 】 ကြွက်တက်ခြင်း (Leg Cramp)

【 အလှအပနှင့် ကျန်းမာရေး 】 ကြွက်တက်ခြင်း (Leg Cramp)

ခြေသလုံးကြွက်တက်ခြင်းဟာ လူတိုင်းနီးပါးခံစားဖူးတဲ့ လက္ခဏာဖြစ်ပါတယ်။

ညအိပ်နေရင်း၊ ရေကူးရင်း၊ လမ်းလျှောက်ရင်း ရုတ်တရက် ပြင်းထန်တဲ့ ကြွက်သားနာကျင်မှုကို ခံစားရစေတဲ့ ဆိုးဝါးတဲ့ လက္ခဏာပဲဖြစ်ပါတယ်။

ဒါကြောင့် ဘာလို့ ကြွက်တက်ခြင်း ဖြစ်စေတာလဲနဲ့ ကြွက်တက်ခြင်းဖြစ်ရင် ဘယ်လိုပြုမူ ဆောင်ရွက်သင့်တယ်ဆိုတာတွေကို ပြောပြပေးချင်ပါတယ်။

ဘာကြောင့် ကြွက်တက်ခြင်း ဖြစ်ရတာလဲ ?

- ခြေထောက်ကြွက်သားကို သွေးပေးပို့မှု မလုံလောက်ခြင်းကြောင့် ကြွက်တက်ခြင်း
(အထူးသဖြင့် အားကစားနှင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေချိန်)
- ခြေထောက်သွေးကြောရောဂါများဖြစ်သော (ခြေထောက်သွေးပြန်ကြော သွေးခဲပိတ်ခြင်း၊ ခြေထောက်သွေးလွှတ်ကြောကျဉ်းခြင်း)
- သွေးတွင်း သတ္တုဓာတ် မလုံလောက်ခြင်း (ဥပမာ - ကယ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် စတဲ့ သတ္တုဓာတ်များ လျော့နည်းခြင်း)
- ခြေထောက်ကြွက်သားကို လှုံ့ဆော်ပေးတဲ့ အာရုံကြောကို ကြာရှည်စွာဖိမိခြင်း စတဲ့ အချက်တွေကြောင့် ခြေထောက်မှာ ကြွက်တက်ခြင်းကို ခံစားရတာဖြစ်ပါတယ်။

ဘယ်လိုသူတွေမှာ ကြွက်တက်ခြင်း ဖြစ်နိုင်ခြေ ပိုများသလဲ ?

- အသက်အရွယ်ကြီးသူများ
- အဝလွန်သူများ
- ကိုယ်ဝန်ဆောင်မိခင်များ
- ခြေထောက်ကြွက်သားကို အလွန်အကျွံလှုပ်ရှားမှု ပြုလုပ်သူများ (ဥပမာ - ပြေးခြင်း၊ ပြင်းထန်သော အားကစားပြုလုပ်ခြင်း)
- အနေအထားတစ်ခုထဲတွင် ကြာရှည်စွာ ထိုင်ခြင်း၊ ရပ်ခြင်း
- ချွေးအလွန်အမင်းထွက်ခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း
- ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ နာတာရှည်ရောဂါရှိသူများ စတဲ့သူတွေမှာ ကြွက်တက်ခြင်း ခံစားရနိုင်ခြေများပါတယ်။

ကြွက်တက်ခြင်း ခံစားရတဲ့အခါ ဘယ်လိုပြုမူဆောင်ရွက်သင့်ပါသလဲ ?
- ခြေသလုံးကြွက်သားများ ပြေလျော့စေဖို့ ခြေထောက်ကို အကွေးအဆန့်ပြုလုပ်ပါ။
- ခြေသလုံးကြွက်သားကို ညင်သာစွာ နှိပ်နယ်ပေးပါ။
- ရေခဲကပ်ခြင်း (သို့မဟုတ်) ရေနွေးအိတ်ကပ်ခြင်း ပြုလုပ်နိုင်ပါတယ်။
- နာကျင်မှုသက်သာစေဖို့ ပါရာစီတမော (သို့မဟုတ်) အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။
- မကြာခဏ ကြွက်တက်ခြင်း ခံစားရရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ သွားရောက်ပြသ စစ်ဆေးပြီး ထိရောက်တဲ့ ကုသမှုခံယူပါ။

ကြွက်တက်ခြင်း မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့
- ရေဓာတ်ခမ်းခြောက်မှု မရှိအောင် နေထိုင်ပါ။
- ချွေးထွက်များခြင်း၊ ပြင်းထန်တဲ့ ဝမ်းလျှောခြင်း၊အန်ခြင်း စတဲ့ ရောဂါလက္ခဏာများ ခံစားရပါက ဓာတ်ဆားရည်သောက်ပါ၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ သွားရောက်ပြသပါ။
- ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများဖြစ်သော (ပြေးခြင်း၊ ရေကူးခြင်း၊အားကစား လေ့ကျင့်ခြင်း) စတဲ့ လှုပ်ရှားမှုတွေ မပြုလုပ်ခင်နဲ့ လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်မှာ ခြေထောက်ကြွက်သားတွေ ပြေလျော့စေဖို့ သွေးပူလေ့ကျင့်ခန်း၊ ကြွက်သားဖြေလျှော့ပေးတဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ပါ။
- ခန္ဓာကိုယ် အနေအထားတစ်ခုထဲတွင် ကြာရှည်စွာ ရပ်ခြင်း၊ ထိုင်ခြင်းမျိုး မပြုလုပ်ပါနှင့်။
- မကြာခဏကြွက်တက်ခြင်း ခံစားရသူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဗီတာမင် အားဆေးများ သောက်သုံးပါ။

Dr.Phyu
Photo Credit -freepik