【 အလှအပနှင့် ကျန်းမာရေး 】ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာ ဘာလဲ ?

【 အလှအပနှင့် ကျန်းမာရေး 】ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာ ဘာလဲ ?

           ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်း သကြားဓာတ်များပြီး  ဆီးချိုရောဂါစဖြစ်တာမျိုးကို ခေါ်တာဖြစ်ပါတယ်။

            -    ကိုယ်ဝန်ဆောင်ဆီးချိုဟာ ကိုယ်ဝန် ၂၄ ပတ်-၂၈ ပတ်ကြားမှာ
            စဖြစ်ကြတာများပါတယ်။

            ဘယ်လိုလူတွေမှာ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေများပါသလဲ ?

            -    ကိုယ်ဝန်မဆောင်မီ ဆီးချိုအကြိုအဆင့် ဖြစ်နေသူများ
            -    ယခင်ကိုယ်ဝန်တွင် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်ဖူးသူများ
            -    ယခင်ကိုယ်ဝန်ဆောင်မီးဖွားချိန်တွင် ကလေး ကိုယ်အလေးချိန်
            ၉ ပေါင် အထက် ရှိသူများ
            -    မိသားစုမျိုးရိုးထဲတွင် ဆီးချိုရောဂါရှိသူများ
            -    အဝလွန်သူများ
            -    နှလုံးရောဂါရှိသူများ
            -    သွေးတိုးရောဂါရှိသူများ
            -    ကိုယ်လက်လှုပ်ရှားမှုနည်းသူများ
            -    Polycystic Ovary Syndrome (PCOS) ဟုခေါ်သော
            သားဥအိမ်တွင် ရေအိတ်များဖြစ်သော ရောဂါရှိသူများ စတဲ့သူတွေမှာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်ခြေများပါတယ်။

            ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်ပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ ?

            -    ကိုယ်ဝန်ဆောင် ဆီးချိုအများစုဟာ ရောဂါလက္ခဏာ
            မပြတတ်ဘဲ သွေးတွင်းသကြားဓာတ်စစ်ဆေးမှုကတစ်ဆင့်
            သိရှိကြတာများပါတယ်။
            -    ဆီးချိုရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့
            - ဆီးမကြာခဏသွားခြင်း
            - ရေငတ်ခြင်း
            - ပင်ပန်းနွမ်းနယ်ခြင်း
            - အနာမကျက်ခြင်း စတဲ့ ရောဂါလက္ခဏာတွေ ပြနိုင်ပါတယ်။

            -    ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ကို သားဖွားမီးယပ်ဆရာဝန်နဲ့ စောစီးစွာအပ်နှံပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။

            ကိုယ်ဝန်ဆောင်ဆီးချိုကြောင့် ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်သလဲ ?

            -     သန္ဓေသားကိုယ်အလေးချိန်များခြင်းကြောင့်
            ခွဲစိတ်မီးဖွားရနိုင်ခြေများခြင်း
            -     လမစေ့ဘဲ ကလေးမီးဖွားခြင်း
            -     ကိုယ်ဝန်ဆောင်မိခင်တွင် သွေးပေါင်ချိန်တက်ခြင်း၊
            သွေးဆိပ်တက်ခြင်း
            -    မိခင်တွင် မီးဖွားပြီးနောက် ဆီးချိုရောဂါဖြစ်နိုင်ခြေများခြင်း
            -    နောက်ထပ်ကိုယ်ဝန်ဆောင်ချိန်တွင်
            ကိုယ်ဝန်‌ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်ခြင်း
            -    မွေးကင်းစကလေးတွင် သွေးတွင်းသကြားဓာတ်ကျခြင်း
            -    မွေးကင်းစကလေးတွင် အသက်ရှူရခက်ခဲခြင်း၊
            အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်နိုင်ခြင်း
            -    သန္ဓေသားသေဆုံးခြင်း
            -    ကလေးအရွယ်ရောက်လာချိန်တွင် အဝလွန်ခြင်း၊
            ဆီးချိုရောဂါဖြစ်နိုင်ခြေများခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

            ကိုယ်ဝန်ဆောင်ဆီးချိုကို ဘယ်လိုကုသနိုင်ပါသလဲ ?

            -    ပုံမှန်ဆီးချိုရောဂါမှာ အသုံးပြုလေ့ရှိတဲ့ ဆေးဝါးများဟာ
            သန္ဓေသားကို ထိခိုက်နိုင်တာကြောင့်
            ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို အဓိကအားဖြင့်
            အင်ဆူလင်ထိုးဆေး အသုံးပြုပြီး ကုသမှုပြုလုပ်ကြတာများပါတယ်။
            -    ဆေးဝါးကုသမှုတွေအပြင် အစားအသောက်အနေအထိုင်
            ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့လဲ အရေးကြီးပါတယ်။
            -  ချိုလွန်းသော၊ ဆီများလွန်း‌သော အစားအစာများကို
            ရှောင်ကြဉ်ပါ။
            -  အမျှင်ဓာတ်များသော ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို
            စားသုံးပါ။
            -‌ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
            (ကိုယ်ဝန်ဆောင်ချိန်ဖြစ်တာကြောင့် ပြင်းထန်တဲ့
            အားကစားပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။ဆရာဝန်နဲ့ တိုင်ပင်ပြီး
            မိမိနဲ့ကိုက်ညီမယ့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို
            ပြုလုပ်နိုင်ပါတယ်။)
            -  မိမိရဲ့သားဖွားမီးယပ်ဆရာဝန်၊ ဆီးချိုဆရာဝန်နဲ့ တိုင်ပင်ပြီး
            မိမိနဲ့သင့်တော်မယ့် ကုသမှုကိုရယူပြီး ပုံမှန်သွားရောက်ပြသ
            စစ်ဆေးမှုခံယူဖို့ အလွန်အရေးကြီးပါတယ်။
            -  ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိသူ‌တွေဟာ မီးဖွားပြီးနောက်မှာ
            ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေများတာကြောင့်
            သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးနေဖို့
            တိုက်တွန်းလိုပါတယ်။

DR.Phyu
Photo Credit - freepik