
【 အလှအပနှင့်ကျန်းမာရေး 】အစာအိမ်ကင်ဆာအကြောင်းသိကောင်းစရာ
ကင်ဆာဆိုတဲ့နာမည်ကြားတာနဲ့လူတိုင်းကြောက်ရွံ့ကြပါတယ်။ကင်ဆာဆိုတာ မြန်မာလိုတော့ မြစ်ပွားနာလို့ခေါ်ကြပြီးနာမည်အတိုင်းကင်ဆာဖြစ်ပြီဆိုတာနဲ့ခန္ဓာကိုယ်အနှံ့ကိုပွားများပျံ့နှံ့ရောက်ရှိစေပြီး အသက်အန္တရာယ်ကိုထိခိုက်စေပါတယ်။
ဒါကြောင့်ကင်ဆာရောဂါကိုမဖြစ်ခင်ကာကွယ်ဖို့ နဲ့ ကင်ဆာရဲ့ရောဂါလက္ခဏာတွေကို သိရှိထားပြီး စောစီးစွာ ကုသမှုခံယူဖို့အရေးကြီးပါတယ်။
အစာအိမ်ကင်ဆာရဲ့ရောဂါလက္ခဏာတွေကတော့
- အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- ဝမ်းဗိုက်တွင်အလုံးအကျိတ်စမ်းမိခြင်း
- ကော်ဖီရောင်အန်ခြင်း၊ဝမ်းအမည်းသွားခြင်း စတဲ့လက္ခဏာတွေကအရေးကြီးတဲ့လက္ခဏာတွေဖြစ်ပါတယ်။
အပေါ်ကပြောခဲ့တဲ့လက္ခဏာတွေအပြင် အစာအိမ်ရောဂါလက္ခဏာတွေဖြစ်တဲ့
- ပျို့အန်ခြင်း
- ဗိုက်အောင့်ခြင်း
- အစာစားပြီးချိန်မှာပြည့်အင်ပြီးရင်ခေါင်းတောင့်ခြင်း
- အစာမကြေရင်ပြည့်ရင်ကယ်ခံစားရခြင်း
- ရင်ပူခြင်း
- အစာမျိုရခက်ခဲခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
ဘယ်အချက်တွေကအစာအိမ်ကင်ဆာဖြစ်နိုင်ချေများစေသလဲ?
- အစာအိမ်အနာ၊အစာအိမ်ရောင်ရမ်းခြင်း၊စားချဥ့်ပြန်ခြင်းစတဲ့ရောဂါများရှိခြင်း
- အစာအိမ်တွင် H.pylori ဘက်တီးရီးယားပိုးရှိခြင်း
- မိသားစုမျိုးရိုးတွင်အစာအိမ်ကင်ဆာရှိခြင်း
- ဆေးလိပ်သောက်ခြင်း
- အရက်အလွန်အကျွံသောက်သုံးခြင်း
- တာရှည်ခံပစ္စည်းများနှင့်ပြုလုပ်ထားသောအစားအစာများ၊အကင်များစားသုံးခြင်း
- အဝလွန်ခြင်း စတာတွေကြောင့် အစာအိမ်ကင်ဆာဖြစ်နိုင်ချေပိုများပါတယ်။
အစာအိမ်ကင်ဆာမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ?
- ဆေးလိပ်သောက်ပါကဆေးလိပ်ဖြတ်ပါ။
- အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ကြဉ်ပါ။
- တာရှည်ခံပစ္စည်းများနှင့် ပြုလုပ်ထားသောအစားအစာများ၊အကင်များကို အလွန်အကျွံစားသုံးခြင်းကိုရှောင်ကြဉ်ပါ။
- ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းသီးဟင်းရွက်၊သစ်သီးဝလံများကိုစားသုံးပါ။
- အဝမလွန်အောင်ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ။
- မိသားစုမျိုးရိုးထဲတွင်အစာအိမ်ကင်ဆာရှိပါက ဆရာဝန်နဲ့တိုင်ပင်ပြီးပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူပါ။
- စားချဉ့်ပြန်ခြင်း၊အစာအိမ်အနာ၊အစာအိမ်ရောင်ရမ်းခြင်း၊
အစာအိမ်တွင်H.pyloriဘက်တီးရီးယားပိုးရှိခြင်း စတဲ့အစာအိမ်ရောဂါခံစားနေရသူများအနေနဲ့ဆရာဝန်နဲ့သေချာစွာကုသမှုခံယူပါ။
အစာအိမ်ကင်ဆာကိုဘယ်လိုကုသနိုင်ပါသလဲ?
အစာအိမ်ကင်ဆာရဲ့ရောဂါအခြေအနေ၊ရောဂါအဆင့်ပေါ်မူတည်ပြီး
- ခွဲစိတ်ကုသခြင်း
- ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
- ဓါတ်ရောင်ခြည်ကုထုံးဖြင့်ကုသခြင်း (Radiotherapy)
- ကိုယ်ခံအားစနစ်ဖြင့်ကုသခြင်း (Immunotherapy)စတဲ့နည်းလမ်းများနဲ့ကုသနိုင်ပါတယ်။
ကင်ဆာရောဂါတွေရဲ့နောက်ဆုံးအဆင့်လူနာတွေမှာတော့ ရောဂါဝေဒနာခံစားရသက်သာစေတဲ့ (Palliative Care)နည်းလမ်းများနဲ့ ကုသနိုင်ပါတယ်။
မိမိမှာအစာအိမ်ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ သေချာစွာစစ်ဆေးကုသမှုခံယူဖို့နဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း အစားအသောက်အနေအထိုင် ဆင်ခြင်ဖို့ တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo Credit -MiRXES