
【 အလှအပနှင့်ကျန်းမာရေး 】ပိုးသတ်ဆေးယဉ်ခြင်း(ဆေးမတိုးခြင်း) အကြောင်းသိကောင်းစရာ
ပိုးသတ်ဆေးယဉ်တယ်ဆိုတာကတော့ ပိုးသတ်ဆေးကိုနည်းမှန်လမ်းမှန်မသုံးတဲ့အတွက်ကြောင့် ရောဂါပိုးကိုကုသချိန်မှာ ဆေးမတိုးတော့တာကိုခေါ်ခြင်းဖြစ်ပါတယ်။
ကျွန်မတို့ကြားဖူးနေကြတဲ့ဆေးယဉ်တီဘီ ဆိုတာကလည်း တီဘီဆေးကိုအချိန်မှန်၊ရက်မှန်မသောက်သုံးတာကြောင့် တီဘီရောဂါကုသဖို့ ပထမဦးစားပေးသုံးစွဲနေကြ တီဘီပိုးသတ်ဆေးများနဲ့မတိုးတော့တာကို ခေါ်တာဖြစ်ပါတယ်။
ဘာကြောင့်ပိုးသတ်ဆေးယဉ်ခြင်းဖြစ်ရတာလဲ?
- မလိုအပ်ဘဲပိုးသတ်ဆေးသုံးစွဲခြင်း
- ရောဂါသက်သာရုံမျှဖြင့် ဆေးဖြတ်ခြင်း၊
ဆေးကိုရက်ပြည့်အောင်မသောက်ခြင်း
- မိမိသဘောဖြင့်ပိုးသတ်ဆေးကိုသောက်သုံးခြင်း
- တိရစ္ဆာန်မွေးမြူရေး၊စိုက်ပျိုးရေးတွင်ပိုးသတ်ဆေးများသုံးစွဲခြင်း
- တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်းကြောင့် ဆေးယဉ်သောဘက်တီးရီးယားများကူးစက်လွယ်ခြင်း
ဆေးယဉ်ခြင်း၊ဆေးမတိုးခြင်းကြောင့်ဘယ်လိုဆိုးကျိုးတွေခံစားရနိုင်ပါသလဲ?
- အသုံးပြုနေကြပိုးသတ်ဆေးက ရောဂါပိုးကိုပျောက်ကင်းအောင်မကုသနိုင်တဲ့အတွက် ရောဂါကုသမှုခက်ခဲခြင်း
- ရောဂါပျောက်ကင်းရန်အချိန်ကြာခြင်း
- အသုံးပြုရန်လိုသောပိုးသတ်ဆေးနဲ့မတိုးတော့တာကြောင့် ပိုမိုပြင်းထန်သော ပိုးသတ်ဆေးများ အသုံးပြုရသည့်အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးများခံစားရခြင်း
- ဆေးဝါးကုန်ကျစရိတ်ပိုများခြင်းစတဲ့ မလိုလားအပ်တဲ့ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။
ပိုးသတ်ဆေးယဉ်ခြင်းမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ?
ပိုးသတ်ဆေးယဉ်ခြင်းမဖြစ်ဖို့
၁- ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးကိုအချိန်မှန်၊ရက်မှန် စနစ်တကျသောက်သုံးပါ။
၂- ရောဂါသက်သာရုံမျှနဲ့ ဆေးကိုဆက်မသောက်ဘဲ ဖြတ်လိုက်တာမျိုးကို ရှောင်ကြဉ်ပါ။
၃- ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မိမိသဘောဖြင့် ပိုးသတ်ဆေးများသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
၄-တစ်ဦးနဲ့တစ်ဦး ရောဂါအခြေအနေမတူညီတာဖြစ်လို့ အခြားသူတစ်ယောက် သောက်ရသောပိုးသတ်ဆေးကို ယူသောက်တာမျိုးမလုပ်ဖို့လဲလိုပါတယ်။
၅- လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ကြာ ဆေးကြောခြင်းဖြင့်လည်း ခန္ဓာကိုယ်ထဲကို ပိုးသတ်ဆေးယဥ်သော ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကို ကာကွယ်နိုင်ပါတယ်။
Dr.Phyu
Photo credit - It Ain't Magic