
【 အလှအပနှင့်ကျန်းမာရေး 】ပါကင်ဆန်ရောဂါ (Parkinson’s disease)အကြောင်းသိကောင်းစရာ
ပါကင်ဆန်ရောဂါဆိုတာကတော့ အသက်အရွယ်ကြီးသူတွေမှာအဖြစ်များတဲ့ ဦးနှောက်နှင့်အာရုံကြော ပျက်စီးယိုယွင်းမှုကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။
ဦးနှောက်အတွင်း အာရုံကြောဆက်သွယ်မှုဖြစ်စေတဲ့ ဒိုပါမင်း(Dopamine)နည်းခြင်းကြောင့် ပါကင်ဆန်ရောဂါကိုဖြစ်စေပါတယ်။
ပါကင်ဆန်ရောဂါဟာ နာတာရှည်ရောဂါအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။
ပါကင်ဆန်ရောဂါရဲ့လက္ခဏာတွေကတော့
- လက်နှင့်ခြေထောက်များတုန်ခြင်း
- လှုပ်ရှားမှုနှေးကွေးခြင်း
- လက်နှင့်၊ခြေထောက်များ တောင့်တင်းခြင်း
- လမ်းလျှောက်ရာတွင်ခက်ခဲခြင်း
( ဟန်ချက်မထိန်းနိုင်ခြင်း၊လမ်းလျှောက်ချိန်တွင် ခြေထောက်နှင့် ကြမ်းပြင်လျှပ်တိုက်လျှောက်ခြင်း၊
လမ်းစလျှောက်ရန်ခက်ခဲပြီး၊လမ်းလျှောက်ရင်းရုတ်တရက် ရပ်တန့်ရန်ခက်ခဲခြင်း)
- စကားပြောသောအသံတိုးသွားခြင်း၊ စကားထစ်ခြင်း
- မျက်တောင်ခတ်သောအကြိမ်အရေအတွက်နည်းလာခြင်း၊မျက်နှာအမူအရာဖော်ပြသော အပြုံး၊အရယ်နည်းလာခြင်း
- လက်ရေးသေးသွားခြင်း
- စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း
- အိပ်မပျော်ခြင်း
- ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
ဘယ်လိုသူတွေမှာ ပါကင်ဆန်ရောဂါဖြစ်နိုင်ချေပိုများသလဲ?
- အသက်အရွယ်ကြီးသူများ (အသက် ၆၀ကျော်သူတွေမှာဖြစ်နှုန်းပိုများပါတယ်)
- အမျိုးသားများမှာ အမျိုးသမီးများထက်ရောဂါဖြစ်နှုန်း အနည်းငယ်ပိုများပါတယ်။
- မိသားစုမျိုးရိုးတွင်ပါကင်ဆန်ရောဂါရှိသူများ
- ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး များထိတွေ့ကိုင်တွယ်နေရသူများ စတဲ့သူတွေမှာတော့ ရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။
ပါကင်ဆန်ရောဂါကိုဘယ်လိုကုသနိုင်ပါသလဲ?
-ပါကင်ဆန်ရောဂါဟာ ပျောက်ကင်းအောင်ကုသလို့မရပေမယ့်
ရောဂါအခြေအနေဆိုးမသွားအောင်ဆေးဝါးများနဲ့ကုသနိုင်ပါတယ်။
ဆေးဝါးများနဲ့ကုသခြင်းအပြင်
- ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်ခြင်း
- စကားပြောလေ့ကျင့်ခန်းများပြုလုပ်ခြင်း စတဲ့နည်းလမ်းများနဲ့ ကုသမှုခံယူနိုင်ပါတယ်။
ပါကင်ဆန်ရောဂါဟာ နာတာရှည်ရောဂါဖြစ်တာကြောင့် ပြုစုစောင့်ရှောက်တဲ့သူတွေအနေနဲ့ စိတ်ရှည်ရှည်နဲ့ဂရုတစိုက်ပြုစုဖို့လိုပါတယ်။
ပါကင်ဆန်ရောဂါဟာစောစောသိလေ စောစောကုသမှုခံယူလေ ရောဂါဆိုးဝါးမှုနှုန်းကိုလျှော့ချနိုင်လေဖြစ်ပါတယ်။
ဒါကြောင့် မိမိမိတ်ဆွေ၊ ဆွေမျိုးသားချင်း၊သူငယ်ချင်းတွေမှာ ပါကင်ဆန်ရောဂါ ခံစားနေရတယ်လို့သံသယရှိပါက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံသွားရောက်ပြသစစ်ဆေးဖို့ တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo credit -freepik