【 အလှအပနှင့်ကျန်းမာရေး 】ဓမ္မတာမမှန်ခြင်း

【 အလှအပနှင့်ကျန်းမာရေး 】ဓမ္မတာမမှန်ခြင်း

အရွယ်ရောက်ပြီးသားအမျိုးသမီးတွေမှာလစဉ် သားဥအိမ်ကနေ မမျိုးဥကြွေခြင်းဖြစ်စဉ်ဖြစ်ပွားပါတယ်။

သုတ်ပိုးနဲ့ပေါင်းစပ်မှုမရှိတဲ့မမျိုးဥနဲ့အတူ သားအိမ်နံရံနဲ့သွေးများ ‌ကြွေကျစီးဆင်းခြင်းကို ဓမ္မတာလာတယ်လို့ခေါ်တာဖြစ်ပါတယ်။
ပုံမှန် ဓမ္မတာရာသီစက်ဝန်းတစ်ခုဟာ ပျမ်းမျှ ၂၁ ရက် မှ ၃၅ ရက် တစ်ခါပေါ်လေ့ရှိပြီး ရာသီရက်မှာ ၂ ရက်မှ ၇ရက်ခန့် ကြာမြင့်တတ်ပါတယ်။
ဓမ္မတာ ရာသီစက်ဝန်း မမှန်ခြင်းဟာ အမျိုးသမီးများကြုံတွေ့ခံစားရလေ့ရှိတဲ့ ပြဿနာပဲဖြစ်ပါတယ်။
ဓမ္မတာရက်စောခြင်း၊ နောက်ကျခြင်း၊ ရာသီသွေးပမာဏနဲခြင်း၊များခြင်း၊ ရာသီရက်ရှည်ခြင်း၊ရာသီမပေါ်ခြင်း စသဖြင့် ဓမ္မတာ မမှန်ခြင်းအမျိုးမျိုးရှိပါတယ်။
ဓမ္မတာမမှန်ခြင်းဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့
၁- ကိုယ်ဝန်ဆောင်နေချိန်နဲ့မိခင်နို့တိုက်ချိန်မှာ ဟော်မုန်းပြောင်းလဲခြင်းကြောင့် ဓမ္မတာမပေါ်ခြင်း
၂- ကိုယ်ဝန်တားဆေးများ ၊ အရေးပေါ် ‌သန္ဓေတားဆေးများကြောင့် ဓမ္မတာမမှန်ခြင်း
၃- စိတ်ဖိစီးမှုများခြင်းကြောင့် ဓမ္မတာမမှန်ခြင်း
၄- Polycystic Ovary Syndrome (PCOS) လို့ခေါ်တဲ့ သားဥအိမ်မှာရေအိတ်များတည်သောရောဂါရှိခြင်းကြောင့် ဓမ္မတာမမှန်ခြင်း
၅- သားအိမ်တွင် အသားလုံးများဖြစ်ခြင်းကြောင့် ရာသီသွေးပမာဏများခြင်း
၆- Endometriosis လို့ခေါ်တဲ့ သားအိမ်တစ်သျှူးမျှင်ရောဂါရှိခြင်းကြောင့် ရာသီလာစဉ်အလွန်အမင်းကိုက်ခဲခြင်း၊ရာသီမမှန်ခြင်း
၇- အစား‌အသောက်နေထိုင်မှုပုံစံမမှန်ခြင်းကြောင့် ဓမ္မတာမမှန်ခြင်း
(ဥပမာ- ပြင်းထန်သောလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အလွန်အမင်းကိုယ်အလေးချိန်ကျဆင်းခြင်း)
၈- သိုင်းရွိုက်ဟော်မုန်းပမာဏမမှန်ခြင်း
(သိုင်းရွိုက်ဟော်မုန်းများလွန်းပါက ရာသီသွေးပမာဏနည်းပြီး
သိုင်းရွိုက်ဟော်မုန်းနည်းလွန်းပါက ရာသီသွေးပမာဏများခြင်း)
၉- လိင်ပိုင်းဆိုင်ရာကူးစက်ရောဂါများကြောင့် ဓမ္မတာ မမှန်ခြင်း
၁၀- ကင်ဆာဆေးသွင်းနေသူများ၊ဓါတ်ရောင်ခြည်ကုသမှုခံယူရသူများနှင့်အချို့သောကိုယ်ခံအားစနစ်ချို့ယွင်းမှုကြောင့် ဖြစ်သောရောဂါများကြောင့် ရာသီမမှန်ခြင်း
၁၁- သွေးရောဂါရှိသူများတွင် ရာသီမမှန်ခြင်း
၁၂- ရာသီသွေးပေါ်ခါစအမျိုးသမီးငယ်များနဲ့ သွေးဆုံးခါနီးအမျိုးသမီးများတွင် ဓမ္မတာ မမှန်ခြင်း
စတဲ့အကြောင်းအရင်းအမျိုးမျိုးကြောင့် ဓမ္မတာမမှန်ခြင်းဖြစ်နိုင်ပါတယ်။
ဓမ္မတာမမှန်ခြင်းဟာ အမျိုးသမီးတွေကို စိတ်အနှောင့်အယှက်ပေးတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ မိမိရဲ့ရာသီစက်ဝန်းပုံမှန်ဟုတ်မဟုတ်ကို မှတ်သားထားဖို့လိုပါတယ်။
ပြက္ခဒိန်၊ဖုန်းအက်ပလီကေးရှင်းများနဲ့ မိမိရဲ့ရာသီစက်ဝန်းရက်၊ ပမာဏ၊ခံစားရတဲ့ ဝေဒနာ စတာတွေကိုမှတ်သားထားသင့်ပါတယ်။
ဘယ်လိုအခါမျိုးမှာဆရာဝန်နဲ့ပြသသင့်သလဲ?
ရာသီစက်ဝန်း ၃ခုထက်ကျော်၍ရာသီမပေါ်သူများ
ရာသီစက်ဝန်းတစ်ခုနဲ့တစ်ခုကြား ၂၁ရက်ထက်နည်းသူများ သို့မဟုတ် ၃၅ ရက်ထက်များသူများ
ရာသီပေါ်သောရက် ၇ရက်ထက်ကြာသူများ
ရာသီပေါ်ချိန်တွင် အလွန်အမင်းကိုက်ခဲမှုခံစားရသူများ
ရာသီသွေးပမာဏ အလွန်အမင်းများသူများ
(လစဉ်သုံးပစ္စည်းကို ၂-၃နာရီတစ်ခါလဲလှယ်နေရခြင်း၊ရာသီသွေးထဲတွင်သွေးခဲများပါခြင်း)
မိန်းမကိုယ်မှအနံ့နံသောအရည်များဆင်းခြင်း
သွေးဆုံးပြီးနောက်ရာသီသွေးပြန်ပေါ်သူများ
Tampons အသုံးပြုသူတွေမှာဖြစ်တတ်တဲ့ Toxic Shock Syndrome
(သွေးတွင်းရောဂါပိုးဝင်ရောက်တဲ့ရောဂါလက္ခဏာတွေဖြစ်တဲ့ဖျားခြင်း၊သတိလစ်ခြင်း၊အော့အန်ခြင်း၊ဝမ်းလျှောခြင်းခေါင်းမူးခြင်း)စတဲ့လက္ခဏာများ ခံစားရပါက ဆရာဝန်ထံသွားရောက်ပြသပြီးစစ်ဆေးကုသမှု ခံယူသင့်ပါတယ်။
Dr.Phyu
Photo credit - News Medical