
【အလှအပနှင့်ကျန်းမာရေး】နာတာရှည်ကျော်ကပ်ရောဂါ
ကျောက်ကပ်ဆိုတာကတော့လူ့ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကို
ဖယ်ရှားပေးတဲ့ အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။
ကျောက်ကပ်ရဲ့လုပ်ငန်းတွေကိုပုံမှန်မလုပ်ဆောင်နိုင်တဲ့အခါ ခန္ဓာကိုယ်အတွင်းအဆိပ်အတောက်များ၊သတ္တုဓါတ်များ၊ ရေဓါတ်များစုပုံလာပြီးကျောက်ကပ်ပျက်စီးခြင်း၊ကျောက်ကပ်ရောဂါခံစားရတာဖြစ်ပါတယ်။
ဘာကြောင့်ကျောက်ကပ်ပျက်စီးခြင်း၊နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်ရတာပါလဲ?
နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းအမျိုးမျိုးရှိပြီး
- ဆီးချိုရောဂါ နှင့်
- သွေးတိုးရောဂါကြောင့်
ကျောက်ကပ်ပျက်စီးခြင်းဖြစ်တာပိုများပါတယ်။
အခြားသောနာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့
- ကျောက်ကပ်ရောင်ရမ်းခြင်း
- ကျောက်ကပ်တွင်အရည်အိတ်များဖြစ်ခြင်း
- ဆီးကျိတ်၊ဆီးကျောက်၊နှင့်ကင်ဆာ၊အလုံးအကျိတ်များကြောင့် ဆီးလမ်းကြောင်းကြာရှည်စွာပိတ်ဆို့ခြင်း
- မကြာခဏဆီးပိုးဝင်ခြင်း
- Vesicoureteric Reflux လို့ခေါ်တဲ့ ဆီးနောက်ပြန်စီးဆင်းခြင်းဖြစ်စေသောရောဂါ
- SLE (အရေပြားလေးဖက်နာ) နှင့် အခြားသော ကိုယ်ခံအားစနစ်ချို့ယွင်းမှုကြောင့်ဖြစ်သောရောဂါများကြောင့် ကျောက်ကပ်ပျက်စီးခြင်း
- ကျောက်ကပ်ထိခိုက်စေသောဆေးဝါးများသုံးစွဲခြင်း စတာတွေကြောင့် နာတာရှည်ကျောက်ကပ်ရောဂါခံစားရစေနိုင်ပါတယ်။
နာတာရှည်ကျောက်ကပ်ရောဂါကြောင့်ခံစားရနိုင်တဲ့ရောဂါလက္ခဏာတွေကတော့
- မောပန်းနွမ်းနယ်ခြင်း
- ပျို့အန်ခြင်း
- ဆီးမကြာခဏသွားခြင်း
- ဆီးထဲတွင်သွေးပါခြင်း၊ဆီးထဲတွင် အနည်များပါခြင်း၊ဆီးအမြှုပ်ထခြင်း
- အစားအသောက်ပျက်ခြင်း
- လက်နှင့်ခြေထောက်များဖောခြင်း၊မျက်လုံးများမို့လာခြင်း
- အသားအရေခြောက်ခြင်း၊အရေပြားအရောင်ညစ်ခြင်း
- မကြာခဏကြွက်တက်ခြင်း
- ညအိပ်မပျော်ခြင်း
- အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း
- သွေးပေါင်တက်ခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
နာတာရှည်ကျောက်ကပ်ရောဂါကြောင့် ခံစားရနိုင်တဲ့နောက်ဆက်တွဲရောဂါတွေကတော့
- ခန္ဓာကိုယ်တွင်ရေဓါတ်များစုပုံလာခြင်းကြောင့် ဖောရောင်ခြင်း
- သွေးအားနည်းခြင်း
- သွေးတွင်းပိုတက်ဆီယမ်ဓါတ်များခြင်းကြောင့် နှလုံးထိခိုက်ခြင်း
- သွေးတွင်းဖော့စဖောရက်ဓါတ်များခြင်း
- အရိုးကျိုးလွယ်ခြင်း
- ကိုယ်ခံအားနည်းခြင်းကြောင့်ရောဂါပိုးဝင်လွယ်ခြင်း
- လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကျဆင်းခြင်းစတဲ့ နောက်ဆက်တွဲရောဂါတွေခံစားရနိုင်ပါတယ်။
နာတာရှည်ကျောက်ကပ်ရောဂါကိုဘယ်လိုကုသမလဲ?
နာတာရှည်ကျောက်ကပ်ရောဂါကိုရောဂါအခြေအနေပေါ်မူတည်၍
- ဆေးဝါးများဖြင့်ကုသခြင်း
- ကျောက်ကပ်ဆေးခြင်း
- ကျောက်ကပ်အစားထိုးခြင်း စတဲ့နည်းလမ်းများနဲ့ကုသနိုင်ပါတယ်။
နာတာရှည်ကျောက်ကပ်ရောဂါမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ?
- သွေးတိုးရောဂါ၊ဆီးချိုရောဂါရှိသူများအနေနဲ့ မိမိရဲ့သွေးပေါင်၊ သွေးတွင်းသကြားဓါတ်ကိုပုံမှန်အတွင်းထိန်းသိမ်းဖို့လိုပါတယ်။
- ဆရာဝန်ညွှန်ကြားချက်မရှိဘဲဆေးဝါးများသောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။
- ဆေးလိပ်သောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။
- ကိုယ်အလေးချိန်ကိုပုံမှန်အတွင်းရောက်အောင်ထိန်းသိမ်းပါ။
- အာဟာရမျှတအောင်စားသောက်ပါ။
- ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်ပြုလုပ်ပါ။
ကျောက်ကပ်ရောဂါခံစားနေရသူတွေအနေနဲ့
- ဆရာဝန်ညွှန်ကြားချက်အတိုင်းရေပမာဏကို ကန့်သတ်သောက်သုံးဖို့လိုပါတယ်။
- အစားအသောက်ကိုလည်းဆရာဝန်ညွှန်ကြားချက်အတိုင်း စားသောက်ဖို့လိုပါတယ်။
- အငန်၊နှင့်ပိုတက်ဆီယမ်များလွန်းသော စားစရာများကို ရှောင်ကြဉ်ဖို့လိုပါတယ်။
- ဆရာဝန်နဲ့ပုံမှန်ပြသပြီး မိမိကျောက်ကပ်အခြေအနေကို စစ်ဆေးနေဖို့လိုပါတယ်။
Dr. Phyu
Photo credit -gettyimages