【 နည်းပညာ 】 Samsung မိတ်ဆက်သွားမယ့် AI နည်းပညာနဲ့ ရေခဲသေတ္တာ

【 နည်းပညာ 】 Samsung မိတ်ဆက်သွားမယ့် AI နည်းပညာနဲ့ ရေခဲသေတ္တာ

ဆိုးလ်၊ ဒီဇင်ဘာ - ၂၉

ဉာဏ်ရည်တု (AI) နည်းပညာဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်လက်တိုးတက်လျက်ရှိနေရာမှာ အခုတော့ ကျနော်တို့ နေ့စဉ်အသုံးပြုတဲ့ မီးဖိုချောင်ထဲက အိမ်သုံးပစ္စည်းတွေအထိကို လွှမ်းမိုးလာခဲ့ပါပြီ။

ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung ကတော့ AI နည်းပညာနဲ့ မောင်းနှင်ထားတဲ့ စမတ်ရေခဲသေတ္တာ ထုတ်ကုန်ကို CES 2024 နည်းပညာပြပွဲမှာ မိတ်ဆက်သွားဖို့ရှိနေပါတယ်။

2024 Bespoke 4-Door Flex လို့ အမည်ပေးထားတဲ့ စမတ်ရေခဲသေတ္တာဟာ AI နည်းပညာပေါင်းစပ်မှုနဲ့အတူ အရင်က ကျနော်တို့မမြင်ဖူးတဲ့ စွမ်းဆောင်ရည်တွေကို လုပ်ဆောင်ပေးလာနိုင်ဖို့ရှိနေပါတယ်။မျိုးဆက်သစ် ရေခဲသေတ္တာမှာ အစားအစာတွေကို အမျိုးအစားခွဲခြားသိမြင်နိုင်ဖို့ AI စနစ် ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ဒါ့အပြင် အစားအစာတွေ ရက်လွန်ပြီး ပုပ်သိုးမသွားစေဖို့အတွက်ကိုလည်း ရေခဲသေတ္တာက သတိပေးသွားမှာဖြစ်တဲ့အပြင်၊ ရေခဲသေတ္တာထဲ သိမ်းဆည်းထားတဲ့ အစားအစာပါဝင်ပစ္စည်းတွေကို အခြေခံပြီး ဟင်းချက်နည်းတွေကိုလည်း အက်ပလီကေးရှင်းကနေတစ်ဆင့် အကြံပြုပေးသွားမှာလည်းဖြစ်ပါတယ်။

ရေခဲသေတ္တာမှာ ၃၂ လက်မအရွယ် ထိတွေ့မျက်နှာပြင်လည်း ပါဝင်မှာဖြစ်သလို၊ TikTok နဲ့ YouTube ကဲ့သို့ ဗီဒီယိုပလက်ဖောင်းတွေကိုလည်း ကြည့်ရှုနိုင်မှာပါ။ Samsung Health အက်ပ်နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး၊ အက်ပ်ကနေတစ်ဆင့် သုံးစွဲသူရဲ့ အစားအသောက်လိုအပ်ချက်တွေကိုလည်း စိတ်ကြိုက်ပြင်ဆင်ပေးနိုင်မှာလည်းဖြစ်ပါတယ်။

လာ့စ်ဗေးဂက်စ်မှာ ဇန်နဝါရီ ၉ ရက်နေ့ကနေ စတင်ကျင်းပမယ့် CES 2024 နည်းပညာပြပွဲမှာတော့ Samsung ကုမ္ပဏီက စမတ်ရေခဲသေတ္တာအပြင် AI နည်းပညာနဲ့ မောင်းနှင်ထားတဲ့ အိမ်သုံးပစ္စည်းတွေကို မိတ်ဆက်ပြသသွားမှာဖြစ်ပါတယ်။

Damien
Ref - newsbytesapp