【 နည်းပညာ 】 ‘လ’ ပတ်လမ်းကြောင်းအတွင်းသို့ စမ်းသပ်ဂြိုဟ်တုနှစ်စင်းကို လွှတ်တင်ရန် တရုတ်စီစဉ်လျက်ရှိ

【 နည်းပညာ 】 ‘လ’ ပတ်လမ်းကြောင်းအတွင်းသို့ စမ်းသပ်ဂြိုဟ်တုနှစ်စင်းကို လွှတ်တင်ရန် တရုတ်စီစဉ်လျက်ရှိ

ပေကျင်း၊ ဖေဖော်ဝါရီ - ၁၁
 
တရုတ်နိုင်ငံက ‘လ’ ပတ်လမ်းကြောင်းအတွင်းသို့ စမ်းသပ်ဂြိုဟ်တုနှစ်စင်းကို လွှတ်တင်သွားဖို့ စီစဉ်လျက်ရှိကြောင်း CMG သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။
 
‘လ’ နဲ့ ကမ္ဘာအကြား ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို တည်ထောင်နိုင်ဖို့ တရုတ်က ကြိုးစားလျက်ရှိရာမှာ စမ်းသပ်ဆဲ ဂြိုဟ်တုနှစ်စင်းကို လွှတ်တင်ရန်စီစဉ်မှု ခြေလှမ်းဟာလည်း အရေးပါလျက်ရှိပါတယ်။
 
တရုတ်ရဲ့ Deep Space Exploration Laboratory (DSEL) က စမ်းသပ်ဂြိုဟ်တုနှစ်စင်းကို ‘လ’ ပတ်လမ်း ကြောင်းထဲ လွှတ်တင်သွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ် စနေနေ့က တရားဝင် ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။အမြွှာဂြိုဟ်တုလို့ဆိုရမယ့် ဂြိုဟ်တုနှစ်စင်းကိုတော့ Tiandu-1 နဲ့ Tiandu-2 လို့ အမည်ပေးထား ကြောင်း DSEL ဆိုပြီး၊ မြင့်မားတဲ့ အချက်ပြထုတ်လွှင့်မှုတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းပြုလုပ်ခြင်းတို့လို တာဝန်တွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
အဆိုပါဂြိုဟ်တုနှစ်စင်းကို ပင်မဆက်သွယ်ရေးဂြိုဟ်တုအဖြစ် တာဝန်ထမ်းဆောင်မယ့် Queqiao-2 ဂြိုဟ်တုနဲ့အတူ တွဲဖက်လွှတ်တင်သွားမှာဖြစ်တယ်လို့လည်း DSEL မှ Tiandu ဂြိုဟ်တုလွှတ်တင်ရေးပရောဂျက် ခေါင်းဆောင် ချန်ရှောင်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
 
“ပတ်လမ်းကြောင်းအတွင်း ဂြိုဟ်တုနှစ်စင်းဟာ တိကျတဲ့ ‘လ’ ကမ္ဘာ ပတ်လမ်းကြောင်းဆိုင်ရာ တိုင်းတာ မှုတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အနာဂတ်မှာ ‘လ’ ကမ္ဘာပေါ် အခြေစိုက်စခန်း တည်ထောင်သွားနိုင်ဖို့အတွက်ကိုလည်း အခြေခံအုတ်မြစ်တွေကို ပံ့ပိုးပေးသွားနိုင်မှာဖြစ်ပါတယ်” လို့လည်း ချန်ရှောင်က ဆက် လက်ပြောကြားခဲ့ပါတယ်။
 
တရုတ်နိုင်ငံက Queqiao-2 ဆက်သွယ်ရေးဂြိုဟ်တုနဲ့ အမြွှာဂြိုဟ်တုတွေဖြစ်တဲ့ Tiandu-1 နဲ့ Tiandu-2 တို့ကို ယခုနှစ် ပထမနှစ်ဝက်အတွင်းမှာ လွှတ်တင်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
 
Damien
Ref - CMG