【 နည်းပညာ 】 ၂၀၂၄ ခုနှစ်အတွင်း အာကာသယာဉ် လွှတ်တင်မှု စံချိန်တင်ရန် တရုတ်နိုင်ငံ မျှော်လင့်

【 နည်းပညာ 】 ၂၀၂၄ ခုနှစ်အတွင်း  အာကာသယာဉ် လွှတ်တင်မှု စံချိန်တင်ရန် တရုတ်နိုင်ငံ မျှော်လင့်

ပေကျင်း၊ ဇန်နဝါရီ - ၂၂

တရုတ်နိုင်ငံဟာ ၎င်းရဲ့ အာကာသစူးစမ်းလေ့လာမှုတွေကို အရှိန်မြင့်လုပ်ဆောင်လျက်ရှိနေတာကြောင့် ယခု ၂၀၂၄ ခုနှစ်အတွင်းမှာ အာကာသယာဉ်အများအပြားကို လွှတ်တင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဇန်နဝါရီလအတွင်းမှာပဲ တရုတ်ဟာ Kuaizhou-1A ဒုံးပျံနဲ့ ကမ္ဘာ့အကြီးဆုံး Gravity-1 ဒုံးပျံတို့ကို လွှတ်တင်ခဲ့ပြီး၊ Tianzhou-7 ကုန်တင်အာကာသယာဉ်ကိုလည်း ၎င်းရဲ့ အာကာစစခန်းမှာ တပ်ဆင်ခဲ့ကာ ဒေါင်လိုက် ဆင်းသက်နိုင်တဲ့ ဒုံးပျံယာဉ်စနစ်ကို စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ကုန်တင်အာကာသယာဉ်နှစ်စင်းနဲ့ လူလိုက်ပါတဲ့ အာကာသယာဉ်နှစ်စင်းတို့ကိုလည်း လွှတ်တင်သွားဖို့ တရုတ်က စီစဉ်လျက်ရှိပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ အဓိကမစ်ရှင်တစ်ခုလို့ဆိုရမယ့် ‘လ’ကမ္ဘာ စူးစမ်းလေ့လာရေးမစ်ရှင်အတွက် Chang'e-6 အမည်ရ ‘လ’ ဆင်းယာဉ်ကိုလည်း ဝမ်ချမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှာ စမ်းသပ်မှုတွေ လုပ်ဆောင်လျက်ရှိနေပြီး၊ ယခုနှစ် ပထမနှစ်ဝက်မှာပဲ အဆိုပါမစ်ရှင်ကို လွှတ်တင်ကာ ‘လ’ ရဲ့ ဝေးကွာတဲ့ အစွန်းဘက်ဆီသို့ ဆင်းသက်လေ့လာဖို့ စီစဉ်ထားပါတယ်။

တရုတ်ရဲ့ ပထမဆုံး စီးပွားဖြစ် အာကာသယာဉ် ပျံသန်းမှုကိုလည်း ဟိုင်နန်ပြည်နယ်အတွင်းရှိ ဝမ်ချမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာကနေ လုပ်ဆောင်သွားဖို့လည်းရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကျင်းပခဲ့တဲ့ ဗဟိုစီးပွားရေးလုပ်ငန်းညီလာခံမှာ စီးပွားရေးဆိုင်ရာ အာကာသယာဉ်ကဲ့သို့ မဟာဗျူဟာမြောက် ထွန်းသစ်စစက်မှုလုပ်ငန်းအများအပြားကို တည်ဆောက်သွားရန် အဆိုပြုခဲ့ပါတယ်။ဒီအတွက်ကြောင့် တရုတ်နိုင်ငံရဲ့ စီးပွားဖြစ် အာကာသလုပ်ငန်းဟာ ၂၀၂၄ ခုနှစ်အတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Damien
Ref - CMG