【 နည်းပညာ 】 လ’ ပတ်လမ်းကြောင်းထဲ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ပြီဖြစ်တဲ့ ဂျပန်အာကာသယာဉ်

【 နည်းပညာ 】 လ’ ပတ်လမ်းကြောင်းထဲ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ပြီဖြစ်တဲ့ ဂျပန်အာကာသယာဉ်

တိုကျို၊ ဒီဇင်ဘာ - ၂၇

ဂျပန်နိုင်ငံကနေ လွှတ်တင်ထားတဲ့ SLIM အမည်ရ စက်ရုပ်အာကာသယာဉ်ဟာ ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ ‘လ’ ပတ်လမ်းကြောင်းထဲ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

နောက်တစ်ဆင့်အနေနဲ့ကတော့ အာကာသယာဉ် SLIM ဟာ ‘လ’ ပေါ်ကို ဆင်းသက်ခြေချနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ဂျပန်ဘက်ကတော့ လာမယ့်နှစ်သစ် ဇန်နဝါရီ ၁၉ ရက်နေ့မှာ ‘လ’ ပေါ်ကို စတင်ဆင်းသက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ SLIM ရဲ့ ‘လ’ ပေါ် ဆင်းသက်မှု အောင်မြင်ခဲ့ရင်တော့ ဂျပန်နိုင်ငံဟာ ‘လ’ ပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်တဲ့ ငါးခုမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားဖို့ရှိနေပါတယ်။

ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (JAXA) က “လက်ရှိမှာ SLIM ဟာ စီစဉ်ထားတဲ့အတိုင်း ‘လ’ ပတ်လမ်းကြောင်းမှာ တည်ရှိနေပြီး၊ အာကာယာဉ်ဟာလည်း ပုံမှန်အခြေအနေမှာ တည်ရှိနေတယ်လို့ဆိုကာ မကြာမီမှာ ဆင်းသက်ဖို့ ပြင်ဆင်သွားမှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်ဟာ XRISM အာကာသကြည့်မှန်ပြောင်းနဲ့အတူ SILM အာကာသယာဉ်ကို H-2A ဒုံးပျံယာဉ်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက Tanegashima အာကာသစင်တာကနေ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

အာရှတိုက်အတွင်း ‘လ’ ပေါ်သို့ အာကာသယာဉ်တွေ ဆင်းသက်ပြီး စူးစမ်းလေ့လာမှုတွေ လုပ်ဆောင်နေရာမှာ တရုတ်နိုင်ငံ ရှေ့တန်းရောက်နေသလို၊ အိန္ဒိယနိုင်ငံကလည်း ၎င်းရဲ့ Chandrayaan-3 မစ်ရှင်နဲ့ ‘လ’ ပေါ် ဆင်းသက်နိုင်တဲ့ လေးနိုင်ငံမြောက်အဖြစ် မှတ်တမ်းဝင်ထားခဲ့တဲ့အပြင်၊ ဂျပန်နိုင်ငံကပါ ‘လ’ ပေါ် ဆင်းသက်နိုင်ဖို့ ကြိုးပမ်းလာတာကြောင့် အနာဂတ်မှာ အင်အားကြီးနိုင်ငံတွေရဲ့ ‘လ’ ကို လေ့လာမှုဟာ ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ရှိနေပါတယ်။

Damien
Ref - spacenews