【 နည်းပညာ 】 နယူးမက္ကဆီကိုမှာ တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းက အသားစား ဒိုင်နိုင်ဆောမျိုးစိတ်သစ်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေ ဆို

【 နည်းပညာ 】 နယူးမက္ကဆီကိုမှာ တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းက အသားစား ဒိုင်နိုင်ဆောမျိုးစိတ်သစ်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေ ဆို

နယူးမက္ကဆီကို၊ ဇန်နဝါရီ - ၁၄
 
လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ်က အမေရိကန် ပြည်နယ် နယူးမက္ကဆီကို တောင်ပိုင်းမှာ တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို ယနေ့ခေတ် သိပ္ပံပညာရှင်တွေက ခေတ်မီနည်းပညာတွေနဲ့ လေ့လာခဲ့ကြပါတယ်။
 
ထိုသို့ လေ့လာခဲ့ရာမှာ အဆိုပါကျောက်ဖြစ်ရုပ်ကြွင်းဟာ ကမ္ဘာပေါ်ကနေ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ဒိုင်နိုဆောသတ္တဝါတွေထဲက အသားစားတဲ့ တိုင်ရန်နိုဆောရပ်စ် (Tyrannosaurus) မျိုးစိတ်သစ်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆခဲ့ကြပါတယ်။
 
ယခင်က သိပ္ပံပညာရှင်တွေဟာ ကျောက်ဖြစ်ရုပ်ကြွင်းကို Tyrannosaurus rex ဒိုင်နိုဆောဖြစ်တယ်လို့ သတ်မှတ်ခဲ့ပေမယ့် ခေတ်မီနည်းပညာတွေနဲ့ လေ့လာပြီးချိန်မှာတော့ Tyrannosaurus mcraeensis လို့ အမည်သစ်ပေးထားပြီး Tyrannosaurus rex မျိုးစိတ်မတိုင်မီ နှစ်သန်းပေါင်းများစွာကတည်းက ကမ္ဘာကြီးပေါ်မှာ နေထိုင်ခဲ့တဲ့ အရွယ်အစားကြီးမားတဲ့ ဒိုင်နိုဆောမျိုးစိတ်သစ်ဖြစ်တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
 
ဒိုင်နိုဆော သတ္တဝါတွေကို ၁၉၀၅ ခုနှစ်က ကမ္ဘာကို စတင်ဖော်ပြပြီးကတည်းက Tyrannosaurus မျိုးစိတ်မှာ T.rex မျိုးစိတ်တစ်ခုတည်းသာရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ယခုနောက်ဆုံး လေ့လာတွေ့ရှိမှုကတော့ Tyrannosaurus မျိုးစိတ်မှာ မျိုးစိတ်သစ်ထပ်မံထွက်ပေါ်လာတယ်လို့ ယူဆရတော့မှာဖြစ်ပါတယ်။
 
“ကျောက်ဖြစ်ရုပ်ကြွင်းကို လေ့လာကြည့်တဲ့အခါ T.rex နဲ့ မတူညီတဲ့ အချက်တွေကို တွေ့ရတယ်၊ အောက်မေးရိုးက ပိုတိမ်ပြီး နောက်ဘက်ကို ပိုကွေးနေတယ်၊ မျက်လုံးရဲ့ အထက်မှာလည်း ဦးချိုတွေပါဝင်နေတယ်၊ ကျနော်တို့သိပြီးသား T.rex တွေနဲ့ ကွာခြားပါတယ်” လို့ အင်္ဂလန်နိုင်ငံမှ သုတေသီ နစ်ခ် လောင်းရစ်ချ်က ပြောကြားခဲ့ပါတယ်။
 
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းခန့်က ကြီးမားတဲ့ ဂြိုဟ်သိမ်တစ်ခုဟာ ကမ္ဘာကြီးကို ဝင်ရောက်တိုက်မိခဲ့တာကြောင့် ဒိုင်နိုဆော သတ္တဝါတွေအားလုံး မျိုးသုဉ်းပျောက်ကွယ်ခဲ့ရတာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကတော့ ထိုဖြစ်ရပ်မတိုင်ခင် နှစ်သန်းပေါင်းများစွာကတည်းက ဒိုင်နိုဆောတွေဟာ ကမ္ဘာကြီးမှာ နေထိုင်ကျက်စားခဲ့ကြတယ်လို့ ယူဆထားပါတယ်။
 
Damien
Ref – Thehindu