【 နည်းပညာ 】 တရုတ်နိုင်ငံရဲ့ ‘လ’ အခြေစိုက်စခန်း စီမံကိန်း ပမာဏခြေလှမ်းတွင် ထိုင်းနိုင်ငံ ပူးပေါင်းပါဝင်လာ

【 နည်းပညာ 】 တရုတ်နိုင်ငံရဲ့ ‘လ’ အခြေစိုက်စခန်း စီမံကိန်း ပမာဏခြေလှမ်းတွင် ထိုင်းနိုင်ငံ ပူးပေါင်းပါဝင်လာ

ပေကျင်း၊ ဧပြီ - ၈

တရုတ်နိုင်ငံ ဦးဆောင်တဲ့ နိုင်ငံတကာ ‘လ’ ကမ္ဘာ သုတေသနစခန်း (ILRS) စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ထိုင်းနိုင်ငံက လက်မှတ်ရေးထိုးခဲ့တယ်လို့ Space News သတင်းအရ သိရပါတယ်။

‘လ’ ကမ္ဘာပေါ် အခြေစိုက်စခန်း တည်ဆောက်မယ့် စီမံကိန်းမှာ ကမ္ဘာ့နိုင်ငံတွေ ပူးပေါင်းပါဝင်ဖို့ တရုတ်နိုင်ငံက ဖိတ်ခေါ်ထားလျက်ရှိရာမှာ ယခုလို အာဆီယံဒေသတွင်းမှ ထိုင်းနိုင်ငံ ပူးပေါင်းပါဝင်လာတာဖြစ်ပါတယ်။

နားလည်မှုစာချွန်လွှာကို ဧပြီ ၅ ရက်နေ့က တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲရေး (CNSA) ရဲ့ လက်ထောက်စီမံခန့်ခွဲညွှန်ကြားရေးမှူး Xu Zhanbin နဲ့ ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့  တီထွင်ဆန်းသစ်မှု (MHESI) ရဲ့ အမြဲတမ်းအတွင်းဝန် Permsuk Sutchaphiwat တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တရုတ်နဲ့ ထိုင်းနိုင်ငံအကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးနောက် “တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ILRS စီမံကိန်းရဲ့ သရုပ်ပြမှု၊ ပရောဂျက် အကောင်အထည်ဖော်မှု၊ လည်ပတ်မှုနဲ့ အသုံးချမှုများအတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် သိပ္ပံ၊ အင်ဂျင်နီယာနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သုတေသနပြုရန် ကျွမ်းကျင်သူအဖွဲ့များကို စုစည်းကာ ပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ်တစ်ရပ်ကို ဖွဲ့စည်းသွားမှာဖြစ်ပါတယ်” လို့ CNSA က ပြောကြားခဲ့ပါတယ်။

တရုတ်ဦးဆောင်တဲ့ နိုင်ငံတကာ ‘လ’ ကမ္ဘာ သုတေသနစခန်း (ILRS) စီမံကိန်းအတွင်း ထိုင်းနိုင်ငံဟာ ၉ နိုင်ငံမြောက် ပါဝင်သူဖြစ်လာခဲ့ပါတယ်။

အဆိုပါစီမံကိန်းကို ၂၀၂၁ ခုနှစ်တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ တရုတ်နဲ့ ရုရှားတို့က တရားဝင်ကြေညာခဲ့ပါတယ်။ထို့နောက် ၂၀၂၃ ခုနှစ်အတွင်း ဗင်နီဇွဲလား၊ ပါကစ္စတန်၊ အဇာဘိုင်ဂျန်၊ ဘီလာရုစ်၊ တောင်အာဖရိကနဲ့ အီဂျစ်တို့က စီမံကိန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Damien
Ref - spacenews