【 နည်းပညာ 】 ဂျပန်နိုင်ငံ၏ ‘လ’ ဆင်းယာဉ်တွင် ဓာတ်အားပြတ်တောက်မှုပြဿနာ ကြုံတွေ့လျက်ရှိ

【 နည်းပညာ 】 ဂျပန်နိုင်ငံ၏ ‘လ’ ဆင်းယာဉ်တွင် ဓာတ်အားပြတ်တောက်မှုပြဿနာ ကြုံတွေ့လျက်ရှိ

တိုကျို၊ ဇန်နဝါရီ - ၂၁
 
ဂျပန်နိုင်ငံဟာ စနေနေ့မှာ ‘လ’ ပေါ်သို့ ပဉ္စမမြောက် ‘လ’ ဆင်းယာဉ် ဆင်းသက်နိုင်တဲ့ နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
 
ဒါပေမဲ့ ‘လ’ ဆင်းယာဉ်မှာတော့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
 
Smart Lander for Investigating Moon (SLIM) လို့ အမည်ပေးထားတဲ့ ‘လ’ ဆင်းယာဉ်ဟာ ‘လ’ ကမ္ဘာပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပေမယ့် ၎င်းယာဉ်က နေရောင်ခြည်စွမ်းအင် စုဆောင်းတဲ့ ဆိုလာပြားတွေဟာ လျှပ်စစ်ဓာတ်အား ထုတ်မပေးနိုင်တော့တာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ (JAXA) က ပြောပါတယ်။
 
‘လ’ ကမ္ဘာပေါ်မှာ နေရောင်ခြည်ကျရောက်တဲ့ နေရာ ပြောင်းလဲနေတာကြောင့် SLIM ‘လ’ ဆင်းယာဉ်မှာ ဆိုလာပြားတွေ အလုပ်မလုပ်နိုင်တော့တာဖြစ်နိုင်တယ်လို့ ယူဆပြီး၊ လက်ရှိအချိန်မှာတော့ အရန်ဘထ္ထရီတွေက ဓာတ်အားထုတ်လွှတ်ပေးလျက်ရှိကာ နေရောင်ခြည် ကျရောက်မှု နေရာအပြောင်းအရွှေ့ဟာ ‘လ’ ဆင်းယာဉ်ကို ဓာတ်အားပြန်လည်ရရှိစေပြီး၊ သတ်မှတ်လုပ်ငန်းဆောင်တာတွေကို ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း JAXA ရဲ့ သုတေသနဌာန အကြီးအကဲဖြစ်သူ ဟီတိုရှီ ကုနီနာကာ-က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
 
ကုနီနာကာ-က “လပေါ်မှာ နေရောင်ခြည်ကျရောက်မှု နေရာပြောင်းလဲဖို့အတွက်က ရက်ပေါင်း ၃၀ ခန့် ကြာမြင့်နိုင်ပါတယ်၊ နေရာပြောင်းလဲသွားတာနဲ့ နေရောင်ခြည်က ယာဉ်ရဲ့ ဆိုလာပြားကို စွမ်းအင်ရရှိစေလိမ့်မယ်၊ ‘လ’ ပေါ်ကို ဆင်းသက်မှုက အောင်မြင်ပါတယ်၊ ယာဉ်ကို စစ်ဆေးဖို့ အချိန်တစ်လလောက်တော့ အချိန်ယူရလိမ့်မယ်” လို့ ဆက်ပြောပါတယ်။
 
ဂျပန်နိုင်ငံက SLIM ‘လ’ ဆင်းယာဉ်အနေနဲ့ ‘လ’ ကမ္ဘာရဲ့ ဇစ်မြစ်ကို ခွဲခြမ်းစိပ်ဖြာရာမှာ ကျောက်တုံး နမူနာတွေနဲ့ ကူညီပေးနိုင်မယ်လိူ့ မျှော်လင့်ထားပါတယ်။
 
ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေဟာ ‘လ’ ကမ္ဘာကို လေ့လာဖို့ အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိရာမှာ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ရဲ့ ‘လ’ ဆင်းယာဉ်တွေဟာ ‘လ’ ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး၊ အမေရိကန်နိုင်ငံရဲ့ နှစ် ၅၀ အတွင်း ပထမဆုံး ‘လ’ ဆင်းယာဉ် လွှတ်တင်မှု မစ်ရှင်ကတော့ ပေါက်ကွဲပျက်စီးသွားပြီး မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။
 
Damien
Ref - CMG