【 နည်းပညာ 】 ကျင့်ဝတ်လိုက်နာမယ့် (AI) မော်ဒယ်လ်တွေ တည်ဆောက်မယ်လို့ နည်းပညာကုမ္ပဏီကြီးတွေ ကတိပြု

【 နည်းပညာ 】 ကျင့်ဝတ်လိုက်နာမယ့် (AI) မော်ဒယ်လ်တွေ တည်ဆောက်မယ်လို့ နည်းပညာကုမ္ပဏီကြီးတွေ ကတိပြု

ပေကျင်း၊ ဖေဖော်ဝါရီ - ၁၂
 
Microsoft နဲ့ Lenovo တို့ အပါအဝင် အထင်ကရ နည်းပညာကုမ္ပဏီကြီးရှစ်ခုဟာ ကျင့်ဝတ်တွေကို ပိုမိုလေးစားလိုက်နာမယ့် ဉာဏ်ရည်တု (AI) စက်ရုပ်မော်ဒယ်လ်တွေကို ကုလသမဂ္ဂ မူဘောင်နဲ့အညီ တည်ဆောက်သွားမှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက် တနင်္လာနေ့က ကတိပြုခဲ့ကြတယ်လို့ CMG သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။
 
ဆလိုဗေးနီယားနိုင်ငံ၊ ခရန့်ဂျ်မြို့တွင် ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) ရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာဖိုရမ်တွင် AI ကျင့်ဝတ်ဆိုင်ရာနဲ့ပတ်သက်ပြီး နည်းပညာ ကုမ္ပဏီကြီး (၈) ခုဖြစ်တဲ့ GSMA ၊ INNIT ၊ Lenovo Group ၊ LG AI Research ၊ Mastercard ၊ Microsoft ၊ Salesforce နဲ့ Telefonica တို့ဟာ သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။
 
“ယခုလှုပ်ရှားမှုဟာ ကမ္ဘာလုံးဆိုင်ရာ နည်းပညာကုမ္ပဏီတွေထံက ခိုင်မာတဲ့ ကတိကဝတ်တွေကိုရယူတဲ့ နောက်ထပ်အဓိကခြေလှမ်းတစ်ခုဖြစ်တယ်” လို့ UNESCO ရဲ့ ညွှန်ကြား‌ရေးမှူးချုပ် အော်ဒရီ အဇူလေက ပြောကြားခဲ့ပါတယ်။
 
လက်ရှိအချိန်မှာ ဉာဏ်ရည်တု (AI) နည်းပညာဟာ အရှိန်အဟုန်မြင့်မားစွာနဲ့ အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာနေတာကြောင့် လူသားတွေဟာ AI ကို ဥပဒေတွေနဲ့ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာနေတာလည်းဖြစ်ပါတယ်။
 
သဘောတူညီချက်များတွင် နည်းပညာကုမ္ပဏီကြီးများအနေနဲ့ ၎င်းတို့ရဲ့ AI မော်ဒယ်လ်၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဝယ်ယူမှုနဲ့ ရောင်းချမှု အစရှိတဲ့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ လူ့အခွင့်အရေးအာမခံချက်တွေကို အပြည့်အဝလိုက်နာဖို့ လိုအပ်မှာဖြစ်ပြီး၊ ပြည်တွင်းဥပဒေများနဲ့အညီ AI ရဲ့ ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်ဖို့ လုံခြုံရေးစံနှုန်းတွေ ပြည့်မီစေဖို့ကိုလည်း တွန်းအားပေးထားပါတယ်။
 
UNESCO ရဲ့ နှစ်ရက်ကြာ ဖိုရမ်ကို နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရေးနဲ့ သုတေသနအဖွဲ့အစည်းများ၊ NGO တွေနဲ့ စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ် ၆၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
 
Damien
Ref - CMG