【 သရော်စာ 】 "လော်ရာသီ……"

【  သရော်စာ   】  "လော်ရာသီ……"


 
''တွီ..တွီ..ဂွီ..ဂွီ..ဟဲလို..တက်စတီ…ဟဲလို..အဟမ်း.အဟမ်း…ဂွီ..တွီ''

အလို..ဘာပါလိမ့်။

ညက စာရေးသည်မှာ ညဉ့်နက်သဖြင့် အိပ်ရာဝင်နောက်ကျခဲ့သည်။ဟော့..အခု မနက်စောစော အိမ်ရှေ့နားမှ တဂွီဂွီအသံတွေ ထွက်လာ၏။

''ငွေရောင်ဖြန်းတဲ့ နှင်းစက်လေးလို လန်းတယ်..လန်းတယ်..အိုး..အို''

ဟ….ဘာလဲဟ။

အိပ်ရာက ကမန်းကတန်းထပြီး အိမ်ရှေ့ထွက်ကြည့်လိုက်သည်။ဟော့…ဟုတ်ပေသား။နှစ်လရာသီ အခါအလီလီပြောင်းပေမယ့် လော်ရာသီ ဓလေ့ကိုတော့ ကြောက်လှပါသည်ဆိုပြီး ဒေါ်မေလှမြိုင် သီချင်းကို စာသားပြောင်းပြီး ရှိုက်ကြီးတငင်ငင်ဖြင့် ငိုချင်းချချင်စိတ် ပေါက်သွား၏။

အိမ်ရှေ့တွင် လော်ကြီး တစ်လော်။

ဆံပင်စုတ်ပွား၊ ပါးကွက်ကြား၊ ခါးချည့်ဖင်လိမ်၊ မျက်တွင်းတိမ် လူတစ်စုသည် ယောဂီဝတ်ကိုယ်စီကို ဆင်မြန်းပြီး ဖလားဝါဝါကို ပိုက်ကာ ဘုရားဒကာဆိုက် ဖမ်းလျက် ကျွန်တော့်အိမ်ရှေ့ ဟန်ရေးပြနေကြသည်။

သူတို့ပုံစံကြည့်ရုံနှင့် ဒါ တကယ့် သာသနာရေးတက်ကြွလှုပ်ရှားသူ အစစ်တွေမဟုတ်ဘဲ လော်ရာသီ၏ လော်မားကက်တင်းအဖွဲ့ကြီးမှန်း သိသာလှ၏။

လော်ရာသီ ရောက်ပြီဆိုသည့် အသိဝင်သည့်နှင့် ကျွန်တော့် စိတ်ဓာတ်များ ဟုတ်ခနဲ ထိုးစိုက်ကျသွားသည်။ကျွန်တော်တင်မဟုတ်။အိမ်ရှေ့တွင် ငုတ်တုတ်ကလေးထိုင်ကာ လော်တပ်ဖွဲ့ကြီး၏ ဂွီဂွီဂေါ်ဂေါ်သံကို မှိုင်တွေငေးမောနေရှာသည့် ကျွန်တော့်အမေနှင့် ဇနီးသည်ကို ပါ တွေ့လိုက်ရသေးသည်။
 
ကျွန်တော်တို့ ရပ်ကွက်သည် နည်းနည်းချောင်ကျပြီး လူရှင်းသဖြင့် လော်သမားတို့ မနက်ခင်း လုပ်ငန်းခွင်ဝင်ရန် စုရပ်လာလုပ်ထားပုံရသည်။အသံချဲ့စက်ဆရာက ဆိုက်ကားပေါ်တင်လာသော အသံချဲ့စက်ကို တဂွီဂွီ ချိန်လိုက်၊ သီချင်းတစ်ပုဒ် စမ်းဖွင့်လိုက် လုပ်သည့်အခါ ဖလားကိုယ်စီပိုက်ထားသော လော်မလေးများ၊ လော်အဒေါ်ကြီးများက တခွိခွိရယ်လိုက် စကားတွေအော်ပြောလိုက်ဖြင့်။အိပ်မှုန်စုံမွှားဖြင့် မကြည်မလင်ထလာသော မိခင်ကြီးမှာ သူ့သားဖြစ်သူ ကျွန်တော်၏ အခြေအနေကို စိုးရိမ်သည်ထင်။

''သားရယ်..သွားမပြောပါနဲ့..သူတို့က ဘာသာရေးအတွက် လုပ်နေတာဆိုတော့လည်း''

တကယ်လည်း..ဒီကိစ္စကို သွားပြောဖို့ မပြောနှင့် အခုလို စာထဲ ထည့်ရေးရသည်ကပင် တော်တော်ဂွကျသည့် ကိစ္စ။

မသိလျင် မြတ်စွာဘုရားရှင်က ငါဘုရား၏ သာသနာတော်ကို ပရိပတ္တိ၊ ပရိယတ္တိ၊ ပရိဝေဒ သာသနာတို့အပြင် ပရိလော်စပီကာဖြင့် စောင့်ရှောက်ကြလော့ဟု ဟောခဲ့ကြသည့်အတိုင်း။ဘာသာရေးနှင့် လော်သည် ခွဲမရအောင် ဖြစ်နေသည်။အလှူအတန်းရက်ရောသော နိုင်ငံကြီး ဟူသော ဂုဏ်ပုဒ်နှင့်အညီ ရပ်ကွက်မှန်လျင် အလှူခံမဏ္ဍပ် ရှိရမည်။မီးပွိုင့်မှန်လျင် ဖလားပိုက်အလှူခံကလေးတွေ ရှိရမည်။အခုလည်း ကျွန်တော့်အိမ်ရှေ့ မြင်ကွင်းကို ရှု့လောမိတ်ဆွေ။

အိမ်ရှေ့တွင် တဂွီဂွီတဂေါ်ဂေါ် လုပ်ရင်း လော်စမ်းနေသည်က အတော်ကြာပြီ။ဖလားပိုက် အမျိုးသမီးတွေကလည်း ကြွက်စီကြွက်စီနှင့် အတင်းတွေတုပ်နေကြသည်။နိဗ္ဗာန်ဆော် မိုက်စမ်းသည့် ဆရာကြီး၊ စက်ဆရာ တို့ ပုံကလည်း တစ်ခုခုကို မျှော်နေသလိုမျိုး။

မကြာပါ။

စတစ်ကော်လံအဖြူကို လက်ခေါက်တင်ထားပြီး ပလေကပ်ပုဆိုးဝတ်ထားသည့် ပုဂ္ဂိုလ်တစ်ယောက် ရောက်လာပါသည်။သူ့ကိုမြင်မှ မိုက်ကိုင်ဆရာကြီးနှင့်် စက်ဆရာ၏ မျက်နှာမှာ ဝင်းပသွား၏။ပလေကပ်ကိုယ်တော်က ခါးကြားမှ ရေသန့်ဘူးလေးကို ထုတ်လိုက်သည်။ရေသန့်ဗူးဆိုသော်ငြား အထဲမှ အရည်များကတော့ ရွှေအိုရောင်ကလေးတွေ မှည့်ထနေသည်။ရိုးရိုးရေတော့ မဟုတ်တန်ရာ။မိုက်ကိုင်ဆရာကြီးသည် ခေါင်းဆောင်ဖြစ်သည့်အားလျော်စွာ ရေသန့်ဗူးကိုဖွင့်ပြီး တဂွတ်ဂွတ်မော့သည်။ပြီးတော့ တံတွေးကို ပက်ခနဲထွေးလိုက်သည်။စက်ဆရာလေးထံ ကမ်းသည်။စက်ဆရာလေးက တဂွတ် ဂွတ်သည်။ပလေကပ်ဆရာကြီးထံ ပို့သည်။ပလေကပ်ကြီး နှစ်မော့လောက်မော့သည်။"ရှီးယား'' ဆိုသည့် ပုလင်းမော့ပြီး ခါးတွင်းရှင်းသည့် အာလုတ်သံကြီးကိုပင် ကျွန်တော့်အိမ်မှ ကြားနေရသည်။မဆီမဆိုင် အောင်လအန်ဆိုင်းကြီး၏ လိုင်းယွန်အားဖြည့် အချိုရည်နဲံဆို ဘာမဆိုဖြစ်နိုင်တယ်ဆိုသည့် အသံကြီးကို သွားသတိရသေးသည်။သူတို့ကတော့ ရေသန့်ဗူးထဲက အားဖြည့်အရည်နဲ့ဆို မြောက်ဝင်ရိုးစွန်းအထိ အလှူခံထွက်နိုင်သည် ဆိုသည့် အထာမျိုး။ကျန်သည့် ရေသန့်ဗူးတစ်ဝက်ကို ဆိုက်ကားခုံနှင့် လော်ကြီးကြားတွင် ညှပ်ထားလိုက်၏။ထို့နောက်တွင်တော့ ပလေကပ်ဆရာသည် ဆိုက်ကားကို စတွန်းဖို့ ပုဆိုးကို ပြင်ဝတ်သည်။စက်ဆရာက ဖွင့်လက်စ မနောသီချင်းကို ပိတ်လိုက်သည်။ငွေရောင်နှင်းစက်ကလေးတွေ ရပ်သွားတော့ မိုက်ဆရာကြီး သွေးရောင်လွှမ်းကာ နီမြန်းနေသော သူ့မျက်နှာကြီးနား မိုက်ကိုတိုးပြီး လည်ချောင်းရှင်းလိုက်သည်။ဆိုက်ကားစတွန်းသည်နှင့် လော်မလေး၊ လော်မကြီးများက သူတို့လက်ထဲမှ ကျောက်ခဲထည့်ထားသော ဖလားများကို တဂျောက်ဂျောက်စခေါက်ကာ လမ်းလျှောက်တော့သည်။

''အဟမ်း..အဟမ်း…ရပ်ကွက်အတွင်းရှိ သာသနာအနွယ်ဝင် သူတော်စင်အပေါင်းတို့ခင်ဗျား…ကျွန်တော်များရဲ့..အလှူခံအဖွဲ့ဟာ နိဗ္ဗာန်အကျိုးကို မျှော်ကိုးပြီး ရောက်ရှိလို့လာပါပြီ''

''ဂျောက်…ဂျောက်..ဂျောက်..ဂျောက်''

အိမ်ရှေ့က တွန်းလှည်းကြီး ဖြတ်သွားသည်အထိ သူတို့ကို ကျွန်တော် ရီဝေစွာ လိုက်ငေးမိပါသည်။ဆွေးပါသည်။ကြေကွဲပါသည်။

ကျွန်တော့်အမေနှင့် ဇနီးမှာလည်း သီပေါမင်း ပါတော်မူတုန်းက ဂေါဝိန်ဆိပ်မှာ ငုတ်တုတ်ကလေး ထိုင်ကြည့်နေသည့် မျက်နှာပေးကိုယ်စီနှင့်။

တစ်လျှောက်လုံး နှိပ်စက်နေသည့် မြန်မာဘုရင်တော့လစ်သွားပြီး။နောက်ထပ် အင်္ဂလိပ်ဘုရင်က ဘာတွေ ထပ်ဆော်ဦးမလဲဆိုသည့် ပုံစံကလေးတွေနှင့်။

အဘယ့်ကြောင့်ဆိုသော်….ယခုကား လော်ရာသီ အစ ပင် ရှိသေး၏။နောက်လ နောက်လများတွင် ……လော်စပီကာရော၊ ဆောင်းဘောက်စ်ရော ညံနေအောင်ဖွင့်ပြီး မိန်းမလိုဝတ်ကာ ကသည့်သူများ၊ ပုံစံမျိုးစုံဝတ်ကာ ကသည့်သူများနှင့် ဘာသာရေးအောင်ပွဲအမည်ခံ ရွေ့လျှား ဒစ္စကိုကလပ်များ လာကြတော့မည်။

အိပ်ရာက နိုးလာသည့်အတူတူ ကျွန်တော်လည်း ဆက်မအိပ်တော့ပဲ…ငုတ်တုတ်ထိုင်လျက်နှင့်ပင် စဉ်းစားမိ၏။အားအားလျားလျား ထိုင်နေခြင်းဟုတော့ မထင်ပါနှင့် မိတ်ဆွေ။လော်များ ပေါများခြင်းမှ အမိမြန်မာနိုင်ငံတော်ကြီးအတွက် ကောင်းကျိုးဖြစ်အောင် ကျွန်တော်ထိုင်တွေးနေခြင်း ဖြစ်ပါသည်။

တစ်ရေးနိုးသော်အကြံပေါ် ဆိုသည့်အတိုင်း လော်တွေလည်း အဆင်ပြေသလို မြန်မာပြည်ကြီးလည်း အဆင်ပြေမည့် နည်းလမ်းတစ်ခုကို ကျွန်တော် သွားတွေ့သည်။အခြားမဟုတ်။ကမ္ဘာပေါ်တွင် အမေရိကန်နှင့် အဆင်ပြေသည့် နိုင်ငံအတော်များများမှာ စီးပွားရေးမှ အစအရာရာ အဆင်ပြေသည်ကို တွေ့ရသည်။ကျွန်တော်တို့နိုင်ငံသည် အခြေအနေ အကြောင်းတွေကြောင့် အမေရိကန်နှင့် အဆင်မပြေ။အမေရိကန်နှင့် အဆင်ပြေမည့်နည်းတစ်ခုကို လော်အကြောင်းပြုပြီး ကျွန်တော်စဉ်းစားမိသည်။

အမေရိကန်တွင် အကြမ်းဖက်သမား အကျဉ်းသားများကိုထားသည့် ဂွာတာနာမို ဆိုသည့် အကျဉ်းစခန်းရှိသည်။ဟိုတလောက သတင်းတစ်ပုဒ်တွင် အကြမ်းဖက်သမားများအား ထိုအကျဉ်းစခန်းများတွင် သီချင်းများ အဆက်မပြတ်ဖွင့်ထားခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ကလူပြုကြသည်ဟူသတဲ့။သီချင်းသံများကို အဆက်မပြတ်ကြားနေရခြင်းကြောင့် အကျဉ်းသားများမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး ရူးနှမ်းနှမ်းဖြစ်ကုန်ကြသည်ဟု ဖတ်ရသည်။ထိုကိစ္စသည် လူသားချင်း မစာနာသည့်ပြဿနာဟု သတင်းတွေက ရေးသည်။ဂွာတာနာမို အကျဉ်းစခန်းနှင့် ပတ်သက်ပြီးလည်း ပိတ်သိမ်းပစ်ရန်အတွက် ဖိအားတွေ ပေးခံနေရလေပြီ။

ထိုသို့ အမေရိကန်အတွက် အခက်ကို မြန်မာ့အချက် ဖြစ်အောင်လုပ်လျင် အဆင်ပြေနိုင်သည်။အမေရိကန်နှင့် ညှိနှိုင်းပြီး သူတို့ဆီမှ အကြမ်းဖက်သမား အကျဉ်းသားများကို လော်ရာသီဖြစ်သည့် ရှစ်လလောက် အကျဉ်းသား အငှားလက်ခံပေးထားမည်။ထိုအတွက် နဂိုကပင် ကြပ်သိပ်နေသည့် မြန်မာ့အကျဉ်းထောင်များထဲ ထည့်ရန်လည်းမလို။ထောင်အသစ် ဆောက်ရန်လည်း မလို။အကျဉ်းသား နှစ်ယောက်စီတိုင်းကို မြန်မာနိုင်ငံရှိ ရပ်ကွက်အသီးသီးမှ အလှူခံမဏ္ဍပ်များတွင် ကြိုးတုပ်ပြီး ထိုင်ခိုင်းထားခြင်းဖြင့် အဆင်ပြေသည်။အချို့ကိုကျတော့ နယ်လှည့်လော်အလှူခံလှည်းများ၊ ကားများ၊ ဆိုက်ကားများပေါ်တွင် ကြိုးတုပ်ခေါ်သွားလို့ရသည်။

ဂွာတာနာမိုတွင် အကျဉ်းသားများအား သီချင်းဖြင့် နှိပ်စက်သည်က ဟစ်ဟော့၊ မက်တယ် အစရှိသည့် သီချင်းများဟု သိရသည်။မြန်မာပြည်ရှိ လော်မဏ္ဍပ်များတွင်တော့ ထိုထက် ဂီတအမျိုးအစား စုံသည်။အလှူခံနှင့်မဆိုင်သည့် အိုးမိုင်တ..အိုင်းမိုင်တ ဆိုသည့် ဒစ္စကိုသီချင်းမျိုးလည်းဖွင့်သည်။အိုပါ ဂန်းနားစတိုင်လ်လည်း ပါသည်။ဗိုလ်အောင်ဒင်လည်း ပါသည်။စစ်တောင်းတံတားကြီး လှမ်းမျှော်ကြည့်ကာ ငိုသည့်သီချင်းလည်း ပါသည်။

ထိုသို့လုပ်သဖြင့် လူသားချင်းမစာနာဟု နိုင်ငံတကာက လာပြောလျင် ''အများအကျိုးအတွက် ဆောင်ရွက်နေ..ပရဟိတလုပ်ငန်းတွေ..သြော်..ပရဟိတအကျိုးတော်ဆောင်ကြီးလေ'' ဆိုသည့် သီချင်းကို လော်တစ်ရာလောက်နှင့် ဖွင့်ပြပြီး ဘာသာပြန်ပြလိုက်ရုံပင်။

''အကြမ်းဖက်သမားကြီးတွေကို ပရဟိတလုပ်ငန်းတွေထဲ တတပ်တအား ပါဝင်ခိုင်းနေတာပါ'' ဟု ဆိုလိုက်လျင် ပွဲကပြတ်ပြီ။

အမေရိကန်ကိုလည်း အကျဉ်းသား အငှားလာချထားသည့်အတွက် ဒေါ်လာသန်းချီ တောင်းလို့ရသည်။ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်လို့ရသည်။

နောက်နောင် အမေရိကန်က ဖမ်းမိသည့် အကြမ်းဖက်သမားများကို မြန်မာပြည်မှ လော်ရာသီသို့ ပို့မည်စိုးသဖြင့် အိုက်အက်စ်အဖွဲ့ပင် အပြီးတိုင်ဖျက်သိမ်းသွားနိုင်လောက်၏။

ကဲ..အစိုးရမင်းများ။

ကျွန်တော့် အကြံမနိပ်ချေဘူးလား။

ဒီလော်ရာသီ မကုန်ခင်လေး…အမေရိကန်နဲ့ ညှိကြည့်ဖို့ စဉ်းစားတော့နော်။
 

ဗြိတိသျှကိုကိုမောင်
နိုဝင်ဘာ - ၄

 
 (  Zawgyi  )
 
''တြီ..တြီ..ဂြီ..ဂြီ..ဟဲလို..တက္စတီ…ဟဲလို..အဟမ္း.အဟမ္း…ဂြီ..တြီ''
 
အလို..ဘာပါလိမ့္။
 
ညက စာေရးသည္မွာ ညဥ့္နက္သျဖင့္ အိပ္ရာ၀င္ေနာက္က်ခဲ့သည္။ေဟာ့..အခု မနက္ေစာေစာ အိမ္ေရွ႕နားမွ တဂီြဂြီအသံေတြ ထြက္လာ၏။
 
''ေငြေရာင္ျဖန္းတဲ့ နွင္းစက္ေလးလို လန္းတယ္..လန္းတယ္..အိုး..အို''
 
ဟ….ဘာလဲဟ။
 
အိပ္ရာက ကမန္းကတန္းထၿပီး အိမ္ေရွ႕ထြက္ၾကည့္လိုက္သည္။ေဟာ့…ဟုတ္ေပသား။နွစ္လရာသီ အခါအလီလီေျပာင္းေပမယ့္ ေလာ္ရာသီ ဓေလ့ကိုေတာ့ ေၾကာက္လွပါသည္ဆိုၿပီး ေဒၚေမလွၿမိဳင္ သီခ်င္းကို စာသားေျပာင္းၿပီး ရိႈက္ႀကီးတငင္ငင္ျဖင့္ ငိုခ်င္းခ်ခ်င္စိတ္ ေပါက္သြား၏။
 
အိမ္ေရွ႕တြင္ ေလာ္ႀကီး တစ္ေလာ္။
 
ဆံပင္စုတ္ပြား၊ ပါးကြက္ၾကား၊ ခါးခ်ည့္ဖင္လိမ္၊ မ်က္တြင္းတိိမ္ လူတစ္စုသည္ ေယာဂီ၀တ္ကိုယ္စီကို ဆင္ျမန္းၿပီး ဖလား၀ါ၀ါကို ပိုက္ကာ ဘုရားဒကာဆိုက္ ဖမ္းလ်က္ ကြ်န္ေတာ့္အိမ္ေရွ႕ ဟန္ေရးျပေနၾကသည္။
 
သူတို႕ပံုစံၾကည့္ရံုႏွင့္ ဒါ တကယ့္ သာသနာေရးတက္ၾကြလႈပ္ရွားသူ အစစ္ေတြမဟုတ္ဘဲ ေလာ္ရာသီ၏ ေလာ္မားကက္တင္းအဖြဲ႕ႀကီးမွန္း သိသာလွ၏။
 
ေလာ္ရာသီ ေရာက္ၿပီဆိုသည့္ အသိ၀င္သည့္နွင့္ ကြ်န္ေတာ့္ စိတ္ဓာတ္မ်ား ဟုတ္ခနဲ ထိုးစိုက္က်သြားသည္။ကြ်န္ေတာ္တင္မဟုတ္။အိမ္ေရွ႕တြင္ ငုတ္တုတ္ကေလးထိုင္ကာ ေလာ္တပ္ဖြဲ႕ႀကီး၏ ဂြီဂြီေဂၚေဂၚသံကို မႈိင္ေတြေငးေမာေနရွာသည့္ ကြ်န္ေတာ့္အေမႏွင့္ ဇနီးသည္ကို ပါ ေတြ႕လိုက္ရေသးသည္။
 
ကြ်န္ေတာ္တို႔ ရပ္ကြက္သည္ နည္းနည္းေခ်ာင္က်ၿပီး လူရွင္းသျဖင့္ ေလာ္သမားတို႔ မနက္ခင္း လုပ္္ငန္းခြင္၀င္ရန္ စုရပ္လာလုပ္ထားပံုရသည္။အသံခ်ဲ႕စက္ဆရာက ဆိုက္ကားေပၚတင္လာေသာ အသံခ်ဲ႕စက္ကို တဂြီဂြီ ခ်ိန္လိုက္၊ သီခ်င္းတစ္ပုဒ္ စမ္းဖြင့္လိုက္ လုပ္သည့္အခါ ဖလားကိုယ္စီပိုက္ထားေသာ ေလာ္မေလးမ်ား၊ ေလာ္အေဒၚႀကီးမ်ားက တခြိခြိရယ္လိုက္ စကားေတြေအာ္ေျပာလိုက္ျဖင့္။အိပ္မႈန္စံုမႊားျဖင့္ မၾကည္မလင္ထလာေသာ မိခင္ႀကီးမွာ သူ႕သားျဖစ္သူ ကြ်န္ေတာ္၏ အေျခအေနကို စိုးရိမ္သည္ထင္။
 
''သားရယ္..သြားမေျပာပါနဲ႕..သူတို႔က ဘာသာေရးအတြက္ လုပ္ေနတာဆိုေတာ့လည္း''
 
တကယ္လည္း..ဒီကိစၥကို သြားေျပာဖုိ႔ မေျပာနွင့္ အခုလို စာထဲ ထည့္ေရးရသည္ကပင္ ေတာ္ေတာ္ဂြက်သည့္ ကိစၥ။
 
မသိလ်င္ ျမတ္စြာဘုရားရွင္က ငါဘုရား၏ သာသနာေတာ္ကို ပရိပတၱိ၊ ပရိယတၱိ၊ ပရိေ၀ဒ သာသနာတို႔အျပင္ ပရိေလာ္စပီကာျဖင့္ ေစာင့္ေရွာက္ၾကေလာ့ဟု ေဟာခဲ့ၾကသည့္အတိုင္း။ဘာသာေရးနွင့္ ေလာ္သည္ ခြဲမရေအာင္ ျဖစ္ေနသည္။အလွဴအတန္းရက္ေရာေသာ နိုင္ငံႀကီး ဟူေသာ ဂုဏ္ပုဒ္နွင့္အညီ ရပ္ကြက္မွန္လ်င္ အလွဴခံမ႑ပ္ ရွိရမည္။မီးပြိဳင့္မွန္လ်င္ ဖလားပိုက္အလွဴခံကေလးေတြ ရွိရမည္။အခုလည္း ကြ်န္ေတာ့္အိမ္ေရွ႕ ျမင္ကြင္းကို ရႈ႕ေလာမိတ္ေဆြ။
 
အိမ္ေရွ႕တြင္ တဂြီဂြီတေဂၚေဂၚ လုပ္ရင္း ေလာ္စမ္းေနသည္က အေတာ္ၾကာၿပီ။ဖလားပိုက္ အမ်ိဳးသမီးေတြကလည္း ၾကြက္စီၾကြက္စီနွင့္ အတင္းေတြတုပ္ေနၾကသည္။နိဗၺာန္ေဆာ္ မိုက္စမ္းသည့္ ဆရာႀကီး၊ စက္ဆရာ တို႔ ပံုကလည္း တစ္ခုခုကို ေမ်ွာ္ေနသလိုမ်ိဳး။
 
မၾကာပါ။
 
စတစ္ေကာ္လံအျဖဴကို လက္ေခါက္တင္ထားၿပီး ပေလကပ္ပုဆိုး၀တ္ထားသည့္ ပုဂၢိဳလ္တစ္ေယာက္ ေရာက္လာပါသည္။သူ႕ကုိျမင္မွ မိုက္ကိုင္ဆရာႀကီးနွင့္္ စက္ဆရာ၏ မ်က္နွာမွာ ၀င္းပသြား၏။ပေလကပ္ကိုယ္ေတာ္က ခါးၾကားမွ ေရသန္႔ဘူးေလးကို ထုတ္လုိက္သည္။ေရသန္႔ဗူးဆိုေသာ္ျငား အထဲမွ အရည္မ်ားကေတာ့ ေရႊအိုေရာင္ကေလးေတြ မွည့္ထေနသည္။ရိုးရိုးေရေတာ့ မဟုတ္တန္ရာ။မိုက္ကိုင္ဆရာႀကီးသည္ ေခါင္းေဆာင္ျဖစ္သည့္အားေလ်ာ္စြာ ေရသန္႔ဗူးကိုဖြင့္ၿပီး တဂြတ္ဂြတ္ေမာ့သည္။ၿပီးေတာ့ တံေတြးကို ပက္ခနဲေထြးလိုက္သည္။စက္ဆရာေလးထံ ကမ္းသည္။စက္ဆရာေလးက တဂြတ္ ဂြတ္သည္။ပေလကပ္ဆရာႀကီးထံ ပို႔သည္။ပေလကပ္ႀကီး နွစ္ေမာ့ေလာက္ေမာ့သည္။"ရွီးယား'' ဆိုသည့္ ပုလင္းေမာ့ၿပီး ခါးတြင္းရွင္းသည့္ အာလုတ္သံႀကီးကိုပင္ ကြ်န္ေတာ့္အိမ္မွ ၾကားေနရသည္။မဆီမဆိုင္ ေအာင္လအန္ဆိုင္းႀကီး၏ လိုင္းယြန္အားျဖည့္ အခ်ိဳရည္နဲံဆို ဘာမဆိုျဖစ္နိုင္တယ္ဆိုသည့္ အသံႀကီးကို သြားသတိရေသးသည္။သူတို႔ကေတာ့ ေရသန္႔ဗူးထဲက အားျဖည့္အရည္နဲ႔ဆို ေျမာက္၀င္ရိုးစြန္းအထိ အလွဴခံထြက္နိုင္သည္ ဆိုသည့္ အထာမ်ိဳး။က်န္သည့္ ေရသန္႔ဗူးတစ္၀က္ကို ဆိုက္ကားခံုနွင့္ ေလာ္ႀကီးၾကားတြင္ ညွပ္ထားလိုက္၏။ထို႔ေနာက္တြင္ေတာ့ ပေလကပ္ဆရာသည္ ဆိုက္ကားကို စတြန္းဖို႔ ပုဆိုးကို ျပင္၀တ္သည္။စက္ဆရာက ဖြင့္လက္စ မေနာသီခ်င္းကို ပိတ္လိုက္သည္။ေငြေရာင္နွင္းစက္ကေလးေတြ ရပ္သြားေတာ့ မိုက္ဆရာႀကီး ေသြးေရာင္လႊမ္းကာ နီျမန္းေနေသာ သူ႕မ်က္နွာႀကီးနား မိုက္ကိုတိုးၿပီး လည္ေခ်ာင္းရွင္းလိုက္သည္။ဆိုက္ကားစတြန္းသည္နွင့္ ေလာ္မေလး၊ ေလာ္မႀကီးမ်ားက သူတို႔လက္ထဲမွ ေက်ာက္ခဲထည့္ထားေသာ ဖလားမ်ားကို တေဂ်ာက္ေဂ်ာက္စေခါက္ကာ လမ္းေလ်ွာက္ေတာ့သည္။
 
''အဟမ္း..အဟမ္း…ရပ္ကြက္အတြင္းရွိ သာသနာအႏြယ္၀င္ သူေတာ္စင္အေပါင္းတို႔ခင္ဗ်ား…ကြ်န္ေတာ္မ်ားရဲ႕..အလွဴခံအဖြဲ႕ဟာ နိဗၺာန္အက်ိဳးကို ေမ်ွာ္ကိုးၿပီး ေရာက္ရွိလို႔လာပါၿပီ''
 
''ေဂ်ာက္…ေဂ်ာက္..ေဂ်ာက္..ေဂ်ာက္''
 
အိမ္ေရွ႕က တြန္းလွည္းႀကီး ျဖတ္သြားသည္အထိ သူတို႔ကို ကြ်န္ေတာ္ ရီေ၀စြာ လိုက္ေငးမိပါသည္။ေဆြးပါသည္။ေၾကကြဲပါသည္။
 
ကြ်န္ေတာ့္အေမနွင့္ ဇနီးမွာလည္း သီေပါမင္း ပါေတာ္မူတုန္းက ေဂါ၀ိန္ဆိပ္မွာ ငုတ္တုတ္ကေလး ထုိင္ၾကည့္ေနသည့္ မ်က္နွာေပးကိုယ္စီနွင့္။
 
တစ္ေလ်ွာက္လံုး နွိပ္စက္ေနသည့္ ျမန္မာဘုရင္ေတာ့လစ္သြားၿပီး။ေနာက္ထပ္ အဂၤလိပ္ဘုရင္က ဘာေတြ ထပ္ေဆာ္ဦးမလဲဆိုသည့္ ပံုစံကေလးေတြနွင့္။
 
အဘယ့္ေၾကာင့္ဆိုေသာ္….ယခုကား ေလာ္ရာသီ အစ ပင္ ရွိေသး၏။ေနာက္လ ေနာက္လမ်ားတြင္ ……ေလာ္စပီကာေရာ၊ ေဆာင္းေဘာက္စ္ေရာ ညံေနေအာင္ဖြင့္ၿပီး မိန္းမလို၀တ္ကာ ကသည့္သူမ်ား၊ ပံုစံမ်ိဳးစံု၀တ္ကာ ကသည့္သူမ်ားနွင့္ ဘာသာေရးေအာင္ပြဲအမည္ခံ ေရြ႕လ်ွား ဒစၥကိုကလပ္မ်ား လာၾကေတာ့မည္။
 
အိပ္ရာက နိုးလာသည့္အတူတူ ကြ်န္ေတာ္လည္း ဆက္မအိပ္ေတာ့ပဲ…ငုတ္တုတ္ထိုင္လ်က္နွင့္ပင္ စဥ္းစားမိ၏။အားအားလ်ားလ်ား ထိုင္ေနျခင္းဟုေတာ့ မထင္ပါနွင့္ မိတ္ေဆြ။ေလာ္မ်ား ေပါမ်ားျခင္းမွ အမိျမန္မာနိုင္ငံေတာ္ႀကီးအတြက္ ေကာင္းက်ိဳးျဖစ္ေအာင္ ကြ်န္ေတာ္ထိုင္ေတြးေနျခင္း ျဖစ္ပါသည္။
 
တစ္ေရးနိုးေသာ္အၾကံေပၚ ဆိုသည့္အတိုင္း ေလာ္ေတြလည္း အဆင္ေျပသလို ျမန္မာျပည္ႀကီးလည္း အဆင္ေျပမည့္ နည္းလမ္းတစ္ခုကို ကြ်န္ေတာ္ သြားေတြ႕သည္။အျခားမဟုတ္။ကမာၻေပၚတြင္ အေမရိကန္နွင့္ အဆင္ေျပသည့္ နိုင္ငံအေတာ္မ်ားမ်ားမွာ စီးပြားေရးမွ အစအရာရာ အဆင္ေျပသည္ကို ေတြ႕ရသည္။ကြ်န္ေတာ္တို႔နိုင္ငံသည္ အေျခအေန အေၾကာင္းေတြေၾကာင့္ အေမရိကန္နွင့္ အဆင္မေျပ။အေမရိကန္နွင့္ အဆင္ေျပမည့္နည္းတစ္ခုကို ေလာ္အေၾကာင္းျပဳၿပီး ကြ်န္ေတာ္စဥ္းစားမိသည္။
 
အေမရိကန္တြင္ အၾကမ္းဖက္သမား အက်ဥ္းသားမ်ားကိုထားသည့္ ဂြာတာနာမို ဆိုသည့္ အက်ဥ္းစခန္းရွိသည္။ဟိုတေလာက သတင္းတစ္ပုဒ္တြင္ အၾကမ္းဖက္သမားမ်ားအား ထိုအက်ဥ္းစခန္းမ်ားတြင္ သီခ်င္းမ်ား အဆက္မျပတ္ဖြင့္ထားျခင္းျဖင့္ စိတ္ပိုင္းဆိုင္ရာ ႏွိပ္စက္ကလူျပဳၾကသည္ဟူသတဲ့။သီခ်င္းသံမ်ားကို အဆက္မျပတ္ၾကားေနရျခင္းေၾကာင့္ အက်ဥ္းသားမ်ားမွာ စိတ္ပိုင္းဆိုင္ရာထိခိုက္ၿပီး ရူးႏွမ္းနွမ္းျဖစ္ကုန္ၾကသည္ဟု ဖတ္ရသည္။ထိုကိစၥသည္ လူသားခ်င္း မစာနာသည့္ျပႆနာဟု သတင္းေတြက ေရးသည္။ဂြာတာနာမို အက်ဥ္းစခန္းနွင့္ ပတ္သက္ၿပီးလည္း ပိတ္သိမ္းပစ္ရန္အတြက္ ဖိအားေတြ ေပးခံေနရေလၿပီ။
 
ထိုသို႔ အေမရိကန္အတြက္ အခက္ကို ျမန္မာ့အခ်က္ ျဖစ္ေအာင္လုပ္လ်င္ အဆင္ေျပနုိင္သည္။အေမရိကန္နွင့္ ညိွႏိႈင္းၿပီး သူတို႔ဆီမွ အၾကမ္းဖက္သမား အက်ဥ္းသားမ်ားကို ေလာ္ရာသီျဖစ္သည့္ ရွစ္လေလာက္ အက်ဥ္းသား အငွားလက္ခံေပးထားမည္။ထိုအတြက္ နဂိုကပင္ ၾကပ္သိပ္ေနသည့္ ျမန္မာ့အက်ဥ္းေထာင္မ်ားထဲ ထည့္ရန္လည္းမလို။ေထာင္အသစ္ ေဆာက္ရန္လည္း မလို။အက်ဥ္းသား နွစ္ေယာက္စီတိုင္းကို ျမန္မာနုိင္ငံရွိ ရပ္ကြက္အသီးသီးမွ အလွဴခံမ႑ပ္မ်ားတြင္ ႀကိဳးတုပ္ၿပီး ထိုင္ခိုင္းထားျခင္းျဖင့္ အဆင္ေျပသည္။အခ်ိဳ႕ကိုက်ေတာ့ နယ္လွည့္ေလာ္အလွဴခံလွည္းမ်ား၊ ကားမ်ား၊ ဆုိက္ကားမ်ားေပၚတြင္ ႀကိဳးတုပ္ေခၚသြားလို႔ရသည္။
 
ဂြာတာနာမိုတြင္ အက်ဥ္းသားမ်ားအား သီခ်င္းျဖင့္ နွိပ္စက္သည္က ဟစ္ေဟာ့၊ မက္တယ္ အစရွိသည့္ သီခ်င္းမ်ားဟု သိရသည္။ျမန္မာျပည္ရွိ ေလာ္မ႑ပ္မ်ားတြင္ေတာ့ ထိုထက္ ဂီတအမ်ိဳးအစား စံုသည္။အလွဴခံနွင့္မဆိုင္သည့္ အိုးမိုင္တ..အိုင္းမိုင္တ ဆိုသည့္ ဒစၥကိုသီခ်င္းမ်ိဳးလည္းဖြင့္သည္။အိုပါ ဂန္းနားစတိုင္လ္လည္း ပါသည္။ဗိုလ္ေအာင္ဒင္လည္း ပါသည္။စစ္ေတာင္းတံတားႀကီး လွမ္းေမ်ွာ္ၾကည့္ကာ ငိုသည့္သီခ်င္းလည္း ပါသည္။
 
ထိုသို႔လုပ္သျဖင့္ လူသားခ်င္းမစာနာဟု နိုင္ငံတကာက လာေျပာလ်င္ ''အမ်ားအက်ိဳးအတြက္ ေဆာင္ရြက္ေန..ပရဟိတလုပ္ငန္းေတြ..ေၾသာ္..ပရဟိတအက်ိဳးေတာ္ေဆာင္ႀကီးေလ'' ဆိုသည့္ သီခ်င္းကို ေလာ္တစ္ရာေလာက္နွင့္ ဖြင့္ျပၿပီး ဘာသာျပန္ျပလိုက္ရံုပင္။
 
''အၾကမ္းဖက္သမားႀကီးေတြကို ပရဟိတလုပ္ငန္းေတြထဲ တတပ္တအား ပါ၀င္ခိုင္းေနတာပါ'' ဟု ဆိုလိုက္လ်င္ ပြဲကျပတ္ၿပီ။
 
အေမရိကန္ကိုလည္း အက်ဥ္းသား အငွားလာခ်ထားသည့္အတြက္ ေဒၚလာသန္းခ်ီ ေတာင္းလို႔ရသည္။ခိုင္မာသည့္ မဟာမိတ္ဆက္ဆံေရး တည္ေဆာက္လို႔ရသည္။
 
ေနာက္ေနာင္ အေမရိကန္က ဖမ္းမိသည့္ အၾကမ္းဖက္သမားမ်ားကို ျမန္မာျပည္မွ ေလာ္ရာသီီသို႔ ပို႔မည္စိုးသျဖင့္ အိုက္အက္စ္အဖြဲ႕ပင္ အၿပီးတိုင္ဖ်က္သိမ္းသြားနိုင္ေလာက္၏။
 
ကဲ..အစိုးရမင္းမ်ား။
 
ကြ်န္ေတာ့္ အၾကံမနိပ္ေခ်ဘူးလား။
 
ဒီေလာ္ရာသီ မကုန္ခင္ေလး…အေမရိကန္နဲ႔ ညိွၾကည့္ဖို႔ စဥ္းစားေတာ့ေနာ္။
 
 
ၿဗိတိသ်ွကိုကိုေမာင္
ႏိုဝင္ဘာ - ၄