【 သရော်စာ 】" ကိုဗစ် နှင့် ဈေး၀ယ်ထွက်ခြင်း"

 【  သရော်စာ  】" ကိုဗစ် နှင့် ဈေး၀ယ်ထွက်ခြင်း"

ကိုဗစ်နိုင်တီးကြီး မြန်မာပြည်မှာ စတွေ့ပြီဆိုတော့ ကျွန်တော်နှင့် ဇနီးသည်တို့ အိမ်တွင် Stay Home  လိုက်ကြသည်။နဂိုကလည်း နေ့တိုင်းနီးပါးလောက် အိမ်ထဲနေ စာရေးနေသဖြင့် အခုမှ အိမ်ထဲအောင်းရတာ ကိစ္စသိပ်မရှိဟု ကျွန်တော်ထင်ခဲ့၏။
"တို့က အရင်ကလည်း အပြင်သိပ်ထွက်ကြတာမဟုတ်တော့..အဆင်ပြေမှာပါ" ဟုပင် မိန်းမကို ဖြောင့်ဖြလိုက်သေးသည်။
တစ်ရက်၊ နှစ်ရက်ကတော့ ကိစ္စမရှိ။
တပတ် နှစ်ပတ် ကြာတော့ ငါ အိမ်ထဲက မထွက်ရပါလားဆိုသည့် အသိကြီးက လူကို ခြောက်လှန့် လာသည်။
ချက်ကော့ဗ်၏ လူနာဆောင်အမှတ် ၆ ထဲမှ ဒေါက်တာရေဂင်ကြီး အဖြစ်ကိုပင် သတိရမိသွား သည်။

ထိုစာအုပ်ထဲတွင် စိတ္တဇဆေးရုံမှ ဆရာ၀န်ကြီး ဒေါက်တာရေဂင်က စိတ်ဝေဒနာသည်များကို ငါတို့လည်း မင်းတို့လို ဒီထဲအတူတူနေရတာပါပဲကွာ၊ အပြင်မှာနေလည်း ဘ၀က ဒါပါပဲ ဆိုသည့် သဘောသက်ရောက်သည့် ဒဿနများဖြင့် အမြဲတရားချသည်။
နောက် သူကိုယ်တိုင် လူနာအဖြစ် စိတ္တဇဆေးရုံထဲ ပိတ်လှောင်ခံရတော့မှ သွေးပျက်သွားသည့် အဖြစ်မျိုး။

အိမ်ထဲ ရိက္ခာတွေအပြည့်၊ တီဗီအစီအစဉ်တွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေ၊ စာအုပ်တွေ ရှိသော်ငြား လူကား နေမထိထိုင်မသာဖြစ်လာ၏။
ပင်လယ်ထဲ အနေများသော ဟိုးခေတ်သင်္ဘောသားများ မြေကြီးနှင့် ဝေးပြီး ပထဝီလွတ်ကုန်သည် ဆိုသည်စကားကို သဘောပေါက်သလို ရှိလာသည်။
အိမ်တွင်လည်း တချို့ ရိက္ခာများက ပြတ်သလို ရှိလာသဖြင့် အကြောင်းပြကာ အပြင်ထွက် ရတော့သည်။
အပြင်ကလူတွေ ဘယ်လိုနေကြသလဲပေါ့။
စစချင်း လမ်းထိပ်က ပုလင်းတွေ၊ ကော်တွေ၊ စက္ကူတွေ အဟောင်းအစုတ်၀ယ်သည့် ဆိုင် ။
"ဆိုင်ပိတ်သည်။ အပြင်လူမ၀င်ရ"
အယ်လဲ့၊ ကတ်ထူပြားပေါ် မီးသွေးခဲနှင့် ။
အထဲကြည့်ဝောာ့ ကိုယ့်ဆရာ ငါးယောက်က ဘီယာအနီဗူးလေးတွေ ကိုယ်စီနဲ့ လေပန်းလို့။

ဈေးလမ်းထဲ ရောက်ပြီ။
အရင်က စည်ကားမှုတွေ ဘယ်ရောက်ကုန်သည်မသိ။
ရောဂါပိုးရှိသူ တွေ့ထားသော လမ်းဖြစ်သဖြင့် အချို့နေရာများကို လော့ဒေါင်းချထားသည်။
သမဝါယမဆိုင်ခန်းဘေး လမ်းကြားထဲတွင် ပုဆိုးအုပ်ထားသော တစ်စုံတစ်ခုအ‌နောက်ကင်းပုန်း ၀တ်နေသည့် ဆံပင်ဖြူဖြူ ကို လှမ်းမြင်လိုက်ရသည်။
သေချာပြီ။ ကုန်စိမ်းရောင်းသည့် အဖွားခင်။
ကျွန်တော် ၀င်သွားတော့ အဖွားက မျက်နှာဖုံးကလေးကို ပါးစပ်မှ ချွတ်လိုက်သည်။
"ဘာယူမှာလဲ"
"ကန်စွန်းရွက်"
"တစ်စီး သုံးရာ"
"နှစ်စည်း"
မှောင်ခိုကုန်စိမ်းသည် ဘ၀ခေတ္တရောက်နေရှာသည့် အဖွားခင်က အုပ်ထားသော ပုဆိုးကို လှပ်ကာ ကန်းစွန်းရွက်နှစ်စည်း ထုတ်ပေး၏။

ဒီပုဆိုးကြီးက သူ့လင် အဘိုးကြီး ပုဆိုးလားမသိ ဟု တွေးမိလိုက်သည်။
ဪ..ဒီဗိုင်းရပ်စ်ကြောင့် ငါတို့မှာ အဖွားခင် လင် ရဲ့ ပုဆိုးအောက်က ကန်းစွန်းရွက် စားဖူး ရတယ်၊ အဘိုးကြီးကတော့ ရေမှန်မှန်ချိုးမှာပါ ဟုပင် ကြံဖန် အကောင်းတွေးကာ ‌ဖြေသိမ့်ရတော့ ၏။
လက်ဘက်ရည်ဆိုင်ရှေ့ ရောက်ပြီ။
ဆိုင်ရှေ့မှာ ဝါးလုံးတန်းကြီး ကာထား၏။
"ပါဆယ်သာ ရောင်းပါသည်"
အိမ်း ဒီလိုမှပေါ့။
ဒီလိုမှပေါ့ ပင် မဆုံးလိုက် လက်ဖက်ရည်ဆိုင်ဘေး ရထားသံလမ်းပေါ်တွင် လူတွေ ဟိုတစ်စု၊ ဒီတစ်စု။
ထိုင်လျက်ကော၊ ထလျက်ပါ စကားတွေ ဖောင်ဖွဲ့လို့။
လက်ထဲမှာ လည်း လက်ဖက်ရည်ခွက်လေး ကိုယ်စီနှင့်။
ဪ..ဟုတ်ရှာသား။ လက်ဖက်ရည်သမား မဟုတ်သော်ငြား မိဘတွေက လက်ဖက်ရည်ဆိုင် ဖွင့်ခဲ့ဖူးသည်မို့ လက်ဖက်ရည်သမားတွေအကြောင်း ကောင်းကောင်းသိသည်။
လက်ဖက်ရည်သောက်သည်ဆိုတာ ဂွပ်ခနဲမော့ ဝှစ်ခနဲ ပြန်လှည့်သွားလျှင် အဘယ်မှာ အရသာ ရှိအံ့နည်း။
ပါဆယ်စွဲပြီး အိမ်မှာ သောက်ရသည်ကလည်း ဘယ်မှာ ဖီလင်ရှိအံ့နည်း။
လက်ဖက်ရည်ဖီလင်ဆိုသည်မှာ ဆိုင်မှာထိုင်ရင်း၊ လမ်းမကို ငေးရင်း အကြိုက်တူ အပေါင်း အသင်း တွေနဲ့ အာလေးရိုက်ရင်းသောက်မှ ဇိမ်ကျသည် မဟုတ်လား။
အခုလို ကိုဗစ်ကြီး ကြောင့် လက်ဖက်ရည်ဆိုင်က ဆိုင်ထဲ ပေးမသောက်ရလဲ ဘာအရေးတုန်း။
ခွက်ကိုယ်စီကိုင်ပြီး ရထားလမ်းဘေး လေပန်းကြတော့သည်ကိုး။

လက်ဖက်ရည်သမားတွေ မြင်တော့ ဈေးရှေ့ ဘီအီးဆိုင်မှ ကိုယ့်ဘော်ဒါ ဇေချစ်သူတို့၊  ဂရန်းမောင်မောင်တို့၊ အာစီအာမီ တို့ အဖွဲ့တွေ ဘယ့်နှယ့်ရှိစဟု သိချင်လာမိသည်။
အချိန်ကား ဒုတိယမောနင်းပတ်ချိန်မဟုတ်လား။
ဈေးရုံကြီးထဲ မ၀င်သေးပဲ ဘီအီးဆိုင်ဘက် အသာ ပတ်လာမိသည်။
အောင်မယ်...ဘီအီးဆိုင် အ၀ ကို စားပွဲနှစ်လုံးဖြင့် ပိတ်ထားပြီး စားပွဲပေါ်တွင် ဇေ၊ ဂရန်းအမဲ၊ အာစီ အရက်မျိုးစုံပုလင်းများကို တင်ထား၏။
တခါသုံး ပလက်စတစ်ခွက်တွေကလည်း အထပ်လိုက်ထောင်လို့။
ပိုက်ဆံထည့်ရန် ပလက်စတစ်ခြင်းကလေးနှင့်။
ကိုယ့်ဆရာများက တစ်ယောက်သုံးပေ အကွာ တန်းစီပြီး စားပွဲရှေ့ရောက်သည်နှင့်
"မုတ်ဆိတ်ရေ...ဇေတစ်စိတ်ဟေ့"
ပိုက်ဆံကို ခြင်းထဲထည့်။
ပြီးလျင် ပိုက်ဆံခြင်းဘေးက ဟန်းဂျယ်ဖြင့် လက်ဆေး။
တခါသုံးခွက်ကိုယူ၊ ဇေပုလင်းထဲက အရက်တစ်စိတ်လောင်းထည့်၊ ပိုက်ဆံထည့်ထားသည့် လစ်မစ်ထက် ကျော်သွားလျှင် မုတ်ဆိတ်မိန်းမ မကေသီက လှမ်းအော်။
ခွက်အကြည်မို့ ဘယ်လောက်ထည့်လဲ မြင်နေရသည်ကိုး။
ဒါက မကေသီ၏ ကျွမ်းကျင်မှုစကေး။

အရက်ငှဲ့ပြီးပြီဆို
ဘေးမှာ ထားပေးသည့် ဆပ်ပြာရည်ဖြင့် လက်ပြန်ဆေး။
ရေသန့်ဗူးကြီးဘေးမှ ပလပ်စတစ်ခွက်ထဲ ရေထည့်။
ကိုင်ထားသည့် အရက်ခွက်ထဲ ရေလေးနည်းနည်းရော ဂွပ်ခနဲမော့။ပြီးရင် ရေကလေးနဲ့ ပလုပ်ကျင်း။
အဲ့ဒီအချိန်ဆို နောက်တစ်ယောက်က သူသောက်နေကျ အရက်ကို သူ့လစ်မစ်အတိုင်း ငှဲ့နေပြီ။
အလိုလေး..ကိုယ့်လူများ အရက်ကြောင့် သေမှာသာ မကြောက်တာ၊ ကိုဗစ်ဖြစ်ပြီး သေမှာတော့ ကြောက်ကြရှာသား။
ဆိုင်ပိုင်ရှင် မုတ်ဆိတ်လင်မယားကလည်း ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု နည်းစနစ်တွေက အလန်းစား။

ဈေးရုံထဲ၀င်တော့ သားငါးတန်းက ရှင်းလင်းနေသည်။
မြင်မြင်သမျှ ကြက်သားနဲ့ ကြက်ဥတွေချည်း။
ဪ..ကိုဗစ်ကာလ ကံဆိုးသည်မှာ ငါတို့လူတွေတင်မဟုတ်။
အလွယ်တကူမွေးလို့ရသည့် ကြက်တွေ ပါ ကံဆိုးရှာလေသည်တကားဟု မှတ်ယူမိတော့သည်။
"ရှစ်လုံးတစ်ထောင်၊ အရင်လို ရွေးယူလို့မရဘူး"
နှာခေါင်းစည်းအောက်မှ ကြက်ဥသည်မလေး၏ အမိန့်သံ။
နာခံစေသော်..မောင်မောင်ဗြိ။
ဪ..ကိုဗစ် ကိုဗစ်...ကြက်ဥသည်တွေပင် အာဏာရှင်ဖြစ်လာစေသည့် ကိုဗစ်ပါတကား။

                                                                        ဗြိတိသျှကိုကိုမောင်

(   Zawgyi   )

 ကိုဗစ္ႏိုင္တီးႀကီး ျမန္မာျပည္မွာ စေတြ႕ၿပီဆိုေတာ့ ကြၽန္ေတာ္ႏွင့္ ဇနီးသည္တို႔ အိမ္တြင္ Stay Home  လိုက္ၾကသည္။နဂိုကလည္း ေန႔တိုင္းနီးပါးေလာက္ အိမ္ထဲေန စာေရးေနသျဖင့္ အခုမွ အိမ္ထဲေအာင္းရတာ ကိစၥသိပ္မရွိဟု ကြၽန္ေတာ္ထင္ခဲ့၏။
"တို႔က အရင္ကလည္း အျပင္သိပ္ထြက္ၾကတာမဟုတ္ေတာ့..အဆင္ေျပမွာပါ" ဟုပင္ မိန္းမကို ေျဖာင့္ျဖလိုက္ေသးသည္။
တစ္ရက္၊ ႏွစ္ရက္ကေတာ့ ကိစၥမရွိ။
တပတ္ ႏွစ္ပတ္ ၾကာေတာ့ ငါ အိမ္ထဲက မထြက္ရပါလားဆိုသည့္ အသိႀကီးက လူကို ေျခာက္လွန႔္ လာသည္။
ခ်က္ေကာ့ဗ္၏ လူနာေဆာင္အမွတ္ ၆ ထဲမွ ေဒါက္တာေရဂင္ႀကီး အျဖစ္ကိုပင္ သတိရမိသြား သည္။

ထိုစာအုပ္ထဲတြင္ စိတၱဇေဆး႐ုံမွ ဆရာ၀န္ႀကီး ေဒါက္တာေရဂင္က စိတ္ေဝဒနာသည္မ်ားကို ငါတို႔လည္း မင္းတို႔လို ဒီထဲအတူတူေနရတာပါပဲကြာ၊ အျပင္မွာေနလည္း ဘ၀က ဒါပါပဲ ဆိုသည့္ သေဘာသက္ေရာက္သည့္ ဒႆနမ်ားျဖင့္ အၿမဲတရားခ်သည္။
ေနာက္ သူကိုယ္တိုင္ လူနာအျဖစ္ စိတၱဇေဆး႐ုံထဲ ပိတ္ေလွာင္ခံရေတာ့မွ ေသြးပ်က္သြားသည့္ အျဖစ္မ်ိဳး။

အိမ္ထဲ ရိကၡာေတြအျပည့္၊ တီဗီအစီအစဥ္ေတြ၊ ႐ုပ္ရွင္ဇာတ္လမ္းေတြ၊ စာအုပ္ေတြ ရွိေသာ္ျငား လူကား ေနမထိထိုင္မသာျဖစ္လာ၏။
ပင္လယ္ထဲ အေနမ်ားေသာ ဟိုးေခတ္သေဘၤာသားမ်ား ေျမႀကီးႏွင့္ ေဝးၿပီး ပထဝီလြတ္ကုန္သည္ ဆိုသည္စကားကို သေဘာေပါက္သလို ရွိလာသည္။
အိမ္တြင္လည္း တခ်ိဳ႕ ရိကၡာမ်ားက ျပတ္သလို ရွိလာသျဖင့္ အေၾကာင္းျပကာ အျပင္ထြက္ ရေတာ့သည္။
အျပင္ကလူေတြ ဘယ္လိုေနၾကသလဲေပါ့။
စစခ်င္း လမ္းထိပ္က ပုလင္းေတြ၊ ေကာ္ေတြ၊ စကၠဴေတြ အေဟာင္းအစုတ္၀ယ္သည့္ ဆိုင္ ။
"ဆိုင္ပိတ္သည္။ အျပင္လူမ၀င္ရ"
အယ္လဲ့၊ ကတ္ထူျပားေပၚ မီးေသြးခဲႏွင့္ ။
အထဲၾကည့္ေဝာာ့ ကိုယ့္ဆရာ ငါးေယာက္က ဘီယာအနီဗူးေလးေတြ ကိုယ္စီနဲ႔ ေလပန္းလို႔။

ေဈးလမ္းထဲ ေရာက္ၿပီ။
အရင္က စည္ကားမႈေတြ ဘယ္ေရာက္ကုန္သည္မသိ။
ေရာဂါပိုးရွိသူ ေတြ႕ထားေသာ လမ္းျဖစ္သျဖင့္ အခ်ိဳ႕ေနရာမ်ားကို ေလာ့ေဒါင္းခ်ထားသည္။
သမဝါယမဆိုင္ခန္းေဘး လမ္းၾကားထဲတြင္ ပုဆိုးအုပ္ထားေသာ တစ္စုံတစ္ခုအ‌ေနာက္ကင္းပုန္း ၀တ္ေနသည့္ ဆံပင္ျဖဴျဖဴ ကို လွမ္းျမင္လိုက္ရသည္။
ေသခ်ာၿပီ။ ကုန္စိမ္းေရာင္းသည့္ အဖြားခင္။
ကြၽန္ေတာ္ ၀င္သြားေတာ့ အဖြားက မ်က္ႏွာဖုံးကေလးကို ပါးစပ္မွ ခြၽတ္လိုက္သည္။
"ဘာယူမွာလဲ"
"ကန္စြန္း႐ြက္"
"တစ္စီး သုံးရာ"
"ႏွစ္စည္း"
ေမွာင္ခိုကုန္စိမ္းသည္ ဘ၀ေခတၱေရာက္ေနရွာသည့္ အဖြားခင္က အုပ္ထားေသာ ပုဆိုးကို လွပ္ကာ ကန္းစြန္း႐ြက္ႏွစ္စည္း ထုတ္ေပး၏။

ဒီပုဆိုးႀကီးက သူ႔လင္ အဘိုးႀကီး ပုဆိုးလားမသိ ဟု ေတြးမိလိုက္သည္။
ဪ..ဒီဗိုင္းရပ္စ္ေၾကာင့္ ငါတို႔မွာ အဖြားခင္ လင္ ရဲ႕ ပုဆိုးေအာက္က ကန္းစြန္း႐ြက္ စားဖူး ရတယ္၊ အဘိုးႀကီးကေတာ့ ေရမွန္မွန္ခ်ိဳးမွာပါ ဟုပင္ ႀကံဖန္ အေကာင္းေတြးကာ ‌ေျဖသိမ့္ရေတာ့ ၏။
လက္ဘက္ရည္ဆိုင္ေရွ႕ ေရာက္ၿပီ။
ဆိုင္ေရွ႕မွာ ဝါးလုံးတန္းႀကီး ကာထား၏။
"ပါဆယ္သာ ေရာင္းပါသည္"
အိမ္း ဒီလိုမွေပါ့။
ဒီလိုမွေပါ့ ပင္ မဆုံးလိုက္ လက္ဖက္ရည္ဆိုင္ေဘး ရထားသံလမ္းေပၚတြင္ လူေတြ ဟိုတစ္စု၊ ဒီတစ္စု။
ထိုင္လ်က္ေကာ၊ ထလ်က္ပါ စကားေတြ ေဖာင္ဖြဲ႕လို႔။
လက္ထဲမွာ လည္း လက္ဖက္ရည္ခြက္ေလး ကိုယ္စီႏွင့္။
ဪ..ဟုတ္ရွာသား။ လက္ဖက္ရည္သမား မဟုတ္ေသာ္ျငား မိဘေတြက လက္ဖက္ရည္ဆိုင္ ဖြင့္ခဲ့ဖူးသည္မို႔ လက္ဖက္ရည္သမားေတြအေၾကာင္း ေကာင္းေကာင္းသိသည္။
လက္ဖက္ရည္ေသာက္သည္ဆိုတာ ဂြပ္ခနဲေမာ့ ဝွစ္ခနဲ ျပန္လွည့္သြားလွ်င္ အဘယ္မွာ အရသာ ရွိအံ့နည္း။
ပါဆယ္စြဲၿပီး အိမ္မွာ ေသာက္ရသည္ကလည္း ဘယ္မွာ ဖီလင္ရွိအံ့နည္း။
လက္ဖက္ရည္ဖီလင္ဆိုသည္မွာ ဆိုင္မွာထိုင္ရင္း၊ လမ္းမကို ေငးရင္း အႀကိဳက္တူ အေပါင္း အသင္း ေတြနဲ႔ အာေလး႐ိုက္ရင္းေသာက္မွ ဇိမ္က်သည္ မဟုတ္လား။
အခုလို ကိုဗစ္ႀကီး ေၾကာင့္ လက္ဖက္ရည္ဆိုင္က ဆိုင္ထဲ ေပးမေသာက္ရလဲ ဘာအေရးတုန္း။
ခြက္ကိုယ္စီကိုင္ၿပီး ရထားလမ္းေဘး ေလပန္းၾကေတာ့သည္ကိုး။

လက္ဖက္ရည္သမားေတြ ျမင္ေတာ့ ေဈးေရွ႕ ဘီအီးဆိုင္မွ ကိုယ့္ေဘာ္ဒါ ေဇခ်စ္သူတို႔၊  ဂရန္းေမာင္ေမာင္တို႔၊ အာစီအာမီ တို႔ အဖြဲ႕ေတြ ဘယ့္ႏွယ့္ရွိစဟု သိခ်င္လာမိသည္။
အခ်ိန္ကား ဒုတိယေမာနင္းပတ္ခ်ိန္မဟုတ္လား။
ေဈး႐ုံႀကီးထဲ မ၀င္ေသးပဲ ဘီအီးဆိုင္ဘက္ အသာ ပတ္လာမိသည္။
ေအာင္မယ္...ဘီအီးဆိုင္ အ၀ ကို စားပြဲႏွစ္လုံးျဖင့္ ပိတ္ထားၿပီး စားပြဲေပၚတြင္ ေဇ၊ ဂရန္းအမဲ၊ အာစီ အရက္မ်ိဳးစုံပုလင္းမ်ားကို တင္ထား၏။
တခါသုံး ပလက္စတစ္ခြက္ေတြကလည္း အထပ္လိုက္ေထာင္လို႔။
ပိုက္ဆံထည့္ရန္ ပလက္စတစ္ျခင္းကေလးႏွင့္။
ကိုယ့္ဆရာမ်ားက တစ္ေယာက္သုံးေပ အကြာ တန္းစီၿပီး စားပြဲေရွ႕ေရာက္သည္ႏွင့္
"မုတ္ဆိတ္ေရ...ေဇတစ္စိတ္ေဟ့"
ပိုက္ဆံကို ျခင္းထဲထည့္။
ၿပီးလ်င္ ပိုက္ဆံျခင္းေဘးက ဟန္းဂ်ယ္ျဖင့္ လက္ေဆး။
တခါသုံးခြက္ကိုယူ၊ ေဇပုလင္းထဲက အရက္တစ္စိတ္ေလာင္းထည့္၊ ပိုက္ဆံထည့္ထားသည့္ လစ္မစ္ထက္ ေက်ာ္သြားလွ်င္ မုတ္ဆိတ္မိန္းမ မေကသီက လွမ္းေအာ္။
ခြက္အၾကည္မို႔ ဘယ္ေလာက္ထည့္လဲ ျမင္ေနရသည္ကိုး။
ဒါက မေကသီ၏ ကြၽမ္းက်င္မႈစေကး။

အရက္ငွဲ႔ၿပီးၿပီဆို
ေဘးမွာ ထားေပးသည့္ ဆပ္ျပာရည္ျဖင့္ လက္ျပန္ေဆး။
ေရသန႔္ဗူးႀကီးေဘးမွ ပလပ္စတစ္ခြက္ထဲ ေရထည့္။
ကိုင္ထားသည့္ အရက္ခြက္ထဲ ေရေလးနည္းနည္းေရာ ဂြပ္ခနဲေမာ့။ၿပီးရင္ ေရကေလးနဲ႔ ပလုပ္က်င္း။
အဲ့ဒီအခ်ိန္ဆို ေနာက္တစ္ေယာက္က သူေသာက္ေနက် အရက္ကို သူ႔လစ္မစ္အတိုင္း ငွဲ႔ေနၿပီ။
အလိုေလး..ကိုယ့္လူမ်ား အရက္ေၾကာင့္ ေသမွာသာ မေၾကာက္တာ၊ ကိုဗစ္ျဖစ္ၿပီး ေသမွာေတာ့ ေၾကာက္ၾကရွာသား။
ဆိုင္ပိုင္ရွင္ မုတ္ဆိတ္လင္မယားကလည္း က်န္းမာေရးဆိုင္ရာ စီမံခန႔္ခြဲမႈ နည္းစနစ္ေတြက အလန္းစား။

ေဈး႐ုံထဲ၀င္ေတာ့ သားငါးတန္းက ရွင္းလင္းေနသည္။
ျမင္ျမင္သမွ် ၾကက္သားနဲ႔ ၾကက္ဥေတြခ်ည္း။
ဪ..ကိုဗစ္ကာလ ကံဆိုးသည္မွာ ငါတို႔လူေတြတင္မဟုတ္။
အလြယ္တကူေမြးလို႔ရသည့္ ၾကက္ေတြ ပါ ကံဆိုးရွာေလသည္တကားဟု မွတ္ယူမိေတာ့သည္။
"ရွစ္လုံးတစ္ေထာင္၊ အရင္လို ေ႐ြးယူလို႔မရဘူး"
ႏွာေခါင္းစည္းေအာက္မွ ၾကက္ဥသည္မေလး၏ အမိန႔္သံ။
နာခံေစေသာ္..ေမာင္ေမာင္ၿဗိ။
ဪ..ကိုဗစ္ ကိုဗစ္...ၾကက္ဥသည္ေတြပင္ အာဏာရွင္ျဖစ္လာေစသည့္ ကိုဗစ္ပါတကား။

                                                                        ၿဗိတိသွ်ကိုကိုေမာင္