【 နိုင်ငံတကာ‌ဆောင်းပါး 】 အာရှ-ပစိဖိတ် ဒေသအတွက် ရွှေ နှစ် ၃၀

【 နိုင်ငံတကာ‌ဆောင်းပါး 】 အာရှ-ပစိဖိတ် ဒေသအတွက် ရွှေ နှစ် ၃၀

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ Moscone စင်တာ၌ ကျင်းပသော အကြိမ် ၃၀ မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် ဆန်းသစ်မှုရှိသော၊ ပွင့်လင်းမှုရှိသော စိမ်းလန်း၍ အားလုံးပါဝင်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှုကို အခိုင်အမာဖမ်းဆုပ်ခြင်းဖြင့် ဒေသတွင်း နောက်ထပ် “ရွှေရောင် နှစ် ၃၀” ကို ကြိုဆိုဖို့ အဖွဲ့ဝင်နိုင်ငံများကို ပြောခဲ့သည်။

နှစ်ရက်တာ ကျင်းပခဲ့သည့် APEC အစည်းအဝေးသည် နိုဝင်ဘာ ၁၇ ရက် သောကြာနေ့တွင် ပြီးဆုံးခဲ့သည်။အဆိုပါအစည်းအဝေးတွင် ရှီက စီးပွားရေးခေါင်းဆောင်တွေရဲ့ ပုံမှန်အစည်းအဝေး ယန္တရားကို ထူထောင်ပြီးကတည်းက APEC သည် ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ရှေ့တန်းမှာ အမြဲရပ်တည်နေခဲ့ကြောင်း ဆိုသည်။

အာရှ-ပစိဖိတ် ဒေသတွင် အဓိကမောင်းနှင်အားအဖြစ် ရပ်တည်နေသည့် တရုတ်နိုင်ငံ၏ လာမည့်နှစ်များကို အကောင်းမြင်မှုက ကိုဗစ် နောက်ဆက်တွဲ သက်ရောက်မှုများ၊ ရုရှားကျူးကျော်မှုကြောင့် ဖြစ်လာသည့် ယူကရိန်းစစ်ပွဲ၊ ဟားမာစ်တို့ကြောင့် ဖြစ်လာသည့် ဂါဇာစစ်ပွဲများကြောင့် ထိခိုက်နေသည့် ယိုင်နဲ့နဲ့ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိခဲ့သည်။

ထို့အပြင် နိုင်ငံရေးတင်းမာမှုများကြောင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက လူချင်းမတွေ့ဖြစ်ခဲ့ကြသည့် ကမ္ဘာ့အင်အားကြီးခေါင်းဆောင်နှစ်ဦးတို့၏ ဖီလိုလီ ထိပ်သီးတွေ့ဆုံဆွေးနွေးမှုမှာ APEC အစည်းအဝေးနှင့်အတူ ဖြစ်လာခဲ့သဖြင့် ပြိုင်ဆိုင်မှုနှင့် နိုင်ငံရေးတင်းမာမှု ပြင်းထန်နေသည့် ယနေ့ကမ္ဘာအတွက် သက်သာရာရခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ နိုင်ငံရေးတည်ငြိမ်မှ ဖြစ်လေရာ တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုပြေလျော့ကာ ပူးပေါင်းဆောင်ရွက်မည့် အလားအလာ ပေါ်ထွက်လာခြင်းသည် ယခုနှစ် APEC အစည်းအဝေး၏ ထူးခြားမှုပင်ဖြစ်သည်။

ရှီက တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ကာ ဖွံ့ဖြိုးတိုးတက်မှု အတူဖော်ဆောင်သည့် သဘောတရားကို အခြေခံသည့်  အနာဂတ် အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်ရေးနှင့် စီးပွားရေးအားကောင်းလာစေမည့် ရွှေရောင် နှစ် ၃၀ ဖော်ဆောင်ရေး အချက် ၄  ချက်ကို အဆိုပါ APEC အစည်းအဝေးတွင် ပြောခဲ့သည်။  

အဆိုပါအချက် ၄ ချက်သည် ယနေ့အချိန်တွင် လိုအပ်နေသည့် လမ်းပြမြေပုံဖြစ်သည်။ရှီက အာရှ-ပစိဖိတ် နိုင်ငံများအနေဖြင့် လာမည့်နှစ်များတွင် ဆန်းသစ်တီထွင် မောင်းနှင်မှုအား လက်ကိုင်စွဲထားခြင်း၊ တံခါးဖွင့်မှုလမ်းညွှန်ချက်အား လက်ကိုင်စွဲထားခြင်း၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအား လက်ကိုင်စွဲထားခြင်း၊ ယေဘုယျအကျိုးဖြစ်၍ အတူမျှဝေမှုအား လက်ကိုင်စွဲထားရန် တိုက်တွန်းခဲ့သည်။ရှီ၏ အဆိုပါအချက် ၄ ချက်သည် အရှိန်အဟုန်ရနေသည့် ကမ္ဘာ့စီးပွားရေး ဦးဆောင်ဒေသဖြစ်သော အာရှ-ပစိဖိတ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို နောက်ထပ် ဆယ်စုနှစ်သုံးခုကြာ အကျိုးဖြစ်ထွန်းစေရန် အထောက်အကူဖြစ်စေသည်ဟု နိုင်ငံတကာစီးပွားရေးပညာရှင်များက လက်တွေ့ကျကျ သုံးသပ်ခဲ့သည်။  

ဒေသတွင်း တိုးတက်ဖွံ့ဖြိုးရေးသည် တည်ငြိမ်အေးချမ်းမှသာ မျှော်မှန်းနိုင်မည်ဖြစ်သည်။ရှီနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ကြား ရင်းနှီးသော ထိပ်သီးဆွေးနွေးပွဲက ထွက်ပေါ်လာသော ရလဒ်များက ဒေသတွင်း တင်းမာမှုများ လျော့ပါးလာဖို့ အခြေခံကောင်းများဖြစ်ပြီး ပဋိပက္ခများ၊ ကွဲလွဲမှုများကို ကောင်းမွန်သော အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုများဖြင့် စားပွဲဝိုင်းတွင် ဆွေးနွေးရန် ဆန္ဒရှိနေကြောင်းကို နှစ်ဖက်စလုံးက ထုတ်ဖော်ပြောထားသည်။

ထိုအစည်းအဝေးတွင် ရှီက ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် တရုတ်နိုင်ငံ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။တရုတ်နိုင်ငံ၏ ခေတ်မီတိုးတက်မှုသည် ကမ္ဘာ့နိုင်ငံအားလုံး၏ ခေတ်မီတိုးတက်ရေးအတွက် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ပြီး၊ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုတွင် အောင်မြင်မှုအသစ်များနှင့် ဒေသတွင်း၏ နောက်ထပ် “ရွှေရောင် အနှစ် ၃၀” အတွက် အခြားသော APEC ခေါင်းဆောင်များနှင့် လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။

2023 APEC ခေါင်းဆောင်များ၏ Golden Gate ကြေငြာစာတမ်းတွင် ပူးတွဲကြေညာချက်တွင် အဖွဲ့ဝင် ၂၁ နိုင်ငံမှ ခေါင်းဆောင်များက ပွင့်လင်းမြင်သာမှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆက်လက်ကြိုးပမ်းသွားရန် ကတိကဝတ်ပြုခဲ့ကြပြီး၊ ခံနိုင်ရည်ရှိသော၊ ထိရောက်မှု၊ ရေရှည်တည်တံ့မှုနှင့် ပွင့်လင်းမှုရှိသော ထောက်ပံ့ရေးကွင်းဆက်များနှင့် ပိုမိုကောင်းမွန်သော သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုများကို တွန်းအားပေးရန်၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမည်ဟု ဖော်ပြထားသည်။

အာရှ-ပစိဖိတ်ဒေသအတွက် ရွှေရောင်အနာဂတ် တည်ဆောက်ခြင်းဖြင့် ဒေသတွင်းတွင် စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင်ဖန်တီးရေးနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်ပေးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။ဒေသတွင်းနိုင်ငံများအနေဖြင့် ၎င်းတို့၏ အရွယ်အစား (သို့မဟုတ်) အာဏာ မည်မျှပင်ရှိစေကာမူ နိုင်ငံအားလုံးသည် တန်းတူညီမျှသော မိတ်ဖက်များဖြစ်ကြပြီး ယင်းဒေသသည် ယခုအခါ ကမ္ဘာ့စီးပွားရေး နှေးကွေးမှု၊ ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်လာမှု၊ ရာသီဥတုပြောင်းလဲမှု၊ မညီမျှမှုနှင့် ဆင်းရဲမွဲတေမှု စသည့် စိန်ခေါ်မှုများကို တန်းတူရင်ဆိုင်နေရသဖြင့် ဒေသတွင်း၏ အနာဂတ်ကို ပုံဖော်ရာတွင် တန်းတူအသံထွက်ခွင့် ရှိရမည်ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများပါဝင်သည့် အာရှ-ပစိဖိတ်ဒေသ၏ အနာဂတ်ကို ပုံဖော်ရာတွင် ဒေသတွင်းနိုင်ငံများ၏ အသံများသည်လည်း အရေးပါသည်။

တရုတ်က ခေတ်မီတိုးတက်ခြင်း၏ အမြတ်ဝေစုကို လူအနည်းငယ်မျှဖြင့် ကန့်သတ်မထားဘဲ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသည့် အာရှ-ပစိဖိတ်ဒေသ စုပေါင်းကံကြမ္မာမျိုးကို မျှော်မှန်းထားသည်။လူဦးရေ ၂.၉၅ ဘီလီယံခန့် နေထိုင်သည့် အဖွဲ့ဝင် ၂၁ နိုင်ငံ ပါဝင်သော APEC သည် ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၆၂ ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှု၏ ၄၈ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် သိသာထင်ရှားသော တည်ရှိမှုကို ထိန်းချုပ်ထားရာ တရုတ်၏ တိုးတက်ခေတ်မီမှုကို ‘မျှဝေမှု’ သည် ဒေသတွင်းနိုင်ငံများအတွက် အရေးပါသော အခြေခံတရားဖြစ်လာသည်။

ထို့ကြောင့် လွတ်လပ်မှု၊ ပွင့်လင်းမှု၊ တရားမျှတမှု၊ ခွဲခြားမှုကင်းရှင်းမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှုနှင့် ကြိုတင်ခန့်မှန်းခြင်းတို့ဖြင့် ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို မြှင့်တင်မည့် ကတိကဝတ်ကို APEC ၏ စီးပွားရေး ၂၁ နိုင်ငံက လက်ခံအတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုကတိကဝတ်သည် လာမည့် နှစ် ၃၀ အတွင်း ရွှေအခွင့်အရေးကို ထပ်မံဖမ်းဆုပ်နိုင်ရန် ဖန်တီးကြဦးမည်ဆိုသည့် သဘောတူညီချက်ပင်ဖြစ်သည်။

ထို့အခွင့်အရေးကို ဖမ်းဆုပ်နိုင်ရန် APEC သည် ဒေသဆိုင်ရာ ပွင့်လင်းမြင်သာမှုဖြင့် အာရှ-ပစိဖိတ်ဒေသ၏ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ (FTA) ထူထောင်ရေးကို တွန်းအားပေးရန် လိုအပ်ပြီး ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP) နှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး ဘက်စုံတိုးတက်ရေး သဘောတူညီချက် (CPTPP) တို့ကို အလားအလာရှိသော အခြေခံအချက်အဖြစ် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ဤအခြေခံမူများကို လိုက်နာခြင်းဖြင့် APEC သည် အာရှ-ပစိဖိတ် ဒေသတွင်းရှိ မတူကွဲပြားသော နိုင်ငံများ၏ လိုအပ်ချက်များနှင့် ရည်မှန်းချက်များကို ထင်ဟပ်စေသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။

APEC သည် ပွင့်လင်းသော ဒေသစံနစ်ပုံစံကို ပံ့ပိုးပေးရမည်ဖြစ်ပြီး အာရှ-ပစိဖိတ် FTA ထူထောင်ရန် တက်ကြွစွာ လုပ်ဆောင်ရမည်ဖြစ်သည်။တိုးတက်ပြောင်းလဲနေသော စီးပွားရေးအခင်းအကျင်းများကြားတွင်၊ ပြည်တွင်းနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများအတွက် အဆင်ပြေစေမည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ရာတွင် တံခါးဖွင့်ဝါဒနှင့် ရေရှည်တည်တံ့သော တိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ထိတွေ့ဆက်ဆံမှုဆီသို့ သွားရမည်ဖြစ်သည်။ထို့အပြင်  အဓိကစီးပွားရေးနိုင်ငံများကြား တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာမှုကလည်း ကမ္ဘာ့စီးပွားရေးအတွက် တည်ငြိမ်ပြီး အပြုသဘောဆောင်သော လမ်းကြောင်းတစ်ခုအဖြစ် ရှိနေသည်ကို ပြနေသည်။

သို့ ဖြစ်ရာ စျေးကွက်ဦးတည်သော၊ ဥပဒေအခြေခံနှင့် ကမ္ဘာ့အဆင့်မီ စီးပွားရေးပတ်ဝန်းကျင်ကို မွေးမြူရန် တရုတ်နိုင်ငံ၏ မဟာဗျူဟာအမြင်ရှိသည့် ကတိကဝတ်ကြောင့် လာမည့် နှစ် ၃၀ တွင် APEC ဒေသသည် ကမ္ဘာ့စီးပွားရေးအချက်အချာ ဒေသအဖြစ် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ပေသည်။၏

လင်းသစ်အောင်