【 နိုင်ငံတကာဆောင်းပါး 】 အေပက် ရှေ့အလားအလာနှင့် တရုတ်အခန်းကဏ္ဍ

【 နိုင်ငံတကာဆောင်းပါး 】 အေပက် ရှေ့အလားအလာနှင့် တရုတ်အခန်းကဏ္ဍ

နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သော ဆန်ဖရန်စစ္စကို အကြိမ် ၃၀ မြောက် အေပက်အစည်းအဝေးမှာ တက်ရောက်လာသော အဖွဲ့ဝင် ၂၁ နိုင်ငံမှ ခေါင်းဆောင်များ၏ ရွှေရောင်သော့ချက် (Golden Gate) ကြေညာချက်နှင့်အတူ ပြီးဆုံးခဲ့ပြီဖြစ်သည်။
 
ယခုနှစ် APEC စည်းဝေးပွဲကို “အားလုံးအတွက် ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့သော အနာဂတ်ကို ဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် အဖွဲ့ ဝင် ၂၁ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
 
အဖွဲ့ဝင်များနှင့် နိုင်ငံတကာက တရုတ်ခေါင်းဆောင်၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် နှစ်ဖက်တွေ့ဆုံရန်ညစီစဉ်ထားသောကြောင့် ရှီ၏ တက်ရောက်မှုကို အလွန်အမင်း မျှော်လင့်ထားခဲ့သည်။
 
အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်ခေါင်းဆောင်များ ဆန်ဖရန်စစ္စကိုတွင် တွေ့ဆုံရာတွင် အပြန်အလှန်ဆက်နွယ်မှုနှင့် အားလုံးပါဝင်နိုင်သော ခံနိုင်ရည်ရှိသော စီးပွားရေးကို တည်ဆောက်ရန် အာရုံစိုက်ခဲ့ကြသည်။ 
 
APEC ထိပ်သီးအစည်းအဝေးတွင် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က ရာသီဥတုပြောင်းလဲမှုနှင့် ထောက်ပံ့ရေးကွင်းဆက် အန္တရာယ်များကို အရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
 
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အဖွင့်မိန့်ခွန်းတွင် “ကျွန်တော်တို့ မလုပ်ဘူးဆိုရင် ဖြစ်ပေါ်လာမယ့် လက္ခဏာတွေကို နိုင်ငံတိုင်းက မြင်နေရတယ်” ဟု ပြောခဲ့သည်။ဘိုင်ဒင်က မိုးခေါင်ခြင်းများ၊ ရေကြီးရေလျှံခြင်းများ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ အပူချိန်မြင့်မားလာခြင်းနှင့် မမျှော်မှန်းနိုင်သော ရာသီဥတုပုံစံများ ပိုမိုများပြားလာခြင်းကို ရည်ညွှန်းပြီး အတူတကွ လုပ်ဆောင်ခြင်းဖြင့်သာလျှင် နိုင်ငံအနေဖြင့် စစ်မှန်သည့် တိုးတက်မှုများ စွမ်းဆောင်နိုင်မည်ဖြစ်သလို ကမ္ဘာကြီးပူနွေးမှု ကန့်သတ်ချက်ပန်းတိုင်ကိုလည်း ရောက်ရှိနိုင်မည်ဟု ပြောခဲ့သည်။
 
ဘိုင်ဒင်က “ကျွန်တော်တို့ ကမ္ဘာကြီးက အခုဘယ်လိုအကြောင်းအရာကို ဆုံးဖြတ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အရေးကြီးတဲ့ အပြောင်းအလဲအချိန်မှာ ရောက်ရှိနေပါတယ်။နိုင်ငံအနည်းငယ်အတွက်ပဲ မဟုတ်ပါဘူး။လာမယ့် ဆယ်စုနှစ်များစွာ အကျိုးဆက်အတွက်ပါ”ဟု ဆိုသည်။
 
ဆန်ဖရန်စစ္စကိုမြို့လယ်ရှိ Moscone စင်တာတွင် နိုဝင်ဘာ ၁၆ ရက်က ကျင်းပသည့် အေပက်အစည်းအဝေး ပထမနေ့တွင် ရှီက လက်ရှိ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုက “ရွှေရောင်သော့ချက်” ဖြစ်သည်ဟု ပြောခဲ့သည်။
 
အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးအတွင်း အလွတ်သဘော ဆွေးနွေးခြင်း၊ အလုပ်သဘော နေ့လယ်စာသုံးဆောင်စဉ် ရှီက မကြာသေးမီနှစ်များအတွင်း APEC သည် Putrajaya Vision 2040 ကို ထုတ်ပြန်ခဲ့ပြီး Bio-Circular-Green (BCG) စီးပွားရေးဆိုင်ရာ ဘန်ကောက်ရည်မှန်းချက်များကို တက်ကြွစွာအကောင်အထည်ဖော်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာအစိမ်းရောင်နှင့် စဉ်ဆက်မပြတ်တိုးတက်မှုအတွက် အပြုသဘော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ ကြောင်း ပြောကြားခဲ့သည်။
 
ရှီက အစိမ်းရောင်ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်ကို မြှင့်တင်ခြင်းဖြင့် တရုတ်နိုင်ငံသည် အစိမ်းရောင်အခြေခံအဆောက်အအုံ၊ အစိမ်းရောင်စွမ်းအင်၊ အစိမ်းရောင် သယ်ယူပို့ဆောင်မှုနှင့် အခြားနယ်ပယ်များ၌ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ရာသီဥတုဆိုင်ရာ အထူးရန်ပုံငွေမှ တစ် ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စွမ်းရည်မြှင့်တင်ရေးကို ပံ့ပိုးမှုပေးရန် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အေပက်နိုင်ငံခေါင်းဆောင်များကို ပြောခဲ့သည်။
 
အေပက်အစည်းအဝေး ပထမနေ့ အလွတ်သဘော ဆွေးနွေးပွဲနှင့် နေ့လယ်စာ စားပွဲတွင် အေပက်အဖွဲ့ဝင် ခေါင်းဆောင်များသည် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွား ရေးဆိုင်ရာ အခင်းအကျင်းများကို ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ရေရှည်တည်တံ့မှု၊ ရာသီဥတုနှင့် စွမ်းအင်အကူးအပြောင်းပြဿနာများကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။
 
အစည်းအဝေး ဒုတိယနေ့တွင် သမ္မတ ရှီကျင့်ဖျင်က ‘မူရင်းစိတ်ကို စွဲကိုင်ပြီး၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကာ အာရှ-ပစိဖိတ်ဒေသ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲတွန်းအားပေးခြင်း’ ခေါင်းစဉ်ဖြင့်‌ မိန့်ခွန်းပြောခဲ့သည်။
 
ရှီက အမှန်တရားဖြစ်ပါက ခဲရာခဲဆစ် ထောင်ချီသောင်းချီရှိလျှင်လည်း ကျော်လွှားပြီး ချီတက်ရမည်ဟု တရုတ်ရှေးခေတ်က စကားတစ်ခွန်းရှိကြောင်း၊ မိမိတို့သည် အာရှ-ပစိဖိတ်ဒေသပူးပေါင်းဆောင်ရွက်ရေး၏ မူရင်းစိတ်ကိုစွဲကိုင်ပြီး ခေတ်ရေစီးကြောင်းနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်၍ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ကြောင်း ပြောခဲ့သည်။
 
ရှီက Putrajaya မျှော်မှန်းချက်ကို ဘက်စုံဖော်ဆောင်ပြီး တံခါးဖွင့်သော ရှင်သန်သော ခိုင်ခံ့သော ငြိမ်းချမ်းသော အာရှ-ပစိဖိတ် အသိုက်အဝန်းကို တည်ဆောက်ကာ အာရှပြည်သူများနှင့် နောင်လာနောက်သားများ၏ ဘုံစည်ပင်သာယာရေးကို ဖော်ဆောင်ရေးအတွက် ဆန်းသစ်တီထွင်မှုဖြင့် တွန်းအားပေးရေးကိုစွဲကိုင်ခြင်း၊ တံခါးဖွင့်ရေး ဦးတည်ချက်ကို စွဲကိုင်ခြင်း၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးကို စွဲကိုင်ခြင်း၊ အတူအကျိုးခံစားရေးကို စွဲကိုင်ခြင်းစသည့် အဆိုပြုချက် ၄ ချက်ကို အဆိုပါအစည်းအဝေးတွင် တင်ပြခဲ့သည်။
 
ရှီက ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် ဆန်းသစ်မှုရှိသော၊ ပွင့်လင်းမှုရှိသော စိမ်းလန်း၍ အားလုံးပါဝင်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှုကို အခိုင်အမာဖမ်းဆုပ်ရန်နှင့် ဒေသတွင်း နောက်ထပ် “ရွှေရောင်နှစ် ၃၀” ကို ကြိုဆိုရန် အေပက်အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။ 
 
ရှီက “ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုကိုမြှင့်တင်ရန်၊ အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်မှုဧရိယာကို အရှိန်မြှင့်ရန်၊ APEC Connectivity Blueprint ကို အပြည့်အဝအကောင်အထည်ဖော်ရန်နှင့် ပွင့်လင်းသော ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေရန် မယိမ်းယိုင်ရှိနေဖို့” ပြောခဲ့ပြီး၊ “ကျွန်ုပ်တို့၏ လူမျိုးအားလုံးနှင့် အနာဂတ်မျိုးဆက်သစ်များ သာယာဝပြောရေးအတွက်” ပွင့်လင်းပြီး တက်ကြွ၊ ခံနိုင်ရည်ရှိပြီး ငြိမ်းချမ်းတဲ့ အာရှ-ပစိဖိတ် အသိုက်အဝန်းကိုတည်ဆောက်ဖို့ တောင်းဆိုခဲ့သည်။
 
ရှီက အစည်းအဝေးတွင် လွတ်လပ်ပွင့်လင်းသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန်၊ ပွင့်လင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဗဟိုပြုသော နိုင်ငံစုံကုန်သွယ်မှုစနစ်အား ပံ့ပိုးပေးပြီး အားကောင်းလာစေရန်နှင့် ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ၏ တည်ငြိမ်မှုနှင့် ချောမွေ့ စွာ စီးဆင်းမှုကို ထိန်းသိမ်းရန် APEC အဖွဲ့ဝင်များအားလုံးကိုလည်း တောင်းဆိုခဲ့သည်။  
 
ရှီ၏ အေပက်ခရီးစဉ်သည် အာရှ-ပစိဖိတ်ဒေသအတွက် များစွာသော အရွေ့ကို ဖြစ်စေခဲ့သည်။ 
 
အေပက်၏ အစည်းအဝေးအပြီး Golden Gate ကြေညာချက်တွင် အစည်းအဝေး နှစ်ရက်တာအတွင်း ရှီ အလေးပေးပြောကြားခဲ့သည့် အချက်များ ပါဝင်လာခဲ့သည်။ 
 
Golden Gate ကြေညာစာတမ်းတွင် နည်းပညာနှင့် စီးပွားရေးတိုးတက်မှုများကို အသုံးပြုပြီး ဒေသတွင်း၌ ကြီးမားသော မူလစွမ်းအားနှင့် ရှင်သန်စွမ်းအားများကို ဆက်လက်ဖော်ဆောင်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို တိုးမြှင့်၍ ရာသီဥတုပြောင်းလဲမှုအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုအားလုံးကို ရင်ဆိုင်ဖြေရှင်းရမည်ဟု ဖော်ပြထားသည်။
 
သို့ဖြစ်ရာ အကျပ်အတည်းပေါင်းစုံ၊ တင်းမာမှု ပုံသဏ္ဍာန်ပေါင်းစုံ ကြုံနေရသည့် အာရှ-ပစိဖိတ်အတွက် လာမည့် “ရွှေရောင် နှစ် ၃၀” အတွက် အေပက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဆိုပြုချက်များ အကြံပြုခဲ့ရာ လက်တွေ့ကျသဖြင့် အဖွဲ့ဝင်နိုင်ငံများက လက်ခံခဲ့သည်ကို တွေ့ရလေသည်။
 
လင်းသစ်အောင်